ရန်ကုန် ၂၁ ဖေဖော်ဝါရီ 

 

Line Walker - 2 ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို   ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ မဟာဗန္ဓုလ ပန်းခြံလမ်း (အလယ်ဘလောက်)တွင်  ရိုက်ကူးခဲ့သည်။
နံနက် ၆ နာရီခွဲက စတင်ပြီး ရိုက်ကူးရေးအတွက် ဇာတ်ဝင်ခန်း အပြင်အဆင်များနှင့်အတူ အက်ရှင်ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးရေးအဖွဲ့သားများက အချိန်ယူ ရိုက်ကူးခဲ့ကြသည်။

 

Kyi Phyu Shin

 

ဒါရိုက်တာ ကြည်ဖြူသျှင်က “နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဇာတ်ကား လာရိုက်တာ ရုပ်ရှင်သမားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ လက်တွေ့ ကွင်းဆင်းလာပြသလိုပဲ။ ဒီနေ့မြင်ရတဲ့ ဆက်တင်တွေဆိုရင် မနေ့ည ၈ နာရီလောက် ကတည်းက ချထားပြီးပြီ။ ကမ္ဘာကျော်ကားတွေ အောင်မြင်တာမပြောနဲ့ သူတို့ရဲ့ ကြိုတင်ပြင်ဆင်မှုတွေက တအားကောင်းတယ်။ နောက်တစ်ခုက ရိုက်ကွင်းပေါ်က ကြိုးစားမှုတွေ၊ မြင်တွေ့ရတဲ့ စွန့်စားမှုတွေကလည်း စိတ်လှုပ်ရှားစရာကောင်းတယ်။ ဒါ့ကြောင့် ဒီမှာရှိတဲ့ ရုပ်ရှင်လောကသားတိုင်း ရိုက်ကွင်းကို လာကြည့်သင့်တယ်။ အချိန်မပေးနိုင်ရင်တောင် တစ်ရက်လောက်ဖြစ်ဖြစ်၊ နေ့တစ်ပိုင်းလောက်ဖြစ်ဖြစ် ကြည့်စေချင်တယ်။ ဒါမှ သူတို့ရဲ့ ကြိုးစားမှုနဲ့ လုပ်ဆောင်မှုကို မြင်တွေ့နိုင်မယ်” ဟုပြောသည်။

 

Min Yar Zar.

 


သရုပ်ဆောင် မင်းရာဇာက “ကျွန်တော်က ဝါသနာပါတဲ့အတွက် သူတို့ရိုက်ကွင်း ရိုက်တဲ့ဆီကို သွားလေ့လာတော့ အဲ့ဒီမှာ ကျွန်တော့်ကိုတွေ့ပြီး သဘောကျလို့ ခေါ်တယ်။ သရုပ်ဆောင်တဲ့အပိုင်းကတော့ နေရာအများကြီး မရပါဘူး။ အတွေ့အကြုံအတွက်ပဲ ဝင်ပြီးတော့ ရိုက်တာပါ။ ဆိုးသွမ်းတဲ့ ပုံစံမျိုး၊ ဂိုဏ်းစတား နေရာကပါဝင်ရမယ်။ ကိုယ့်နိုင်ငံမှာ လာရိုက်တဲ့အတွက် လေ့လာသင့်ပါတယ်။ အိပ်ပျော်နေတဲ့ နိုင်ငံကို နှိုးထလိုက်သလို အိပ်ပျော်နေတဲ့ ဈေးကွက်ကို အမြင်တစ်ခုအနေနဲ့ ပေးလိုက်တယ်လို့ ထင်ပါတယ်” ဟုပြောသည်။

 

ယနေ့ရိုက်ကူးရာတွင် တရားခံဖြစ်သူကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးသည့် ဇာတ်ဝင်ခန်းဖြစ်ပြီး အဆောက်အဦ အမြင့်ပေါ်မှခုန်ချခြင်း၊ လူအုပ်ထဲ ပြေးလွှားခြင်းများနှင့် သေနတ်ပစ်ခတ်ခြင်း စသည့် ဇာတ်ဝင်ခန်းများပါဝင်ပြီး  လာရောက်ကြည့်ရှုလေ့လာသူ ပြည်သူအများအပြားရှိခဲ့သည်။

 

Nay Htoo Naing

 


လာရောက်လေ့လာကြည့်ရှုသူ သရုပ်ဆောင်နေထူးနိုင်က “ရိုက်ကွင်း ပြင်ဆင်မှုတွေကတော့ ကျွန်တော်တို့ဆီမှာ ရိုက်နေတဲ့ပုံစံနဲ့ တော်တော်ကွာတယ်။ အဓိကကတော့ ဈေးကွက်နဲ့ ဘတ်ဂျက်ပါပဲ။ အခု သူတို့ မြန်မာနိုင်ငံကို ၁၂ ရက်လောက် လာရိုက်တာ ကျပ်သိန်းပေါင်း ၁၈၀ဝ၀ လောက် ဘတ်ဂျက်ရှိတယ်လို့ ဆိုတယ်” ဟုပြောသည်။

 

U Hla Kyaw

 


လာရောက်လေ့လာကြည့်ရှုသူ ယုဇနဥယျာဉ်အိမ်ရာနေထိုင်သူ ဦးလှကျော်က “Facebook မှာ နိုင်ငံခြားကနေ လာရိုက်တယ်ဆိုတာတွေ့လို့ အခုလိုလာကြည့်တာ။ ကမ္ဘာ့အဆင့်အတန်းမီတဲ့ ရုပ်ရှင်တွေ ရိုက်တဲ့အတွက် သုံးစွဲတဲ့ပစ္စည်းတွေက ပြောစရာမလိုဘူး။ မြင်ကွင်းအနေနဲ့ တွေ့တာက ရှုတင်အနေနဲ့ ဈေးသည်တွေခေါ်တယ်။ လုံခြုံရေးအတွက် မြန်မာနိုင်ငံက လုံခြုံရေးဝန်ထမ်းတွေ ငှားတယ်။ နောက်ရိုက်ကွင်းအတွက် မြန်မာဝန်ထမ်းတွေကို ငှားတယ်။ ဒါတွေမြင်ရတော့ ဝမ်းသာတယ်။ ထိုက်ထိုက်တန်တန်တော့ ရစေချင်တယ်။ နိုင်ငံခြားသားကုမ္ပဏီတွေကို ရိုက်ခွင့်ပေးတာ ဝမ်းသာတယ်။ မြန်မာနိုင်ငံက ရုပ်ရှင်တွေကိုလည်း အဲဒီလိုအခွင့်အရေး ရစေချင်တယ်။ အဆင့်အတန်းမီတဲ့ ရုပ်ရှင်တွေ ရိုက်မယ်ဆိုရင် မြန်မာဒါရိုက်တာတွေကိုလည်း ဒီလိုမျိုး ခွင့်ပြုစေချင်တယ်” ဟုပြောသည်။

 

Action ဇာတ်လမ်းရိုက်ကူးရာတွင် ပစ်ခတ်မှု၊ ဖောက်ခွဲမှု၊ မော်တော်ကားများ အပြိုင်မောင်းနှင်မှု၊ ယာဉ်တိုက်မှု၊ ရဟတ်ယာဉ်ပျံသန်းမှု စသည့်ဇာတ်ဝင်ခန်းများ ပါဝင်သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ဝိုင်းဝန်းကူညီပံ့ပိုးပေးလျက်ရှိသည်။

 

ရန်ကုန်မြို့၌ Line Walker-2 (Operation Midnight Shadow) ရုပ်ရှင်၏ ဇာတ်ဝင်ခန်းများ ရိုက်ကူးဆောင်ရွက်လျက်ရှိရာတွင် အချိန်ပိုင်း လမ်းပိတ်ဆို့မှုများကြောင့် အများပြည်သူသွားလာမှု အဆင်မပြေဖြစ်ခဲ့ပါက သည်းခံခွင့်လွှတ်ပေးပါရန် အဆိုပါရုပ်ရှင်အတွက် မြန်မာနိုင်ငံဘက်မှ တာဝန်ယူဆောင်ရွက်သည့် Yangon Synthesis Productions ကုမ္ပဏီက  မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။  

 

mage Kyaw S

 


အမှတ်(၄၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ကျောက်တံတားတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်စန်းဦးက “ရိုက်ကူးရေးနဲ့ပတ်သက်ပြီး လမ်းပိတ်လမ်းလွှဲတွေကို ဆောင်ရွက်ပေးနေပါတယ်။ သက်ဆိုင်ရာနယ်မြေခံအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးနေတာပါ။ ဒီနေ့ဆိုရင် မဟာဗန္ဓုလ ပန်းခြံလမ်းကိုဝင်လာတဲ့ ယာဉ်တွေကို စည်ပင်လမ်းဘက်ကို လမ်းလွှဲဆောင်ရွက်ပေးပါတယ်။ City Star Hotel ကနေပြီး အနော်ရထာ လမ်းကိုသွားတဲ့ လမ်းပိုင်းကိုတော့ ခေတ္တပိတ်ပြီး ဆောင်ရွက်နေပါတယ်။ ဒီလမ်းအတွင်း နေထိုင်တဲ့ မိသားစုတွေရဲ့ ကားတွေကိုတော့ ကြိုတင်ပြီး ကြေညာထားတဲ့အတိုင်း သူတို့အိမ်ရှေ့တွေမှာ ရပ်မယ့်ကားတွေကို မဟာဗန္ဓုလပန်းခြံရှေ့ ကားပါကင်မှာ သီးခြားနေရာ ချထားပေးတဲ့အတွက် လမ်းပိတ်ဆို့မှု မရှိပါဘူး”ဟု ပြောသည်။

 

U Zaw Zaw.

 


ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ (ယာဉ်မောင်း) ဦးဇော်ဇော်က “ဒီရုပ်ရှင်ဇာတ်ကားရိုက်လို့ လမ်းပိတ်ဆို့မှု မရှိပါဘူး။ လမ်းပိတ်ထားတယ်ဆိုတာကလည်း ရိုက်ကွင်းရှိလို့ နာရီပိုင်းလောက် ပိတ်တာဆိုတော့ အခက်အခဲမရှိပါဘူး။ အခုလို ပြည်ပကလာရိုက်တဲ့အတွက် တိုင်းပြည်အတွက် အများကြီးအကျိုးရှိပါတယ်”ဟေု ပြာသည်။
သတင်း- ရဲခေါင်၊ ဇော်ကြီး၊ ဓာတ်ပုံ-ရဲထွဋ်