နေပြည်တော် နိုဝင်ဘာ ၁
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒ ရှင်းလင်းဆွေးနွေးပွဲနှင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ(တက္ကသိုလ်အဆင့်) ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၌ ဆက်သွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ဆက်သွယ်ရေးကဏ္ဍကို လွတ်လပ်သောစျေးကွက်အဖြစ် ဖွင့်လှစ်ပေးနိုင်ခဲ့ကာ Online ဝန်ဆောင်မှုစနစ်များ၊ e-Government စနစ်များ ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူတို့၏နေ့စဉ် လူမှုစီးပွားဘဝများသည် သတင်းအချက်အလက် နည်းပညာအသုံးပြုမှုအပေါ် များစွာမှီခိုလာကြသည်ကို တွေ့မြင်ရပါကြောင်း။
အသုံးပြုမှု တွင်ကျယ်မှီခိုလာခြင်းနှင့်အတူ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများကလည်း တိုးတက်များပြားလာပါကြောင်း၊ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူသားဖြစ်တည်မှုနှင့် လူနေမှုဘဝ ပတ်ဝန်းကျင်ကို လွှမ်းမိုးထိခိုက်လာသည့် အခြေအနေများ ကြုံတွေ့ရပြီး အမျိုးသားလုံခြုံရေးအထိ ထိပါးလာနိုင်သောကြောင့် နိုင်ငံအများစုက ဉာဏ်ရည်တုနည်းပညာကို မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းရန် ကြိုးစားလာကြပါကြောင်း၊ သတင်းအချက်အလက် နည်းပညာ ဆိုက်ဘာ နယ်ပယ်တွင်လည်း စိန်ခေါ်မှုများ များပြားလာသည့်အတွက် မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်လာပါကြောင်း၊ များပြားလာသည့် စိန်ခေါ်မှုများကို သိရှိပြီး ကြိုတင်ကာကွယ် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သော ဆိုက်ဘာလုံခြုံရေးမူဝါဒကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများ သိရှိလိုက်နာနိုင်ရေးအတွက် ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း။
ယနေ့ ကျင်းပသော ဆွေးနွေးပွဲသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒတွင် ပါဝင်သော ရည်ရွယ်ချက် ၇ ချက်နှင့် မူဝါဒ ၅ ရပ်ပါ အချက်များကို ပိုမိုရှင်းလင်းစေရန် ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ယင်းမူဝါဒကို International Telecommunication Union (ITU) က ချမှတ်ထားသည့် အမျိုးသားအဆင့် ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံအချက်များပေါ်မူတည်ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ကိုက်ညီအောင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပူးပေါင်းပြုစုရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ လုံခြုံစိတ်ချ၍ တည်ငြိမ်ကောင်းမွန်ကြံ့ခိုင်သော ဆိုက်ဘာ နယ်ပယ်တစ်ခု တည်ဆောက်နိုင်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ ဖွဲ့စည်းဆောင်ရွက်မှုပုံစံ၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် နည်းပညာများကို မဟာဗျူဟာမြောက် ချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်း၊ ဝန်ဆောင်မှုပေးသူများ၊ ပုဂ္ဂလိကအဖွဲ့ အစည်း၊ ပြည်သူများအားလုံးက တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို ဖော်ထုတ်နိုင်ပြီး မူဝါဒကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။
ယနေ့ အခမ်းအနား၌ တက္ကသိုလ်အဆင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယို ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကိုလည်း ပူးတွဲကျင်းပမည် ဖြစ်ပါ ကြောင်း၊ အာဆီယံ-ဂျပန် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းကော်မတီနှင့် Cyber Security Brunei တို့ ပူးပေါင်းကျင်းပခဲ့သည့် “အာဆီယံ-ဂျပန် ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ” တွင် မြန်မာနိုင်ငံကိုယ်စားပြု ဗီဒီယိုတစ်ခု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေး မူဝါဒပါ အချက်အလက်များကို လိုက်နာအကောင်အထည်ဖော်ရာတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဆိုက်ဘာလုံခြုံရေးအသိပညာပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အနာဂတ်လမ်းကြောင်းများကိုပါ ဝိုင်းဝန်းဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ(တက္ကသိုလ်အဆင့်) တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ညွှန်ကြားရေးမှူးက ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒတွင် ပါဝင်သော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အစိုးရ အဖွဲ့အစည်းများမှ Chief Information Officer (CIO) များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ Chief Information Officer (CIO) များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်