မောင်ကမ္ဘာ

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့။

 

အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဟားမားစ် စစ်သွေးကြွတို့၏ ယခုအကြိမ် အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုက အစ္စရေးနိုင်ငံသမိုင်းတွင် မကြုံစဖူး ရာဇဝင်တွင်သွားခဲ့သည်။ ဟားမားစ်တို့၏ တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံသား ၁၄၀၀ ထက်မနည်းသေဆုံးခဲ့ပြီး နှစ်ရာကျော်မှာ ဓားစာခံများအဖြစ် ဖမ်းဆီးခံခဲ့ရသည်။

 

ဟားမားစ်တို့၏ ယခုအကြိမ် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံ ထူထောင်ပြီးချိန်မှစ၍ အကြမ်းဖက် တိုက်ခိုက်မှုများ အဆိုးရွားဆုံးခံရသည့်နှစ်အဖြစ် အစ္စရေးလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက မှတ်တမ်းတင်ခဲ့သည့် ၂၀၀၂ ခုနှစ်ထက် ပို၍အခြေအနေ ဆိုးရွားခဲ့သည်။

 

၂၀၀၂ ခုနှစ်တွင် ဟားမားစ်တို့၏ အသေခံဗုံးခွဲတိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံသည် လုံခြုံရေးသာမက စီးပွားရေးကဏ္ဍတွင်ပါ ထိခိုက်ခဲ့ရသည်။ ကမ္ဘာလှည့်ခရီးသွားများပင်မဆိုထားဘိ အစ္စရေးပြည်သူများသည်ပင်လျှင် ဈေးများ၊ ကုန်တိုက်များ၊ စားသောက်ဆိုင်များကို မသွားရဲ၊ မလာရဲဖြစ်ခဲ့ကြသည်။ ဘတ်စ်ကားများပေါ်တွင် အသေခံ ဗုံးဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ဘတ်စ်ကားပင် မစီးရဲသည်အထိ အခြေအနေဆိုးရွားခဲ့သည်။ ထိုစဉ်က ဟားမားစ်တို့၏ အသေခံဗုံးဖောက်ခွဲမှုများကြောင့် ၂၀၀၂ ခုနှစ် မတ်လတစ်လ အတောအတွင်းမှာပင် အစ္စရေး အရပ်သားပြည်သူ စုစုပေါင်း တစ်ရာကျော် သေဆုံးခဲ့ပြီး ခြောက်ရာကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်

 

အစ္စရေးတို့ကလည်း လက်စားချေ တုံ့ပြန်သည့်အနေဖြင့် ဟားမားစ်အဖွဲ့မှ နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ၂၀၀၄ ခုနှစ် မတ်လတွင် ဟားမားစ်ခေါင်းဆောင် ရှိတ်ယာဆင်ကို အစ္စရေးတို့က ရဟတ်ယာဉ်ပေါ်မှ ဒုံးကျည်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် ဆက်တိုက်ဆိုသလို ယာဆင် နေရာဆက်ခံသူ ရန်တီစီကိုလည်း ဧပြီလတွင် ဒုံးကျည်ဖြင့်ပင်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

 

ဟားမားစ်ခေါင်းဆောင် ရှိတ်ယာဆင်သည် ဟားမားစ်လှုပ်ရှားမှုကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ယာဆင်သည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာလတွင် အစ္စလာမ္မစ် ခုခံတော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ကြီးကို စတင်ထူထောင်ခဲ့ပြီး အာရပ်ဘာသာ အတိုကောက်အဖြစ် ဟားမားစ်ဟု အမည်ပေးခဲ့သည်။ “စိတ်အားထက်သန်တက်ကြွမှု” ဟူသည့်အဓိပ္ပာယ်ရသည်။ ဟားမားစ်တို့သည် အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်မပြုဘဲ အစ္စရေးကို အလုံးစုံပျက်သုဉ်းရေး၊ ဖယ်ရှားရေး အတွက် ဂျီဟတ်ဆင်နွှဲရန် သန္နိဋ္ဌာန်ချခဲ့သူများဖြစ်သည်။

 

ထို့ကြောင့် အစ္စရေးဝန်ကြီးချုပ် ယစ်ဇတ်ရာဘင်နှင့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင် ယာဆာအာရာဖတ်တို့ သဘောတူညီခဲ့ကြသည့် ၁၉၉၃ ခုနှစ် အော်စလိုငြိမ်းချမ်းရေး သဘောတူညီမှုပျက်ပြားစေရန် ၁၉၉၄၊ ၁၉၉၅ ခုနှစ်များတွင် အစ္စရေးနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် အသေခံဗုံးခွဲတိုက်ခိုက်မှုများကို အရှိန် အဟုန်ဖြင့် တိုးမြှင့်ပြုလုပ်ခဲ့ကြသည်။

 

သို့ဖြင့် အစ္စရေးပြည်သူအများစုသည် အော်စလိုသဘောတူညီချက်ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုများပြားလာခြင်းဖြစ်သည်ဟု ယူဆလာကြပြီး ဝန်ကြီးချုပ် ယစ်ဇတ်ရာဘင်ကို ဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ အဆုံးမှာတော့ ဝန်ကြီးချုပ်ရာဘင်သည် ၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် တဲလ်ဗစ်မြို့ Kings of Isreal ရင်ပြင်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးလူထု အစည်းအဝေးပွဲကြီး၌ မိန့်ခွန်းပြောကြားပြီးအပြန် ကားရှိရာသို့ အသွားတွင် ယီဂဲလ်အာမီယာဆိုသူ ဂျူးအစွန်းရောက် လူငယ်တစ်ဦး၏ သေနတ်နှင့် အနီးကပ်ပစ်ခတ်လုပ်ကြံမှုကြောင့် ကွယ်လွန်သွားခဲ့ရရှာသည်။

 

ရာဘင်နေရာဆက်ခံသူ ရှီမွန်ပီရက်မှာလည်း ဟားမားစ်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်အောင် မစွမ်းဆောင်နိုင်ခဲ့ပြန်၍ ၁၉၉၆ ခုနှစ် မေလရွေးကောက်ပွဲတွင် ယခုတစ်ကျော့ပြန်ဝန်ကြီးချုပ် ဖြစ်လာသူ နေတန်ယာဟုကို အရှုံးပေးလိုက်ရသည်။ တကယ်တမ်းဆိုရလျှင် နေတန်ယာဟုသည် ဟားမားစ်တို့၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုများကြောင့်ပင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူဖြစ်သည်။

 

သို့သော် ဟားမားစ်တို့၏ ယခုအောက်တိုဘာလ ၇ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင်မူ ဝန်ကြီးချုပ် နေတန်ယာဟု အတွက်သာမက အစ္စရေးနိုင်ငံအတွက်ပါ မကြုံစဖူး အထိနာခဲ့ရ လေသည်။

 

ထို့ကြောင့် ဝန်ကြီးချုပ်နေတန်ယာဟုက ဟားမားစ်တို့၏ အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကို ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု၊ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရခဲ့မှုအဖြစ် သတ်မှတ်ခဲ့ပြီး ဟားမားစ်တို့၏ ဂါဇာကမ်းမြောင်ဒေသကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

 

သို့ရာတွင် အစ္စရေးတို့၏ မီးကုန်ယမ်းကုန် အပြင်းအထန်လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်မှုများသည် ဟားမားစ်တို့ထက် ပါလက်စတိုင်း အရပ်သားပြည်သူများကို ပို၍ထိခိုက်သေဆုံးစေခဲ့သည်။

 

“ဂါဇာဒေသကို ရွက်ဖျင်တဲများသာ ဖြစ်စေရမည်”ဟူသည့် ကြုံးဝါးချက်နှင့်အညီ အစ္စရေးတို့သည် အရပ်ဘက် လူနေတိုက်တာများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများပင်မရှောင် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသသည် မီးဟုန်းဟုန်းတောက်လောင်လျက် သုသာန်တစပြင်ပမာ ဖြစ်ခဲ့ရလေသည်။

 

ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားချိန်မှစ၍ ဗုံးအရေအတွက် တစ်သောင်းကျော်ပစ်ချခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ပေါက်ကွဲမှုပမာဏတန်ချိန် ၂၅၀၀၀ ကျော်ရှိခဲ့ရာ တစ်စတုရန်း မီတာလျှင် တန်ချိန် ၇၀ နီးပါးအထိဖြစ်ကြောင်း ဂါဇာအစိုးရမီဒီယာရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အစ္စရေး - ဟားမားစ် ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၉၀၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

 

သေဆုံးသူများမှာ ကလေး ၃၇၆၀ နှင့် အမျိုးသမီး ၂၃၂၆ ဦး အပါအဝင် စုစုပေါင်း ၉၀၆၁ ဦးအထိ မြင့်တက်လာခဲ့ကာ ဒဏ်ရာရသူဦးရေ ၃၂၀၀၀ ကျော်ရှိကြောင်း သိရသည်။ ဂါဇာကမ်းမြောင် ဒေသမြောက်ပိုင်းရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေး၏ အောက်တိုဘာလ ၃၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွင် ဒုက္ခသည် ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

 

သောကပွေနေသည့်မြင်ကွင်းက ကမ္ဘာပြည်သူများ၏ ရင်ကိုတုန်လှုပ်စေ

 

အပျက်အစီးများကြားတွင် သားပျောက်ရှာဖွေနေသူ သားသမီးသုံးဦး၏ ဖခင်တစ်ဦး၏ “နှုတ်တောင်မဆက်လိုက်ရဘူး” ဟူသည့် မချိတင်ကဲ ရေရွတ်မှုနှင့်အတူ သောကပွေနေသည့် မြင်ကွင်းကလည်း ကမ္ဘာပြည်သူများ၏ ရင်ကို တုန်လှုပ်စေသည်။ ဂါဇာဒေသရှိ လူကုံထံများ နေထိုင်ရာရပ်ကွက်တစ်ခုကိုလည်း အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အုတ်ပုံအပျက်အစီးများကြားမှ ပါလက်စတိုင်း အမျိုးသမီးကြီးတစ်ဦးက “ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ၊ ကျွန်မတို့ဘဝ ပျက်ပါပြီ” ဟူ၍လည်း မေးခွန်းထုတ်ခဲ့ပြန်ပါသည်။

 

အောက်တိုဘာလ ၇ ရက်နေ့က ဟားမားစ်တို့က အစ္စရေးကို အလစ်အငိုက်ဖမ်းပြီး ရုတ်တရက်ဝင်ရောက်တိုက်ခိုက်၍ အပြစ်မဲ့ အရပ်သားပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့စဉ်က ကြောက်ရွံ့တုန်လှုပ်နေကြသည့် ဂျူးရင်သွေးငယ်များနှင့် အစ္စရေး၏ အပြင်းအထန် လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော ပါလက်စတိုင်းအပြစ်မဲ့ကလေးငယ်များ၏ မျက်ဝန်းများကလည်း ငြိမ်းချမ်းရေးကိုလိုလားသူ ကမ္ဘာ့ပြည်သူများ၏ စိတ်နှလုံးကို တုန်လှုပ်စေသည်။

 

ထိုသို့ ဂါဇာကမ်းမြောင်ဒေသသည် အပျက်အစီးများနှင့် ငရဲခန်းအခြေအနေ ဆိုက်ရောက်လာမှုကြောင့် အစ္စရေးတို့အား ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ရန် တောင်းဆိုသံများလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ ပါလက်စတိုင်းကို ထောက်ခံသည့် ဆန္ဒပြမှုများလည်း ကမ္ဘာတစ်လွှား ဖြစ်ပွားလာခဲ့သည်။

 

သို့သော် အစ္စရေး၏ ဒေါမာန်ဟုန်ကို အစဉ်အလာမဟာမိတ် အမေရိကန်နှင့် အနောက်နိုင်ငံများသာမက ကုလသမဂ္ဂအဖွဲ့ကြီးကလည်း မတားဆီးနိုင်တော့ပါ။ စစ်ဘေးဒဏ်ခံနေရသည့် ဂါဇာပြည်သူများအတွက် လူသားချင်း စာနာမှုအကူအညီများ ထောက်ပံ့ပေးနိုင်ရေးပင်လျှင် ကျားသနားမှ နွားချမ်းသာရမည့် အခြေအနေ ဖြစ်နေသည်။

 

ဂါဇာကမ်းမြောင်ဒေသအတွင်း လူသားချင်းစာနာမှု အကူအညီများ ဝင်ခွင့်ပြုရန်နှင့် အပစ်အခတ် ခေတ္တရပ်တန့်ရေးအတွက် တောင်းဆိုမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဗီတိုအာဏာ သုံး၍ ပယ်ချခဲ့ပြန်ပါသည်။

 

သို့ဖြင့် နိုင်ငံတကာတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားသည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ လက်ရှိအခန်းကဏ္ဍကို ကမ္ဘာ့ပြည်သူအပေါင်းက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

 

“စစ်ပွဲတွေနဲ့ မကြုံရတဲ့ သာမန်ကလေးတစ်ယောက်လိုပဲ ဖြစ်ချင်ပါတယ်”၊ “ဒုံးကျည်တွေနဲ့လည်း မပစ်ကြပါနဲ့တော့၊ အန္တရာယ်ကင်းကင်းနဲ့ အိမ်ကိုပြန်ချင်ပါတယ်” ဟူသည့် ကမ္ဘာမီဒီယာ မြင်ကွင်းထက်က ပါလက်စတိုင်းရင်သွေးငယ်တို့၏ ခံစားချက်များ၊ ဂါဇာရှိ အယ်လ်အာလီဆေးရုံကို ဒုံးကျည်ကျရောက် ပေါက်ကွဲမှုဖြစ်စဉ်အတွင်း မိသားစုဝင်များဆုံးပါးခဲ့ရသူ ပါလက်စတိုင်းပြည်သူတစ်ဦး၏ “စစ်ပွဲကြီးရပ်ပါတော့” ဟူသည့် မေတ္တာရပ်ခံချက်များကြားမှ အစ္စရေး - ဟားမားစ် ပဋိပက္ခသည် ပို၍အရှိန်အဟုန်မြင့်တက်လျက် ရှိသည်။ နိုဝင်ဘာလ ၂ ရက်နေ့ ကမ္ဘာ့သတင်းများအရ အစ္စရေးမြေပြင် တပ်ဖွဲ့များသည် မြေပြင်ထိုးစစ်ဝင်ရောက်ရန် ဂါဇာမြို့အား ဝိုင်းရံထားပြီးပြီဟု ဆိုရသည်။

 

ကမ္ဘာ့ပြည်သူအများစုကမူ အစ္စရေး - ဟားမားစ် ပဋိပက္ခစစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေမလား၊ နာကြည်းမုန်းတီးမှုများမှတစ်ဆင့် ပေါ်ပေါက်လာမည့် အကြမ်းဖက်မှုများသည်လည်း ယနေ့ကမ္ဘာတွင် တစ်ကျော့ပြန် ဖြစ်ပွားလာလေမလားဟု စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။

 

မြန်မာနိုင်ငံတွင်လည်း အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ၌ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသအတွင်းရှိ နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင်ရာ ရုံးဌာနများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည်သူအချို့အား ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ အလားတူ KIA အဖွဲ့ကလည်း ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပြန်သည်။ တပ်မတော်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တန်ပြန်ချေမှုန်းမှုများ ဆောင်ရွက်ခဲ့မှုကြောင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ထောင်နှင့်ချီသော ဒေသခံ ပြည်သူများသည် နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးခဲ့ကြရပြန်ပါသည်။

 

စစ်သွေးကြွများ၊ စစ်လိုလားသူစစ်ဝါဒီများ၊ စစ်ဘုရင်များ၊ စစ်ပွဲကိုအကြောင်းပြု၍ အကျိုးအမြတ်ရရှိနေသူများ၊ လူမျိုးစွဲ၊ ဘာသာစွဲ အမြင်ကျဉ်းမြောင်းသူများ ရှိနေသမျှ ယနေ့ကမ္ဘာသည် အကြမ်းဖက်မှု ပြဿနာနှင့်စစ်ပွဲသံသရာကြားတွင် တဝဲလည်လည် လုံးလည်လိုက် ကြုံတွေ့နေဦးမည်သာ။