နေပြည်တော် အောက်တိုဘာ ၂၂

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 

ထို့နောက် အစည်းအဝေးခန်းမ၌ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်း သားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ တည်ဆောက်နေမှု၊ စီမံကိန်း၏ရည်ရွယ်ချက်၊ စီမံကိန်းတည်နေရာနှင့် အကျယ်အဝန်း၊မဲခေါင်း-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ၊ အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာသို့ ဝင်ထွက်သည့်လမ်းများ စနစ်တကျရှိစေရေး၊ ပတ်ဝန်းကျင် သန့်ရှင်း သာယာ လှပမှုရှိစေရေး၊ သင်တန်းများဖွင့်လှစ်ချိန်တွင် သင်တန်းသားများ၏ နေထိုင် စားသောက်ရေးအတွက် ကြိုတင် စီမံဆောင်ရွက်ထားရှိရန် လိုအပ်မှုများနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ဆောက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အဆောက်အအုံအား စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တည်ဆောက်ရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီစွာ တည်ဆောက်ရန်နှင့် အခြား  လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်း သားလူမျိုးများ၏ လူမှုစီးပွားဘဝ  တိုးတက်မြင့်မားစေရန်အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အချင်းချင်းဖလှယ်နိုင်ရန်၊ တိုင်းရင်းသားများ၏ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်နှင့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျှော့ချရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်