နေပြည်တော် အောက်တိုဘာ ၃၁
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ (MICC-II) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင် ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ရည်ရွယ်ချက်၊ ဦးတည်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံးက ကျရာတာဝန်ကို စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် စုပေါင်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ပြိုင်ပွဲကြီးအောင်မြင်စွာပြီးဆုံးခြင်းနှင့်အတူ ယခု ဂုဏ်ပြုညစာစားပွဲကို ကျင်းပဆောင်ရွက်နိုင် ခြင်းပင်ဖြစ်ပါကြောင်း။
ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများပိုင်ဆိုင်ထား
မိမိတို့ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာဓလေ့ထုံးစံနှင့် အနုသုခုမအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝလှပါကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်စဉ်အရ ဒီမြေ၊ ဒီရေပေါ်တွင် လူသားမျိုးနွယ် စတင်ခဲ့ခြင်းနှင့်အတူ ရေမြေဒေသသဘာဝကိုလိုက်ပြီး မတူခြား နားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရုပ်ကြွင်းအထောက်အထားများ၊ လက်မှုအဆင် တန်ဆာများ၊ အဝတ်အထည်များ၊ အနုသုခုမဆိုင်ရာ အဆိုအကများ၊ တီးခတ်မှုနှင့် သက်ဆိုင်သည့် တူရိယာပစ္စည်းမျိုးစုံသည် ဆင့်ကဲ ဖြစ်စဉ်များနှင့်အတူ ဖြစ်ထွန်းတည်ရှိနေခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း ပိုင်ဆိုင်ထားကြပြီး ဖြစ်ပါကြောင်း။
သုခုမအနုပညာတွင် တူရိယာပစ္စည်းများ မည်သို့ပင်ကွဲပြား ခြားနားသော်လည်း “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” ဆိုသည့် မြန်မာတို့၏ တူရိယာငါးပါး အခြေခံမှာပင် တစ်စုတစ်စည်း တည်း ပါဝင်လျက်ရှိကြပါကြောင်း။
အကနှင့်ပတ်သက်ပြီး ကချင်မနောအက၊ ကယားတံခွန်တိုင် အက၊ ကရင်ဒုံးယိမ်းအက၊ ချင်းဝါးညှပ်အက၊ ဗမာအိုးစည် ဒိုးပတ် အက၊ မွန်ဟင်္သာမောင်နှံအက၊ ရခိုင်သျှုင်ဒိုင်အက၊ ရှမ်းကိန္နရီ ကိန္နရာအက အစရှိသဖြင့် ကွဲပြား ခြားနားသယောင်ရှိကြသော်လည်း “စည်းနှင့်ဝါး” ကို အခြေခံသည့် “ခေါင်း၊ ခါး၊ ခြေ၊ လက်” အစရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို လှုပ်ရှားကပြခြင်းဆိုသည့် မြန်မာနိုင်ငံသားအားလုံးတို့၏ အကအခြေခံအတွင်းမှာပင် ဆင့်ပွား တည်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်ဆိုသည်မှာ မြန်မာ တစ်မျိုးသားလုံးပိုင်ဆိုင်သည့် အဖိုးတန်ရတနာ ဘိုးဘွားအမွေ အနှစ်၊ ဘိုးဘွားအမွေအစစ်များပင် ဖြစ်ပါကြောင်း။
အဆိုပါအဖိုးတန်ရတနာများ ကို သမိုင်းကြောင်းရှည်လျားစွာတည်ရှိခဲ့သည့် အမျိုးသားရေး သွင်ပြင်လက္ခဏာအဖြစ် နိုင်ငံသားတိုင်းက ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်ကြပါကြောင်း၊ ထိုနည်းတူစွာ တိုင်းရင်းသားအချင်းချင်း သွေးစည်းချစ်ကြည် ရာတွင်လည်း ပေါင်းကူးတံတား သဖွယ် ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း။
အနုသုခုမပညာ မြင့်မားရေး အားကြိုးမာန်တက်ယှဉ်ပြိုင်
ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်ရသည်မှာ လွယ်ကူသည့်အလုပ်မဟုတ်ကြောင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ အသံသွင်း စသည်တို့ သည် မကြိုက်မချင်း ပြန်လည်ဆောင်ရွက်၍ရသော်လည်း ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲသည် အရုပ်၊ အသံ လှုပ်ရှားမှုကို တိုက်ရိုက်ပြသဆောင်ရွက်ရခြင်းဖြစ်သဖြင့် လုံးဝအမှားမခံပါကြောင်း၊ မှားယွင်းသည်နှင့် ဆုတံဆိပ်ရရှိရန် အခက်အခဲရှိသွားနိုင်သဖြင့် ပိုမိုလေးနက်မှုရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲဝင်အားလုံးကို အနုသုခုမပညာမြင့်မားရေး အားကြိုးမာန်တက် ယှဉ်ပြိုင်မှုများအတွက် အထူးပင်အသိအမှတ်ပြုပါကြောင်း။
ယနေ့အချိန်ကာလတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အနောက်နိုင်ငံများ အပါအဝင် တိုင်းတစ်ပါး ယဉ်ကျေးမှုများသည် မိမိတို့နိုင်ငံငယ်များအပေါ် ထိုးဖောက်ဝင်ရောက်လာနေပါကြောင်း၊ မိမိတို့ နိုင်ငံသူ နိုင်ငံသား များ၊ လူငယ်များအနေဖြင့် အဆိုပါတိုင်းတစ်ပါးယဉ်ကျေး မှုများအပေါ်တွင် နှစ်သက်မြတ်နိုးပြီး မိမိတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးမထားဘဲ ပစ်ပယ်လာကြမည်ဆိုပါက အမျိုးသားရေးစိတ်ဓာတ် လျော့ပါး လာစေနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါအန္တရာယ်ဖြစ်မလာစေရန် တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်လည်း အလေးအနက်ထား မှာကြားလိုပါကြောင်း။
အလေးအနက်ထား
သမ္ဘာရင့်၊ ဝါရင့်ပညာရှင်ကြီး များအပြင် မျိုးဆက်သစ်လူငယ်
မောင်မယ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အတူတကွ ပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး၊ မိမိယဉ်ကျေးမှု၊ မိမိဓလေ့ထုံးစံမှသည် မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ နိုင်ငံသားများအပေါ် ချစ်ခင်မြတ်နိုးစိတ်များကို လက်ဆင့်ကမ်းသယ်ဆောင်သွားကြရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါဟု အလေးအနက်ထား ပန်ကြားလိုကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆို အကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စားဥက္ကဋ္ဌ ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်း အဖွဲ့ကိုယ်စားဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စားဥက္ကဋ္ဌ ဦးအောင်ကိန်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများနှင့် အခမ်းအနားမှူးများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အကဲဖြတ်ပညာရှင် မြင်းမူမောင်နိုင်မိုးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြ သူများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံး ဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြသည်။
ဂုဏ်ပြု ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အခမ်းအနား တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူအမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေ စေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အားပူးပေါင်း ပါဝင်ဆောင်ရွက်ရေးစသည့် ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အင်အား ၂၃၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်