နေပြည်တော် နိုဝင်ဘာ ၂၅
အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ) စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ၏ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက သင်တန်းဆင်း မောင်မယ်များအနေဖြင့် ကျောင်းတော်ကြီးမှ လေ့လာသင်ယူခဲ့ရသည့် အသိပညာ၊ အတတ်ပညာများကို အစိုးရနှင့် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများနှင့် မိမိတို့၏ လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချပြီး စက်မှုဝန်ကြီးဌာန၏အကျိုး၊ နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြသည့် လူငယ်မောင်မယ်များဖြစ်လာစေရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက စံပြသင်တန်းသားဆုနှင့် ဘာသာရပ်ထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများက သင်တန်းသားများကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား/သင်တန်းသူများ လက်တွေ့ ပြုလုပ်ထားသည့် သင်တန်းဆင်း Project များကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းဆင်း Project ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဆုများချီးမြှင့်သည်။
အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) အနေဖြင့် ဖွင့်လှစ်ပြီး သင်တန်းအမှတ်စဉ် (၁၂)ခုတွင် သင်တန်းသား (၁၁၃၄)ဦးနှင့် သင်တန်းသူ (၃၆၈)ဦး၊ စုစုပေါင်း (၁၅၀၂)ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။ ယခုသင်တန်းတွင် Machinery, CAD/CAM, Electrical, Electronics နှင့် Foundry ဘာသာရပ်တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား (၆၅) ဦးနှင့် သင်တန်းသူ (၃၆)ဦး၊ စုစုပေါင်း (၁၀၁)ဦးတို့ကို ထပ်မံမွေးထုတ်ပေးခဲ့သည်။
စက်မှုဝန်ကြီးဌာနတွင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် စက်မှု သင်တန်းကျောင်း(၆)ကျောင်းကို တည်ထောင်ဖွင့်လှစ်ထားရှိပြီး နှစ်စဉ်စက်မှုကျွမ်းကျင်လုပ်သား (၁၀၀၀)ကျော်ကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် မုံရွာမြို့နှင့် သထုံမြို့တို့တွင် စက်မှုသင်တန်းကျောင်းများ ထပ်မံဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ စက်မှုသင်တန်းကျောင်းများမှ စက်မှုနှင့်အသက်မွေးပညာ ဘာသာရပ် (၁၆)မျိုးကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ထို့ပြင် စက်မှုသင်တန်းကျောင်းများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်အပေါ် မူတည်၍ သံဂဟေ/ဓာတ်ငွေ့ ဂဟေဆက်သင်တန်း၊ လျှပ်စစ်သင်တန်း၊ လယ်ယာသုံးအင်ဂျင် အမျိုးမျိုးနှင့် မော်တော်ဆိုင်ကယ် ပြုပြင် သင်တန်း၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းစသည့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းများကို ဒေသအရောက် သွားရောက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်