နေပြည်တော်၊ နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်သည့် လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒ (၄) ရပ်၊ လုပ်ငန်းတာဝန် (၇) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသအလိုက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးများကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အမျိုးသမီး ကော်မတီများကို မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် ပြန်လည် သုံးသပ်မှုများ ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည့် ကြီးကြပ်လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေးများ ကျင်းပဆောင်ရွက်ခြင်းကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင်များနှင့် အတွင်းရေးမှူးတို့က ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ 

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

ဆက်လက်၍ အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေးကို အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ECCD လွှမ်းခြုံမှုနှင့်ပတ်သက်၍ စာရင်းဇယားများအရ အသက် (၆) လမှ အသက် (၃) နှစ်အရွယ် ကလေးငယ်များ၏ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဝန်ဆောင်မှုများ ရရှိမှုမှာ (၀ ဒသမ ၃၂) ရာခိုင်နှုန်း သာရှိပြီး အသက် (၃) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များ၏ မူကြိုပညာရေးဝန်ဆောင်မှု ရရှိမှုမှာ (၂၇ ဒသမ ၂၀) ရာခိုင်နှုန်းသာရရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

မွေးစမှ အသက်(၈)နှစ် အရွယ်အထိ ကလေးများ၏ ဘက်စုံဖွံ့ဖြိုးမှုသည် အရေးကြီးသည့်အတွက် ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့အကောင်အထည် ဖော်သွားရန် မဖြစ်မနေလိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်