ခန္ဓာရှိလျှင် ဒုက္ခနှင့်မကင်းနိုင်ဟု တရားတော်တွင်ဆိုသကဲ့သို့ ဒုက္ခအမျိုးမျိုးတို့အနက် ၉၆ ပါးသော အနာရောဂါတို့သည် လူသတ္တဝါတို့ကိုတစ်မျိုးမဟုတ်တစ်မျိုး နှိပ်စက်နိုင်ပေသည်။ အနာရောဂါအမျိုးမျိုးတို့တွင်မကူးစက်နိုင်သောရောဂါနှင့် ကူးစက်နိုင်သော ရောဂါဟူ၍ရှိရာ ယ ခုကဲ့သို့ဆောင်းမှနွေသို့ အကူးအပြောင်းကာလတွင် ကူးစက်တတ်သောရောဂါ များကို အထူးသတိပြုရမည်ဖြစ်သည်။

ရာ သီအကူးအပြောင်းတွင် လူ၊ တိရ္ဆာန်တို့၌ ကူးစက်ရောဂါ တစ်မျိုး မဟုတ်တစ်မျိုး ဖြစ်ပွားတတ်သည်။ ယခုကာလတွင် လူတို့၌ ဝက်သက်ရောဂါဖြစ်ပွားနေပြီး တိရ္ဆာန်များတွင် ဖြစ်ပွားနေကျ ကြက်ငှက်တုပ်ကွေး ရောဂါတို့အပြင် အာဖရိကဝက်အပြင်းဖျားရောဂါပါ ဖြစ်ပွားနေသဖြင့်ဖြစ်ပွားရာဒေသများတွင် ထိရောက်စွာကုသနှိမ်နင်း ဆောင်ရွက်နေပြီး မဖြစ်ပွားသေးသောဒေသများသို့ ကူးစက်ခြင်းမရှိနိုင်အောင် ကြိုတင်ကာကွယ်တားဆီးနေပေသည်။

ရာသီအလိုက်ဖြစ်ပွားသည့် ဝက်သက်ရောဂါသည် ဝက်သက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် အလွန်ကူးစက်မြန်သောရောဂါဖြစ်ပြီး ကလေး ငယ်များအား ကူးစက်မြန်သဖြင့် အထူးဂရုစိုက်ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ကူးစက်နိုင်သည့်ရောဂါဖြစ်၍ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ရောဂါရှိသူနှင့် နီးကပ်စွာနေထိုင်ခြင်းတို့ကိုသတိထားရမည်ဖြစ်သည်။ ပထမဆုံးရောဂါလက္ခဏာမှာ တစ်ရက်မှခုနစ်ရက်အတွင်း အပြင်းဖျားပြီး နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မျက်မြှေး ရောင်ခြင်းနှင့် ပါးစောင်တွင် သေးငယ်သော အဖြူစက်ပေါ်လာသည်။

ဝက်သက်ရောဂါနှင့် အဆုတ်ရောင်ရောဂါ တွဲ၍ဖြစ်ပွားခြင်းသည် ကလေးသေဆုံးမှုမြင့်မားစေသည်ကို သတိထားရမည်ဖြစ်သည်။ ကူးစက်မြန်ရောဂါဖြစ်ပြီး အထူးသဖြင့် အာဟာရချို့တဲ့သည့် ကလေးငယ်များတွင်ရောဂါပြင်းထန်ကာ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ခြင်း၊ ခန္ဓာကိုယ်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျဆင်းနိုင်သည့်အပြင် အသက်သေဆုံးသည်အထိဖြစ်ပွားနိုင်ပြီး ထိုရောဂါကို အလျင်အမြန်ကုသခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်းဖြင့်သာ ကာကွယ်နိုင်သည်။

ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်း ကို ရန်ကုန်တိုင်းဒေသကြီး ခုနစ်မြို့နယ်မှ ကလေးငယ် ခြောက်သိန်းခန့်အတွက် ကာကွယ်ဆေးအပိုဆောင်း အစုလိုက်ထိုးနှံရန် နိုင်ငံခြား ငွေအမြောက်အမြား အကုန်အကျခံကာ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါမြို့နယ်များတွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ယခုလ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈ ရက်အထိ ထိုးနှံပေးလျက်ရှိရာ တွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုရာ သီတွင် တိရ္ဆာန်များအနေဖြင့် ကြက်ငှက်တုပ်ကွေးရောဂါများ ဖြစ်ပွားလေ့ရှိပြီး လက်ရှိကာလအထိ နိုင်ငံပေါင်း ၁၆ နိုင်ငံ၌ ရောဂါ ဖြစ်ပွားခဲ့သည်။ နိုင်ငံအသီးသီးတွင် ကြက်ငှက်တုပ်ကွေးရောဂါသည်ရာ သီမရွေး ဖြစ်ပွားနိုင်သဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကြက်၊ ဘဲ၊ ငုံးခြံများတွင် ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်သည်။ ရောဂါ မဖြစ်ပွားစေရေးအတွက် ဆေးဖျန်းခြင်း၊ တိရ္ဆာန်များကို သန့်ရှင်းစွာ ကိုင်တွယ်ခြင်း၊ အသား၊ ဥတို့ကို သေချာစွာချက်ပြုတ်ပြီးမှ စားသုံးခြင်း တို့ကို ပြုလုပ်ရမည်ဖြစ်သည်။ယခုအခါ အာဖရိကဝက်အပြင်းဖျားရောဂါများ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်း တွင် ရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ တစ်သန်းနီးပါးကို သုတ်သင်ရှင်းလင်းခဲ့ရာ မြန်မာနိုင်ငံသို့ ထိုရောဂါများ ကူးစက်မပြန့်ပွားရေး၊ မြန်မာနိုင်ငံရှိ ဝက်များကို သတိပြုစစ်ဆေးရေး၊ အစားအသောက်များကိုလုံခြုံစိတ်ချမှစားသုံးရေးတို့ကို အထူးလိုက်နာရန်လိုအပ်သည်။

သို့ဖြစ်ရာ ယ ခုကာလတွင် လူနှင့် တိရ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသော ရောဂါများကူးစက်ပျံ့နှံ့ ဖြစ်ပွားခြင်း မရှိစေရန်အတွက် ကျန်းမာရေး ဌာနနှင့် သက်ဆိုင်ရာဌာနများ၏ လမ်းòန်မှာကြားချက်များနှင့်အညီပြည်သူများ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ကြေးမုံ