ဝူကျန်း နိုဝင်ဘာ ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူကျန်းမြို့ convention center တွင် ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ (ဝူကျန်းထိပ်သီးအစည်းအဝေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မျက်နှာစုံညီအစည်းအဝေးတွင် အမှာစကားပြောကြားသည်။
အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတရှီကျင့်ဖျင်က video message ပေးပို့ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ သံတမန်များ၊ သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်မှ ပညာရှင်ပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သည့် ဝူကျန်းထိပ်သီးအစည်းအဝေးကို “အားလုံးအတွက် အကျိုးရှိပြီးခံနိုင်ရည်ရှိသော ဒစ်ဂျစ်တယ်ကမ္ဘာတစ်ခုဖန်တီးခြင်း- ဆိုက်ဘာဝန်းကျင်တွင် အတူတကွမျှဝေခံစားသည့် လူမှုအသိုက်အဝန်း တစ်ခုတည်ဆောက်ခြင်း” ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယင်းဦးတည်ချက်သည် ယနေ့ဆိုက်ဘာနည်း ပညာများ၏ တိုးတက်မှုနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည့်ခေတ်သစ်ကမ္ဘာကြီးနှင့် ဆိုက်ဘာဝန်းကျင်တစ်ခုလုံးကို အတူတကွပူးပေါင်းလုပ်ဆောင်ကြရန် မီးမောင်းထိုးပြနေသည်ဟု ထင်မြင်မိပါကြောင်း၊ ယခုညီလာခံကြီးကို ကျယ်ပြန့်သည့် အကြောင်းအရာစုံနှင့် ဖိုရမ်ခွဲပေါင်း ၂၀ ကို ကျင်းပပြုလုပ်သည့်အတွက် ဒစ်ဂျစ်တယ် ကမ္ဘာတည်ဆောက်ရေးလုပ်ငန်းများအပေါ် အတွေးအမြင်စုံ၊ ရှုထောင့်စုံမှ အကြံပြုဆွေးနွေးကြရင်း ကောင်းမွန်သည့်အဖြေများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အားလုံးအတွက် အကျိုးရှိသော ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ဒစ်ဂျစ်တယ်ကမ္ဘာတစ်ခု ဖန်တီးဖော်ဆောင်ရာတွင် အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်မည်ဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းများ၏ ချမ်းသာသုခနှင့် တိုးတက်မှုများကိုဖော်ဆောင်ရာတွင်လည်း လိုအပ်ချက်များစွာ ကြုံတွေ့ရမည်ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်ကမ္ဘာသစ်ကို ဖန်တီးရယူရာတွင် ဆောင်ရွက်ရမည့် အခြေခံသဘောတရားများနှင့် မဟာဗျူဟာတချို့ကို မိမိအနေဖြင့် ကောက်နုတ်ဆွေးနွေးတင်ပြလိုပါကြောင်း၊ အထူးသဖြင့် ဒစ်ဂျစ်တယ်ကမ္ဘာကို လူတိုင်းဝင်ရောက်ခွင့် (Access) အာမခံနိုင်ရမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်သိနားလည်မှု (Digital Literacy)ကို တိုးမြှင့်ရေးနှင့် မသန်စွမ်းသူများ အသုံးပြုနိုင်မည့် နည်းပညာများကိုလည်း ဖန်တီးပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဒစ်ဂျစ်တယ်ကမ္ဘာမှာပါဝင်လာမည့် လူတစ်ဦးချင်းစီတိုင်းအတွက် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှု (Digital Threats)များမှ အကာအကွယ်ပေးနိုင်မည့် ခိုင်မာအားကောင်းသော ဆိုက်ဘာလုံခြုံရေး အစီအမံတွေကိုလည်း ဦးစားပေးလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်သည့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကိုလည်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေမည့် နည်းပညာများနှင့် အသုံးအဆောင်ပစ္စည်းများကို ဖန်တီးခြင်း၊ စွမ်းအင်ချွေတာသည့် Hardware များ တီထွင်ဖန်တီးခြင်းနှင့် အီလက်ထရောနစ်စွန့်ပစ်ပစ္စည်း e-waste များကို စနစ်တကျစွန့်ပစ်ရေးအတွက် တာဝန်ခံမှုရှိခြင်း စသည့်အချက်များကို အားပေးမြှင့်တင်ပေးရန်လိုကြောင်း၊ အနာဂတ်ကို အတူတကွမျှဝေခံစားကြရာမှာ မိမိတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအပြင် အပြန်အလှန်အသိအမှတ်ပြုခြင်းနှင့် လေးစားခြင်းတို့ကိုလည်း တန်ဖိုးထားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ သတင်းအချက်အလက်များ (Data) အကာအကွယ်ပေးရေးနှင့် နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက် စီးဆင်းမှုများ စနစ်တကျရှိစေရေးအတွက် သတင်းအချက်အလက်များကို တာဝန်ရှိစွာအသုံးပြုမှု responsible use of data များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ဖိုရမ်ခွဲများမှတစ်ဆင့် မိမိတို့အားလုံး အတူတကွ မျှဝေခံစားကြမည့် ဆိုက်ဘာဝန်းကျင်အနာဂတ်အတွက် အခြေခံကောင်းများနှင့် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များကို အောင်မြင်စွာ ချမှတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဝူကျန်းထိပ်သီးအစည်းအဝေးသည် World Internet Confere-nce (WIC)၏ (၁၀)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖြစ်ပြီး တရုတ်နိုင်ငံယန်ဇီမြစ်၏ တောင်ဘက်တွင်တည်ရှိသော လှပသည့် ရှေးဟောင်းမြို့ ဝူကျန်းမြို့တွင် ၂၀၁၄ ခုနှစ်မှစ၍ ကျင်းပလေ့ရှိသည်။ ယခု အစည်းအဝေးသို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၁၀၀၀ကျော် တက်ရောက်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာအကြံဉာဏ်များ၊ အတွေ့အကြုံများကို မျှဝေဆွေးနွေးလျက်ရှိသည်။
သတင်းစဉ်