ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၈၈၄၁)ဧကရှိသော နယ်မြေကို “မိုင်းဟိန်း(တိုးချဲ့) ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၂၄/၂၀၂၃)အရ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆)ရက် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်)မှစ၍ သတ်မှတ်ကြောင်းကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့် ရေအရင်းအမြစ်နှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊ ဂေဟစနစ်တည်ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်ရန်နှင့် ရာသီဥတု သာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်သည်။
မိုင်းဟိန်း(တိုးချဲ့) ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ကျွန်း၊ တမလန်း၊ ပိတောက် စသည့် အဖိုးတန်သစ်မျိုးများနှင့် အင်၊ ကညင်၊ မအူ၊ ထောက်ကြံ့၊ ဖန်ခါး၊ သစ်ဆိမ့်၊ မျောက်ငို၊ လက်ပံ၊ ဇင်ပြွန်း၊ တောသရက်၊ တောင်တမာ၊ ဇင်ပြွန်း၊ ဖန်ခါး၊ သပြေ စသည့် သစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် အပင်မျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ နေထိုင်ကျက်စားလျက်ရှိသော ဂျီ၊ ဆတ်၊ ပြောင်၊ တောဝက်၊ ဒေါင်း၊ တောကြက်၊ ရှဉ့်မျောက်၊ တောကြောင် စသည့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ တိုးပွားလာနိုင်ခြင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများအတွက် ရေဝေရေလဲဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းနှင့် သစ်တောသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန