ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း

(၈) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက် နေပြည်တော်

 

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-

လွန်ခဲ့တဲ့(၈)နှစ်က  အခုလိုအချိန်မှာ  တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement–NCA)မှာ ပါဝင်ကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းနဲ့နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်ထောင်စုကြီး အတွင်းမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနဲ့ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအကျိုးကို ဆတက်ထမ်းပိုးထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

 

ဒီနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) စာချုပ်ချုပ်ဆိုခဲ့တဲ့ (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ ပထမအစိုးရလက်ထက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်းနဲ့ ဆက်လက် ဆွေးနွေးမှုများကရရှိလာတဲ့ ရလဒ်တွေကိုအခြေခံပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ NCA စာချုပ်ဆွေးနွေးညှိနှိုင်းရေးဆွဲရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လိုလားချက် တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းတွေပြုလုပ်ပြီး နိုင်ငံတော်အဆင့် သဘောတူညီချက်စာချုပ်အဖြစ် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ မြန်မာ့သမိုင်း စဉ်တစ်လျှောက်မှာမရှိဖူးတဲ့ လိုက်လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု၊ ငြိမ်းချမ်းရေးကိုလိုလားမှုတို့အတွက် သမိုင်းမှတ်တိုင်လည်း ဖြစ်ပါတယ်။

 

NCA စာချုပ်ဟာ လွယ်လင့်တကူဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်တဲ့ နေ့ကစပြီး NCA စာချုပ် ရရှိသည်အထိရက်ပေါင်း ၁,၄၅၀ မျှ ကြာမြင့်ခဲ့ပါတယ်။ အဲဒီကာလအတွင်း အစည်းအဝေးတွေ၊ တွေ့ဆုံညှိနှိုင်းမှုတွေ စုစုပေါင်း အကြိမ် ၅,၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ရပါတယ်။ ဒီလိုကြိုးစားပြီး ဆောင်ရွက်ခဲ့ တာကြောင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာ NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထား တဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမည့်စာချုပ်ဖြစ်တာကြောင့် တပ်မတော် အနေနဲ့ NCA စာချုပ်အပေါ်မှာသာ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်လာခဲ့တာ နှစ်ပေါင်း ၇၅ နှစ်ကျော်လွန် ခဲ့ပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဘာ့ကြောင့်ဖြစ်ပွားနေရတာလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်ဖို့လည်း လိုပါလိမ့်မယ်။ သမိုင်းကြောင်းကိုသိမှ ပစ္စုပ္ပန်ကာလမှာ အားနည်းချက်တွေကိုသိမြင်ပြီး အနာဂတ်အတွက် အကျိုး ဖြစ်ထွန်းစေမှာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ကြီးကို နယ်ချဲ့အင်္ဂလိပ်တို့ဟာ ၁၈၂၄ ခုနှစ်က စလို့ မတရားကျူးကျော်စစ် သုံးကြိမ်ပြုခဲ့ပြီး သူ့ကျွန်ဘဝကို သွတ်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံကို အရှည်သဖြင့် ကျွန်ပြုနိုင်ဖို့အတွက် ၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အထက်မြန်မာပြည်ဥပဒေကို စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၈၈၈ ခုနှစ်မှာ ရှမ်းပြည်နယ်အက်ဥပဒေ၊ ၁၈၈၉ ခုနှစ်၊ စက်တင်ဘာလမှာ မြန်မာပြည်ကျေးရွာဥပဒေ၊ ၁၈၉၅ ခုနှစ်မှာ ကချင်တောင်တန်း လူမျိုးစုများစည်းမျဉ်းဥပဒေ၊ ၁၈၉၆ ခုနှစ်မှာ ချင်းတောင်တန်း စည်းမျဉ်းဥပဒေ၊ ၁၉၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်ကိုအုပ်ချုပ်ဖို့ ပဒေသရာဇ်ကောင်စီကိုဖွဲ့စည်းပြီး ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း ခွဲခြားခြင်းစသည်ဖြင့် တောင်ပေါ်မြေပြန့် တစ်ခုချင်းစီကို ဥပဒေတွေပြဋ္ဌာန်းပြီး နှစ်ပေါင်းတစ်ရာကျော် သွေးခွဲ အုပ်ချုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာပြည်မကို အုပ်ချုပ်ရာမှာလည်း ကွဲပြားခြားနားမှုများပြားအောင် လုပ်ဆောင်ခဲ့တာတွေ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ “၉၁ ဌာန အုပ်ချုပ်ရေးစနစ်”မှာ ၎င်းတို့ အုပ်ချုပ်ရေးကို အထောက်အကူပြုဖို့ အောက်လွှတ်တော်မှာ အမတ် ၁၃၂ ဦး ရွေးချယ်ရပါတယ်။ ဒီလိုရွေးချယ်ရာမှာ မြန်မာပြည် မြို့ကြီးများမှ ၁၃ ဦး၊ တောမြို့-တောနယ်မှ ၇၈ ဦး၊ ကရင်တောနယ်မှ ၁၂ ဦး၊ အိန္ဒိယ ၁ ဦး၊ အင်္ဂလိပ်ကပြား ၂ ဦး၊ အိန္ဒိယကုန်သည်အသင်း ၂ ဦး၊ တရုတ်ကုန်သည်အသင်း ၁ ဦး၊ မြန်မာကုန်သည်ကြီးများအသင်း ၅ ဦးစသဖြင့် ထည့်သွင်းထားတာကို တွေ့ရပါတယ်။ တိုင်းရင်းသားလူမျိုးများစွာ ပျံ့နှံ့စုပေါင်းနေထိုင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုရွေးချယ်မှုဟာ ဘာကို ဦးတည်စေသလဲဆိုတာ သတိပြုမိနိုင်မှာဖြစ်ပါတယ်။ အဲဒီလို နှစ်ပေါင်းရာချီပြီးသွေးခွဲခဲ့တာ ကြောင့် တိုင်းရင်းသားအချင်းချင်း သူစိမ်းပြင်ပြင် ဖြစ်ခဲ့ရုံသာမက ယုံကြည်မှုတွေလျော့နည်းခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

 

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိပြီးစမှာ နိုင်ငံရေးပါတီတွေရဲ့ အာဏာလွန်ဆွဲမှုတွေဟာ ပြင်းထန်လာခဲ့တာကို တွေ့ရှိရပါတယ်။ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဗမာပြည် ကွန်မြူနစ်ပါတီဟာ နိုင်ငံရေး သဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာကစလို့ပြည်တွင်း စစ်မီး စတင်တောက်လောင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ မိမိထက်အဆမတန်အင်အားများတဲ့ ရောင်စုံ သောင်းကျန်းသူတွေကိုတိုက်ခိုက်ခဲ့ရပါတယ်။ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမပေါ်မှာရှိတဲ့  ကွန်မြူနစ်သောင်းကျန်းသူ တွေကို တပ်မတော်နဲ့ ပြည်သူလက်တွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် သောင်းကျန်း သူတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်တွေကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ ကွန်မြူနစ်တွေဟာ အဲဒီဒေသမှာ ရှိတဲ့ ရိုးသားတဲ့တိုင်းရင်းသားတွေကို အဓမ္မလူသစ်စုဆောင်းကြရုံသာမက “အစိုးရဆန့်ကျင်ရေး”နဲ့ “လူမျိုးစု လွတ်မြောက်ရေး” စတဲ့ နိုင်ငံရေးမှိုင်းတွေနဲ့ သွေးထိုးခဲ့ကြပါတယ်။ ရိုးသားတဲ့တိုင်းရင်းသားတွေအပေါ် နယ်ချဲ့တို့ရဲ့ နှစ်ပေါင်းများစွာ သွေးခွဲခဲ့မှုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ “လူမျိုးစုလွတ်မြောက်ရေး” ဆိုတဲ့ သွေးထိုးမှုတွေကြောင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ တစ်စတစ်စပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။ တပ်မတော်ကို မုန်းတီးလို့ပေါ်ပေါက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ယနေ့အထိမရှိခဲ့ပါဘူး။ နိုင်ငံရေး အယူအဆကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေရခြင်းသာ ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို သုံးသပ်ကြည့်ရင် လည်း လွတ်လပ်ရေးရပြီးခါစ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုးဖြစ်နေတာကိုလည်း တွေ့ရှိရပါ တယ်။ ဒီမိုကရေစီရေးကို  ဆောင်ရွက်နေပါတယ်ဆိုသူတွေကိုယ်တိုင် မဲမသမာမှုတွေဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျ ဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုး ပင့်ကော်ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာ မြန်မာပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေတာ၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေတာပဲ ဖြစ်ပါတယ်။ ဒါတွေကို အားလုံးက သတိပြုမိစေလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမို ကရေစီစနစ်ကို မလွဲမသွေဆက်လက်လျှောက်လှမ်းသွားမှာပဲ ဖြစ်ပါတယ်။ ဒီလိုလျှောက်လှမ်းနိုင်ဖို့ လွတ်လပ်ပြီးတရား မျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင် ရေးလိုအပ်တဲ့ပြင်ဆင်မှုတွေ၊ အခင်းအကျင်းတွေကို ဆက်လက်ဆောင်ရွက်လျက်ရှိနေပါတယ်။ မဲဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒမှန်ကိုထုတ်ဖော်နိုင်တဲ့ လွတ်လပ်တရား မျှတတဲ့ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလည်း အလေးအနက် ပြောကြားလိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

လွတ်လပ်ရေးရရှိပြီးချိန်ကစလို့ နိုင်ငံတော်ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းကိုလည်း ပြန်လည်သုံးသပ်ကြည့်ဖို့လည်း လိုပါတယ်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်၊ ၁၉၆၂ ခုနှစ် မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေး ကောင်စီအစိုးရလက်ထက် ဆိုရှယ် လစ်စနစ်အုတ်မြစ်ချသည့်ကာလ၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆိုရှယ်လစ်စနစ်၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေး အခြေခံ အုတ်မြစ်ချသည့် ကာလတို့ကို ဖြတ်သန်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ယနေ့အထိကာလဟာ ဒီမိုကရေစီစနစ် လျှောက်လှမ်း နေဆဲကာလပဲ ဖြစ်ပါတယ်။တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို ခေတ်အဆက်ဆက် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။

 

တပ်မတော်အစိုးရလက်ထက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေးရယူနိုင်ခဲ့ရုံသာမက လက်နက်နဲ့ ငြိမ်းချမ်းရေး အပြီးတိုင်လဲလှယ်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေလည်းရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးနီးပါး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တဲ့အထိရှိခဲ့လို့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ငြိမ်းချမ်းရေးရဲ့အရသာကို လက်တွေ့ ခံစားခဲ့ကြရပါတယ်။ အဲဒီခေတ်ကတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား နိုင်ငံရေး အရောင်အသွေးမပါဘဲ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး “နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းရမည်” ဆိုတဲ့ တူညီတဲ့ သဘောထား တစ်ထပ်တည်းရှိနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီကာလငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ NCA စာချုပ်ကဲ့သို့ ခိုင်မာမှု၊ တရားဝင်မှုရှိတဲ့ စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ ကတိကဝတ်များနဲ့သာ ဆောင်ရွက် ခဲ့ကြတာဖြစ်ပါတယ်။ ယခုထိ ဒီသဘောတူညီချက်၊ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းနေတဲ့ အဖွဲ့အစည်း များလည်း ရှိပါတယ်။ ဒီအဖွဲ့များကိုလည်း ခိုင်မာလေးနက် တရားဝင်မှုရှိတဲ့ NCA လမ်းကြောင်းအပေါ် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

နိုင်ငံတစ်နိုင်ငံရဲ့စနစ်တစ်ခုကို ပြောင်းလဲလျှောက်လှမ်းရာမှာ အစိုးရက ပြောင်းလဲလို့မရပါဘူး။ ပြည်သူ့ဆန္ဒပါမှ ပြောင်းလဲလို့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုရှယ်လစ်စနစ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ပြည်လုံးကျွတ် ဆန္ဒခံယူမှု ပြုလုပ်ခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူ ၉၀ ဒသမ ၁၉ ရာခိုင်နှုန်း ရဲ့ထောက်ခံမှုနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို လျှောက်လှမ်းခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တစ်ပါတီစနစ်မှ ပြည်သူလူထုတောင်းဆိုလာတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် လိုအပ် တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားကိုယ်စားလှယ်ကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ စုပေါင်းညှိနှိုင်း ရေးဆွဲပြီး ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ ပြည်လုံးကျွတ် ဆန္ဒခံယူခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံမှုရရှိခဲ့တာကြောင့် ယနေ့ပြဋ္ဌာန်းကျင့်သုံးနေတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

 

ဒီနေရာမှာ NCA စာချုပ်ရဲ့ဖြစ်ပေါ်လာပုံနဲ့ သဘောတရား၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပေါ်လာပုံနဲ့ သဘောတရားတွေ ကို ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။ NCA စာချုပ်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား ကတိကဝတ်ပြုသဘောတူညီချက်၊ သဘောတူစာချုပ်ဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကတော့ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအကြား အာမခံချက်ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ အဖွဲ့အစည်း ၂ ခုအကြား သဘောတူညီချက် ကတိကဝတ်ဟာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား ပြည်သူလူထု အားလုံးအပေါ်မှာထားရမယ့် သဘောတူညီချက်၊ အာမခံချက်ပြုထားတဲ့ ဥပဒေအပေါ်မှာ လွှမ်းမိုးဖို့မသင့်ပါဘူး။ ဆိုလိုတာက NCA ကို အလေးအနက်ထားရမှာ ဖြစ်ပေမယ့် NCA စာချုပ်ကနေတစ်ဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်ရာမှာ အခြေခံဥပဒေပါပြဋ္ဌာန်းချက် များအတိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထင်မြင်ချက်၊ ယူဆချက်၊ လိုလားချက် တွေကို တူညီဆန္ဒများအဖြစ် စုစည်းဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီအထဲက အခြေခံဥပဒေကို ပြင်ဆင်ရမယ့်အချက်များ ပါလာရင် နောင်ဖြစ်ပေါ်လာမယ့် လွှတ်တော်အသီးသီးကတစ်ဆင့် အဆုံးအဖြတ်ကို ခံယူဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရာမှာလည်း ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ဒီနေ့အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ ခု ကျင့်သုံးခဲ့တဲ့အနက် ပထမဆုံးကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံ လွတ်လပ် ရေးရဖို့ကိုရည်ရွယ်ပြီး အငြင်းပွားဖွယ်ရာများနဲ့ အဆောတလျင် ရေးဆွဲခဲ့ရတဲ့အပြင် တိုင်းပြုပြည်ပြုလွှတ်တော်မှာသာ အတည်ပြု ထားတဲ့ ဥပဒေဖြစ်ပါတယ်။ နယ်ချဲ့တွေဟာ မြန်မာနိုင်ငံကို ဥပဒေအမျိုးမျိုး၊ အုပ်ချုပ်မှုစနစ်အမျိုးမျိုးနဲ့ သွေးခွဲအုပ်ချုပ်ခဲ့တဲ့အပြင် လွတ်လပ်ရေးပေးရာမှာလည်း တောင်တန်း၊ ပြည်မခွဲခြားပေးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ၁၉၄၁-၁၉၄၃ ခုနှစ် ဘီအိုင်အေ(BIA) ၊ ဘီဒီအေ (BDA) ခေတ်မှာ “လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည်တတိယ”ဆိုပြီး နိုင်ငံရေးရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ပါ တယ်။ လွတ်လပ်ရေးအကြိုကာလ ၁၉၄၃-၁၉၄၅ ခုနှစ် ဘီအင်န်အေ(BNA)၊ ပီဘီအက်ဖ် (PBF)ခေတ်မှာ “လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ဝါဒရေးသည် တတိယ” ဆိုပြီး နိုင်ငံရေးရည်မှန်း ချက်ထားဆောင်ရွက်ခဲ့ပါတယ်။ သတိပြုစရာက လွတ်လပ်ရေးမရခင် အဲဒီခေတ်ကတည်းက မြန်မာနိုင်ငံဟာ ဆိုရှယ်လစ်စနစ် တည်ထောင်ရေးကို ရည်မှန်းချက်ရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။

 

သို့သော် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဆိုရှယ်လစ်စနစ်နဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်မျိုး မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုတာ သမိုင်းအထောက်အထားတွေနဲ့ ပြန်လေ့လာကြည့်မယ်ဆိုရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဟာ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ လန်ဒန်မှာချုပ်ဆိုခဲ့တဲ့ အောင်ဆန်း-အက်တလီစာချုပ်ကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ကြောင်း တွေ့ရပါတယ်။ အဲဒီအချိန်မှာ လွတ်လပ်ရေးအမြန်ဆုံးရရှိဖို့သည်သာ အဓိကလို့ အဖွဲ့အစည်းအသီးသီးက ခံယူကြိုးစားနေချိန်လည်း ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလမှာကျင်းပမယ့် ဗြိတိသျှ ပါလီမန်အစည်းအဝေးမှာ မြန်မာနိုင်ငံလွတ်လပ်ရေးဥပဒေကြမ်း (Burma Independence Bill)ကို တင်သွင်းနိုင်မှသာ ပါလီမန်အစည်းအဝေးက အတည်ပြုတဲ့ အခွင့်အရေးရမှာလည်း ဖြစ်ပါတယ်။ ဒါမှလည်း လွတ်လပ်ရေးအမြန်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းများအနေနဲ့ ဗြိတိသျှတို့အလိုကျထည့်ပေးခဲ့ရတဲ့ ပြဋ္ဌာန်းချက်များစွာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီကာလမှာ ဆိုရှယ်လစ်စနစ်ဆိုတဲ့ အသုံးအနှုန်းသာပါဝင်ခဲ့ရင် တိုင်းပြည်လွတ်လပ်ရေးရရှိဖို့ နှောင့်နှေးဖို့လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အဲဒီခေတ်က ဗြိတိသျှတို့ကျင့်သုံးနေတဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို အတုအယောင် လွတ်လပ်ရေးလို့စွပ်စွဲပြီး လွတ်လပ်ရေးရပြီး ၃ လခန့်အကြာမှာ တောခိုလက်နက်ကိုင် ဆန့်ကျင် ခဲ့ကြတာဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးသဘောထားကွဲလွဲမှု၊ အယူအဆ ရေးရာကွဲလွဲမှုတွေကစပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ စတင်လာခဲ့တာတွေ့ပါတယ်။ ဒါကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ လက်ဝဲ ညီညွတ်ရေးကောင်စီကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မူလက လက်ဝဲညီညွတ်ရေးမူ (၁၅)ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အနောက်နိုင်ငံအချို့ရဲ့ ဖိအားပေးမှုတွေကြောင့် အချို့အချက်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒါတွေ ကိုကြည့်ရင် အနောက်နိုင်ငံများရဲ့ ဝင်ရောက်စွက်ဖက်မှု ဘယ်လောက်ရှိခဲ့တယ်ဆိုတာ ထင်ရှားတဲ့သာဓကပဲ ဖြစ်ပါ တယ်။ ဒီလိုတိုက်ရိုက်စွက်ဖက်မှု၊ သွယ်ဝိုက်စွက်ဖက်မှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် ကျင့်သုံးမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်ခွင့် စတာတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စုအတွက် အန္တရာယ်ရှိနိုင်တယ်လို့ သတိထားသင့်ကြောင်း ၁၉၄၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ တောင်တန်း ဒေသစုံစမ်းရေးအဖွဲ့ အစီရင်ခံစာမှာ စောစီးစွာထောက်ပြခဲ့တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

 

ဒီလိုနောက်ခံသမိုင်းအကြောင်းရင်းတွေကြောင့် ပြည်ထောင်စုနိုင်ငံရဲ့ အနာဂတ်ဟာ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ မရေမရာ မသေချာတဲ့ဖြစ်ရပ်တွေကြောင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့တဲ့ ခေါင်းဆောင် များဟာ တော်လှန်ရေး ကောင်စီလက်ထက်မှာ ဆိုရှယ်လစ်စနစ်ကို စတင်အုတ်မြစ်ချခဲ့ကြတာပဲ ဖြစ်တယ်။

 

ယနေ့ ကျွန်တော်တို့ရဲ့ခိုင်မာတဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့  ပြည်ထောင်စု စနစ်တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ဖက်ဒရယ်ဆိုတဲ့ ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ ခွဲဝေခံစားခြင်း၊ အုပ်ချုပ်မှုတာဝန် ခွဲဝေလုပ်ဆောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ဆိုတာ အများစုကရွေးချယ်တဲ့ကိစ္စ၊ အများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီ စီမံဖော်ဆောင်ခြင်းဖြစ်ပါတယ်။ အလားတူ ဒီမိုကရေစီရဲ့ကျင့်စဉ်အရ အနည်းစုရဲ့ဆန္ဒကိုလည်း လေးစားတန်ဖိုးထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်ဖို့၊ ဒီမိုကရေစီစနစ်မယိုင်လဲစေဖို့ လိုအပ်ချက်ကတော့ ဒီမိုကရေစီစိတ်မွေးဖို့၊ စည်းကမ်းစနစ်ကျနတဲ့၊ ဥပဒေကို လေးစားတန်ဖိုးထားလိုက်နာတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းတစ်ရပ် ဖြစ်ပေါ်လာ စေရေးပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုအားလုံးက ဝိုင်းဝန်းဖော်ဆောင်ရမှာ ဖြစ်ပါတယ်။

 

အလားတူ တိုင်းရင်းသားပြည်သူအားလုံး လိုလားနေတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာမှာလည်း တိုင်းရင်းသား ပြည်သူ လူထု၏အကျိုး၊ ပြည်ထောင်စုကြီး၏အကျိုးကို ရေရှည်ကြည့်ပြီး မိမိနိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ပုံစံကို တည်ဆောက်သွားဖို့လိုပါ တယ်။ ကျွန်တော်တို့နိုင်ငံသည် ရှေးဘုရင်များလက်ထက်ကတည်းက ပြည်ထောင်စုစနစ်ပုံစံနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုနိုင်ငံ တစ်ခုဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော်လို့ သတ်မှတ်ခဲ့ကြတဲ့ ပုဂံခေတ် ကတည်းက တိုင်းရင်းသားပြည်သူများနဲ့ စုစည်းတည်ထောင်ထားတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များသိမ်းယူစဉ်က Burma ဆိုတဲ့ ပြည်ထောင်စုနိုင်ငံအဖြစ်နဲ့ သိမ်းယူခဲ့တာဖြစ်ပြီး လွတ်လပ်ရေးပေးချိန် မှာလည်း ပြည်ထောင်စုတစ်ဝန်းလုံးကို တစ်စုတစ်စည်းသောနိုင်ငံအဖြစ် လွတ်လပ်ရေးပေးခဲ့တာပဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်စာချုပ်များ ချုပ်ဆိုရာမှာလည်း လက်ရှိနယ်နိမိတ်အတိုင်း စာချုပ်ချုပ်ဆိုအသိအမှတ် ပြုခဲ့တာ၊ တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း အသိအမှတ်ပြုခဲ့တာတွေဟာ ကျွန်တော်တို့နိုင်ငံသည် သမိုင်းအဆက်ဆက် ပြည်ထောင်စုနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့သမိုင်းပဲဖြစ်ပါတယ်။

 

ဒီလိုသမိုင်းစဉ်တစ်လျှောက် ရပ်တည်ခဲ့တဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ မှန်ကန်တဲ့၊ နိုင်ငံနဲ့ကိုက်ညီတဲ့ စနစ်ဖြစ်ဖို့ လိုပါ တယ်။ တိုင်းရင်းသားလူမျိုးစုများ များပြားလှတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာမှာ လူမျိုးကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ထက် နယ်မြေဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒါမှသာ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ ကွဲပြားခြားနားမှုကိုအားပေးတဲ့၊ ပြည်ထောင်စုပြိုကွဲခြင်းကို ဦးတည်သွား စေနိုင်မယ့်ကိစ္စတွေကို ရှောင်ရှားနိုင်မှာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)မှာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့အတွက် အုပ်ချုပ်ရေးအာဏာများ ခွဲဝေထားပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံ မူများ၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များမှာလည်း တိုင်းရင်းသားပြည်သူ တစ်ဦးချင်းစီရဲ့ အခွင့်အရေးများ၊ အာမခံချက်များကို တန်းတူညီမျှ ပေးထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးအရ၊ တိုင်းရင်းသား ရေးအရနဲ့ ဘာသာရေးအရ သဘောထားကွဲလွဲစရာ အကြောင်းမရှိပါဘူး။ ဒါတွေကို လက်တွေ့ကျင့်သုံးခြင်း၊ လိုအပ်တာ တွေကို ဥပဒေနဲ့အညီ ပြင်ဆင်တိုးချဲ့ခြင်းတို့ဟာ လက်တွေ့ကျတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ဒီမိုကရေစီစနစ်ဆိုရာမှာ အမျိုးမျိုးရှိပါတယ်။ ယနေ့ ကျွန်တော်တို့ နိုင်ငံကျင့်သုံးနေတာက ပါတီစုံဒီမိုကရေစီဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အထွေထွေရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ပြည်သူတွေအနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းအရ အထွေထွေရွေးကောက်ပွဲအတွေ့အကြုံတွေလည်း ရှိကြပြီးဖြစ်ပါတယ်။ ဖဆပလခေတ်က ပါလီမန် ဒီမိုကရေစီစနစ်နဲ့ ယနေ့ခေတ် ပါတီစုံဒီမိုကရေစီစနစ်ရဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအထိဟာ “အနိုင်ရသူ အကုန်ယူ” စနစ်ဖြစ်တာကြောင့် နိုင်ငံရေးချိန်ခွင်လျှာညီမျှမှုမရှိခဲ့ဘဲ တိုင်းရင်းသား လူမျိုးစုပါတီများအနေနဲ့ နိုင်ငံရေးမှာပါဝင်ခွင့် အခွင့်အရေးနည်းပါးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုကြီး ၈ စုရှိပြီး လူမျိုးစု ၁၃၀ ကျော်ရှိပါတယ်။ အဲဒီတော့ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတော် ကြီးကို ခိုင်မာတဲ့ ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ “ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း” လို့လည်း အနက်အဓိပ္ပာယ်ရှိပါတယ်။ မျှဝေခံစားဖို့ဆိုရင်တော့ ရွေးကောက်ပွဲစနစ်မှာ ယခင်ကျင့်သုံးခဲ့တဲ့ အင်အားကြီး ပါတီတစ်ခုတည်းက “အနိုင်ရသူ အကုန်ယူ” ဆိုတဲ့စနစ်အစား တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေ ကျယ်ကျယ် ပြန့်ပြန့်ပါဝင်ဖို့ “အချိုးကျကိုယ်စားပြုစနစ်” PR စနစ်ကို ကျင့်သုံးရမှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဆန္ဒတစ်ခုတည်း မဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်တွေနဲ့ ဖြစ်ပေါ်လာတဲ့ NCA စာချုပ်ထဲက ဘုံသဘောဆန္ဒ လည်းဖြစ်ပါတယ်။ NCA စာချုပ်ပါ အခန်း (၁) အခြေခံမူများမှာ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နဲ့အညီ တည်ဆောက်သွားရန်”၊ “နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးများရရှိစေရန်” ဆိုတဲ့ အချက်ပါရှိပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် PR စနစ်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ အသင့်လျော်ဆုံးဆိုတာ ပြောကြားလိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

၂၀၁၁ ခုနှစ် ဒီမိုကရေစီပထမအစိုးရလက်ထက် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တာထွက်ကောင်းခဲ့ပြီး တိုင်းပြည်လည်း အထိုက် အလျောက် တိုးတက်ခဲ့ပါတယ်။ NCA စာချုပ်ကြီး ပေါ်ပေါက်လာခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေ ရရှိချိန်မှာ တိုင်းပြည်သစ္စာဖောက်အချို့နဲ့ ပြည်ပနိုင်ငံအချို့က NCA မှာ လက်မှတ်မရေးထိုးဖို့ သွေးထိုးလှုံ့ဆော်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားတဲ့ အဖွဲ့အစည်း ၈ ဖွဲ့ဟာ NCA စာချုပ်ကြီးမှာ အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နောက်ထပ် ၂ ဖွဲ့ဟာလည်း ထပ်မံ လက်မှတ်ရေးထိုးနိုင်ခဲ့လို့ လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ရှိပြီ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးတဲ့ ကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း NCA လက်မှတ်ရေး ထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ NCA စာချုပ်ကြီး ပေါ်ပေါက်လာပြီး တစ်ပြိုင်နက် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ကို ထုတ်ပြန် ခဲ့ပါတယ်။ တပ်မတော်ကထုတ်ပြန်တဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ဟာ NCA စာချုပ်ရဲ့ အနှစ်သာရအတိုင်းဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုသမိုင်းတွေက ရရှိလာတဲ့ “အသိတရား” ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လုပ်ဆောင်ရမည့် “အရှိတရား” လည်း ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲပေးခဲ့ပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း နိုင်ငံတော်ကို စတင်တာဝန်ယူတဲ့အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်များကို အဆင့်ဆင့်ချမှတ်ခဲ့ရာ လက်ရှိမှာလည်း ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉) ရပ် ချမှတ် ထားပါတယ်။ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ “NCA ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်” ဆိုတဲ့ အချက်ပါရှိသလို ဦးတည်ချက် (၉) ရပ်မှာလည်း “တစ်နိုင်ငံလုံး  ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင် ရေး” ဆိုတဲ့အချက်ကို ထည့်သွင်းဆောင်ရွက်နေတာ တွေ့နိုင်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ဖို့အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီဆိုပြီး ကော်မတီ (၃) ရပ် ဖွဲ့စည်းခဲ့ပါတယ်။

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဆင့်ဆင့်တို့ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန်၊ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံမှု ရှိ/မရှိ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်အပေါ် လက်ခံမှုရှိ/မရှိအပေါ်မူတည်ပြီး မည်သည့်ကန့်သတ်ချက်မှမပါသော တွေ့ဆုံ ဆွေးနွေးပွဲကို ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ EAO အဖွဲ့ (၇) ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ EAO အဖွဲ့ (၃)ဖွဲ့တို့မှ ကိုယ်စားလှယ်များနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနဲ့အတူ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်း/တံတား တည်ဆောက်ရေးနဲ့  အခြေခံအဆောက်အဦများ  ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး ဆိုင်ရာကိစ္စများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြည်သူများကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ “၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်” ဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှ ဘုံသဘောတူညီချက်အဖြစ်-

(၁)  ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်  ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး။

(၂) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး။

(၃)  ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး။

(၄)  တရားဥပဒေစိုးမိုးရေး၊  ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများ လွတ်လပ်၍တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး။

ဆိုတဲ့ ဘုံသဘောတူညီချက် (၄) ချက် ရရှိခဲ့ကြပါတယ်။

 

ဒါ့အပြင် တွေ့ဆုံဆွေးနွေးရေးယန္တရားဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအနေနဲ့လည်း သက်ဆိုင်ရာဆွေးနွေးဖက် အဖွဲ့အစည်းများနဲ့ အလွတ်သဘောတွေ့ဆုံမှုများ၊ Video Conferencing ဖြင့် ဆွေးနွေးမှုများနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ NCA လက်မှတ်ရေးထိုးပြီးတဲ့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ (၇၃) ကြိမ်၊ လက်မှတ်ရေးထိုးထားခြင်းမပြုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ (၂၅)ကြိမ်၊ နိုင်ငံရေး ပါတီများနဲ့ (၁၆) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနဲ့ (၇) ကြိမ်၊ စုစုပေါင်း တွေ့ဆုံဆွေးနွေးမှု (၁၂၁)ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ ငြိမ်းချမ်းသာယာ ဝပြောတဲ့ အနာဂတ်၊ ကောင်းမွန်တဲ့ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူပြည်သားအားလုံးအတွက် အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာ ဖူလုံရေးကို ဆောင်ရွက်နေပါတယ်။ နိုင်ငံရေးရည်မှန်းချက်အနေနဲ့ စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေ စီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်ပါမယ်။ ဒီနှစ်ချက်ဟာ ကျွန်တော်တို့အတွက် အဂ္ဂမဟာဗျူဟာ (Grand Strategy) ပါပဲ။ လက်ရှိအချိန်မှာကော နောင် အနာဂတ်မှာပါ ရေရှည်ရည်မှန်းချက်အဖြစ် စဉ်ဆက်မပြတ် တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိ ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာ (Strategy) ပါပဲ။ ဒီအဂ္ဂမဟာဗျူဟာနဲ့ မဟာဗျူဟာတွေ အောင်မြင်စေဖို့၊ ခိုင်မာစေဖို့ လက်ရှိကျွန်တော်တို့ လုပ်ဆောင်နေတာက ဦးတည်ချက် (၉)ချက်ပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ နည်းဗျူဟာ(Tactic)ပဲ ဖြစ်ပါတယ်။

 

ဒီလို နိုင်ငံတော်အတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာမှာ အစိုးရတစ်ရပ်က ဦးဆောင်မှု ပြုရမှာဖြစ်သလို ပြည်သူလူထုအားလုံးကလည်း လိုက်ပါဆောင်ရွက်နိုင်မှ အောင်မြင်မှာဖြစ်ပါတယ်။  ကျွန်တော်တို့ နိုင်ငံဟာ  နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျလို့ ပညာခေတ်မှာ အခြေခံပညာအထက်တန်းနဲ့ အဆင့်မြင့်ပညာ တတ်မြောက်မှု နည်းပါးခဲ့ပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတည်ဆောက်ရေးမှာ အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပညာနဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းဟာ အထူးအရေးကြီးလှ ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေအများစုနေထိုင်တဲ့ ကျေးလက်ဒေသတွေဟာ ပညာရေးအားနည်းခဲ့ပါတယ်။  ပညာရေး အားနည်းချက်နဲ့အတူ တွေးခေါ်မြော်မြင်မှုမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ တွေ့ခဲ့၊ ကြုံခဲ့သမျှ၊ သိသမျှ၊ တတ်သမျှအပေါ်မှာပဲအခြေခံပြီး ပြောဆိုနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ပက မြှောက်ထိုးပင့်ကော်လုပ်နေမှုတွေ၊ မဟုတ် မမှန်သတင်းတွေအပေါ်မှာ နားယောင်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါတွေကို ပြုပြင် ဖို့၊ ခေတ်စနစ်နဲ့အညီ အတွေးအခေါ်၊ အမြော်အမြင်များ တိုးတက် အောင်လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါဟာနိုင်ငံတော်ရဲ့အနာဂတ်ပါပဲ။ ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုရဲ့ ကောင်းကျိုးကို လိုလားကြတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအားလုံး၊ နိုင်ငံအားလုံး၊ တိုင်းရင်းသားပြည်သူလူထုအားလုံး အထူးသဖြင့် တိုင်းရင်းသားဒေသ တွေမှာရှိနေတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ EAO များအနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ အတွေးအခေါ်နဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ပူးပေါင်းအားပေးကူညီကြဖို့ ပြောကြား လိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တနေတဲ့  နိုင်ငံတော်အေးချမ်းသာယာရေး၊ စားရေရိက္ခာပေါများရေး၊ သာယာဝ ပြောရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ပညာ သင်ကြားနိုင်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးများ ရရှိခံစားနိုင်အောင်  သက်ဆိုင်သူအားလုံးက နိုင်ငံ့မျက်နှာကြည့်ပြီး ဝိုင်းဝန်းလုပ်ဆောင် ပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ NCA သမိုင်းကြောင်းဟာ ဒီနေ့မှာဆိုရင် ၈ နှစ်တာကာလ ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် “လွတ်လပ်ရေး” ဆိုတဲ့ ရှေးဘိုးဘွားများရဲ့ အမွေတစ်ခုကို ကျွန်တော်တို့အားလုံး ဆက်ခံရယူပြီးဖြစ်သလို မိမိတို့လက်ထက်၊ မိမိတို့ကာလမှာလည်း နောက်မျိုး ဆက်သစ် လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တစ်ခုကို ပေးအပ်ဖို့တာဝန်ရှိပါတယ်။ အဲဒါကတော့ “စစ်မှန်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး” ဆိုတဲ့ အမွေအနှစ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး အမွေအနှစ်ကောင်းကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းခဲ့ကြပါစို့လို့ လေးနက်စွာ ထပ်မံတိုက်တွန်း လိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

-   ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” စိတ်ဓာတ်နဲ့အညီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉) ရပ်ပါအတိုင်း မဆုတ်မနစ်ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေး အတွက် NCA ကို အလေးထား ဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံး ကလည်း ပူးပေါင်းဆောင်ရွက် သွားကြပါ။

-   ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းများကလည်း NCA ပါ ကတိကဝတ်ကို စောင့်ထိန်းကြဖို့နဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားကြပါ။

-   NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့အတွက် တွေ့ဆုံညှိနှိုင်းရေးဆွေးနွေး ပွဲများဆီသို့ အရောက်လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

-   အားလုံးကို ကျေးဇူးတင်ပါတယ်။