ဖယ်ခုံ ၂၀ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ဖယ်ခုံမြို့ ရွှေဓမ္မရောင်ခြည် လူမှုဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့ ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖယ်ခုံမြို့ ရွှေဓမ္မ ရောင်ခြည် ရှမ်းစာပေနှင့် ယဉ်ကျေးမှုဓမ္မရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွင် ဒေသခံပြည်သူများ၏ မျက်စိ၊ သွားနှင့် ခံတွင်း၊ အထွေထွေရောဂါ၊ ဆီးနှင့် ကျောက်ကပ် ရောဂါများကို အထူးကု ဆရာဝန်ကြီးများနှင့် အဖွဲ့မှ ကြည့်ရှုစစ်ဆေး၍ ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆေးဝါးကုသမှုတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ သုံးရက်အတွင်း သွားနှင့်ခံတွင်းရောဂါ (၆၀၇)ဦး၊ မျက်စိရောဂါ (၂၁၅၅) ဦး၊ အထွေထွေရောဂါ (၁၈၃၄) ဦးနှင့် ဆီးနှင့်ကျောက်ကပ် ရောဂါ (၄၀)ဦး စုစုပေါင်း (၄၆၃၆) ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သော လူနာများအနက် ခွဲစိတ်ကုသရန် မျက်စိဝေဒနာရှင် (၈၈) ဦး၊ ဆီးနှင့်ကျောက်ကပ် အကြီးစားခွဲစိတ်ရန် (၆) ဦးတို့အား လွိုင်ကော်မြို့ ကုတင် (၅၀ဝ) ဆန့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခွဲစိတ်ပေးခဲ့သည်။
သွားနှင့်ခံတွင်းကုသခြင်း၊ အထွေထွေရောဂါကုသခြင်းများကို ဖယ်ခုံမြို့ ရွှေဓမ္မရောင်ခြည် ရှမ်းစာပေနှင့် ယဉ်ကျေးမှုဓမ္မရုံတွင် ဆောင်ရွက်ပေးခဲ့ပြီး မျက်မှန်လိုအပ်သော မျက်စိဝေဒနာရှင်များအား မျက်မှန်များ အခမဲ့ တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။
၎င်းဆေးဝါးကုသမှု ကုန်ကျစရိတ်များကို ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းမှ လှူဒါန်း၍ နေ့စဉ်စီမံခန့်ခွဲရေးနှင့် ဧည်ခံကျွေးမွေးစရိတ်၊ လူနာများအား ထမင်းဘူးများ ဝေငှခြင်း ကုန်ကျစရိတ်များကို ဖယ်ခုံမြို့ ရွှေဓမ္မရောင်ခြည် ဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရှိရသည်။
ကိုထွေး(ဖယ်ခုံ)
