မြိတ် နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၌ ဆဋ္ဌမကြိမ်မြောက် သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာညီလာခံကို နိုဝင်ဘာ ၂၃ ရက်က ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဆဋ္ဌမကြိမ်မြောက် သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာညီလာခံကို မြိတ်တက္ကသိုလ် ပင်မဆောင်ရင်ပြင်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တနင်္သာရီရေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘွဲ့နှင်း သဘင်ခန်းမအတွင်း ဆက်လက်ကျင်းပသည်။
ညီလာခံတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သုတေသနညီလာခံသည် မိမိတို့ တိုင်းပြည်၏ ဒေသအကျိုးကို တိုက်ရိုက် အကျိုးပြုရုံသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအကျိုးပြုကြောင်းနှင့် ညီလာခံကြီးကြောင့် ပညာ ရပ်ဆိုင်ရာအသိပညာနှင့် နည်းပညာများကို ဖလှယ်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံသည် ကမ္ဘာမြေအတွက် အရေးပါလှ သော အစိတ်အပိုင်းများဖြစ်ပြီး ကမ္ဘာကြီးကြုံတွေ့နေရသော စိန်ခေါ်မှုများအတွင်း ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်အားထုတ်မှုများ လိုအပ်ကြောင်း၊ တနင်္သာရီဒေသသည် ကမ်းရိုးတန်းဒေသ ဖြစ်သောကြောင့် လူ့အဖွဲ့ အစည်းနှင့် သဘာဝဂေဟစနစ် ကောင်းကျိုးအတွက် ပုံဖော်ရာတွင် သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံ၏ အရေးပါသော အခန်းကဏ္ဍကို သိရှိရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တရုတ်နိုင်ငံမှ ဘူမိဗေဒ ပညာရှင် ပါမောက္ခနှစ်ဦးက အွန်လိုင်းမှတစ်ဆင့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြပြီး သုတေသနညီလာခံ ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြိတ် တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးမိုးလွင်က သုတေသနစာတမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ညီလာခံဖြစ်မြောက်ရေးအတွက် စေတနာ ရှင် အလှူရှင်များက အလှူငွေကျပ်သိန်း ၄၇၀ ကို လှူဒါန်းကြသည်။
သုတေသနညီလာခံ စာတမ်းဖတ်ပွဲ တွင် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန လက်အောက် တက္ကသိုလ် ၂၈ ခုရှိ ဓာတု ဗေဒဌာန၊ ရူပဗေဒဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန၊ ဘူမိဗေဒဌာန၊ အဏ္ဏဝါသိပ္ပံဌာန၊ ပထဝီဝင်ဌာန၊ ဥပဒေပညာ ဌာနတို့မှ သုတေသနစာတမ်းရှင်များ၏ စာတမ်းပေါင်း ၁၀၇ စောင်နှင့် နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ အဖွဲ့အစည်း ပေါင်း ၁၂ ခုတို့က စာတမ်းပေါင်း ၁၅ စောင်ကို ဖတ်ကြားတင်သွင်းခဲ့ကြောင်း သိရသည်။
သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ ညီလာခံကို မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် မှစတင်ကာ ငါးနှစ်ဆက်တိုက်ကျင်းပ နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ငါးကြိမ်၊ တရုတ်နိုင်ငံတွင် သုံးကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ယခုနှစ်တွင် မြိတ်တက္ကသိုလ်၌ ကျင်းပ သည့် ညီလာခံသည် မြန်မာနိုင်ငံ၌ ဆဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ အသိပညာ၊ အတတ်ပညာများကို ဖလှယ် ခွင့်ရရှိခြင်း၊ သင်ကြားရေးတွင် အထောက်အကူပြုနိုင်ခြင်း၊ နိုင်ငံတကာပညာရှင်များနှင့် ပညာရပ်ဆိုင်ရာ အချက်အလက်များကို ဆွေးနွေးနိုင်ခြင်း၊ အထူးသဖြင့် သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ သုတေသနများ လုပ်ဆောင် ရန် ဆွေးနွေးနိုင်ခြင်း၊ နိုင်ငံတကာပညာရှင်များနှင့် ချိတ်ဆက်၍ နိုင်ငံအကျိုးပြုသုတေသနများ ပြုလုပ်နိုင်ခြင်း၊ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တက္ကသိုလ်များ၌ ပါရဂူဘွဲ့၊ ပါရဂူဘွဲ့လွန်သုတေသနများ သွားရောက်ဆောင်ရွက်နိုင်ခြင်း၊ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှုကို ပိုမိုတိုးပွားစေခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်သည့် ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)