ရန်ကုန် ဒီဇင်ဘာ ၁၂
တီမောလက်စတေနိုင်ငံ သမ္မတ၏ ပြောဆိုချက်များမှာ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးနှင့် အချုပ်အခြာ အာဏာကို ဖောက်ဖျက်ရာကျပြီး NUG အငှားသဘောမျိုးဖြစ်သောကြောင့် သမ္မတဈေးကျဟု ဝါရင့် နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်သူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)၏ ဦးဆောင်နာ ယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက GNLM ကို ပြောသည်။
မြန်မာ့တပ်မတော်သားများအနေဖြင့် တပ်မတော်လက်အောက်က ထွက်ခွာကြရန် တီမောလက် စတေနိုင်ငံသမ္မတ ဟိုဆေးရာမို့ဟောတာက ဗွီဒီယိုမိန့်ခွန်းဖြင့် တိုက်တွန်းခြင်းအပေါ် ၄င်းက အထက်ပါ အတိုင်း မှတ်ချက်ပြုပြောဆိုလိုက်ခြင် ဖြစ်သည်။
“အစိုးရအချင်းချင်းဆက်ဆံရေးကို ဖောက်ဖျက်ရာကျတာပေါ့၊ သူတစ်ပါးနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာကို ဖောက်ဖျက်ရာကျတာပေါ့။ အကယ်၍ ရိုးရိုးအရပ်သားတစ်ယောက်၊ နိုင်ငံရေး အာဏာမရှိဘူး၊ သမ္မတလည်း မဟုတ်ဘူး၊ ဝန်ကြီးချုပ်လည်းမဟုတ်ဘူး၊ အလွတ်သဘောမျိုး ပြောကြတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ အခုက သူကတာဝန်ရှိတဲ့ အစိုးရလည်းဖြစ်တယ်၊ သမ္မတလည်းဖြစ်တယ်။ နိုင်ငံအချင်းချင်းစောင့်ထိန်းရမယ့်ဟာကိုတော့ နားလည်ရမှာပေါ့။ ပြောတာတော့ နည်းနည်းများသွားတယ်လေ။ ဒါကြောင့် သူ ဒီလိုလုပ်ပုံလုပ်နည်းက အနည်းဆုံး သူပြောရမှာက အာဆီယံမူလောက်ကို ထောက်ခံတယ်။ အာဆီယံမူလောက်ကို လိုက်လုပ်ပေးဖို့ လိုတယ်လောက် တိုက်တွန်းရင်တော်သေးတယ်လေ။ အခုကတော့ ရဲဘော်တွေအားလုံး လက်နက်ချကြ၊ ဘာလုပ်ကြဆိုတော့ သူက NUG အစိုးရအဖွဲ့ဝင်တစ်ယောက်လို ပြောသလို ဖြစ်နေတယ်။ သူ့ကိုယ်သူ ဈေးချသလို ဖြစ်တယ်။ NUG အငှားဖက်ကပြောသလို ဖြစ်သွားတော့ သူ့ခမျာလည်း နိုင်ငံအကြီးအကဲ သိက္ခာကျတာပေါ့။ ဘယ်ဘက်ရှုထောင့်ကပဲကြည့်ကြည့် မဖြစ်သင့်တဲ့ဟာပါ ”ဟု ၄င်းက ပြောသည်။
ပြည်ပြေးလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော NUG ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
သို့သော်လည်း တီမောလက်စ်တေနိုင်ငံ အစိုးရအနေဖြင့် NUG နှင့်တွေ့ဆုံခဲ့သောကြောင့် တီမောလက်စ်တေနိုင်ငံ၏ တာဝန်မဲ့လုပ်ရပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ တီမောလက်စ်တေသံရုံး တာဝန်ခံကို မြန်မာနိုင်ငံအတွင်းက ထွက်ခွာသွားရန် ပြီးခဲ့သည့်သြဂုတ်လ ၂၇ ရက်နေ့က အစိုးရက စက်တင်ဘာလ ၁ ရက်ထက်နောက်မကျစေဘဲ မြန်မာနိုင်ငံက ထွက်ခွာသွားရန် အမိန့်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တီမောလက်စ်တေနိုင်ငံသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်ရန် အကြမ်းဖက်အုပ်စုကို တိုက်တွန်းအားပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
“သူက အလံဖြူထောင်ဖို့ သဘောမျိုးသက်ရောက်တဲ့စကားကို အခုလိုပြောဆိုတာဟာ တကယ့် အကြမ်းဖက်အစစ်ဖြစ်သွားပြီ။ တကယ်လို့သာ အာဆီယံမှာ သူလေ့လာသူအဖြစ် တက်ခဲ့တယ်ဆိုရင် သူ့ကိုကန့်ကွက်လို့ရတယ်။ အခုလို ပြောဆိုလိုက်တာကြောင့် အာဆီယံမှာ မှတ်တမ်းဝင်ဖြစ်သွားပြီ။ သမိုင်းမှာ အကြမ်းဖက်ဆိုတာ မှတ်တမ်းဝင်သွားပြီ။ တီမောဆိုတာ ပထဝီအနေအထားအရ မြန်မာနိုင်ငံနဲ့ ဆက်စပ်မှုမရှိတဲ့နိုင်ငံပါ။ နိုင်ငံသေးသေးလေးပါ။ တကယ့်ကို မြေမျက်နှာပြင် မဆက်စပ်တဲ့၊ ဘာသာအယူအဆလည်းမတူတဲ့ နိုင်ငံပါ၊ အာဆီယံနိုင်ငံတွေထဲမှာ အဖွဲ့ဝင်နိုင်ငံတောင် ဖြစ်သေးဘူး။ ဒါက အားလုံးဝိုင်းပြီး ကန့်ကွက်သင့်တယ်”ဟု လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသူ တစ်ဦးက ပြောသည်။
တီမောလက်စ်တေနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် မျှော်လင့်နေသော နိုင်ငံဖြစ်သည်။
By Myo Khine