နိုင်ငံတစ်နိုင်ငံ သို့တည်းမဟုတ် ဒေသအစိတ်အပိုင်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖြေရှာရာတွင် အရင်းခံအကြောင်းတရားမျိုးစုံ၊ အခက်အခဲမျိုးစုံတို့မှ မြစ်ဖျားခံလာသည်ကို တွေ့ကြရသည်။ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ နှစ်ပေါင်းများစွာ ပြည်သူလူထုက နိုင်ငံရေးနှင့် ဝေးဝေးနေခဲ့ကြရသည့် အကျိုးဆက်အဖြစ် နိုင်ငံရေးအတွေ့အကြုံအားနည်းပြီး နိုင်ငံရေးပျိုးထောင်မှု အဆင့်အတန်းနိမ့်ကျခဲ့ရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် များစွာ ခက်ခဲတတ်ကြောင်း ပညာရှင်များက ဆိုမိန့်ခဲ့သည်ကို မှတ်သားရဖူးသည်။


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ တွင် နိုင်ငံရေးအရခေတ်မီခြင်း (Political modernization) ရှိရမည်။ နိုင်ငံရေးအရ ခေတ်မီခြင်းဟုဆိုရာ တွင် ပြည်သူတို့၏ မှန်ကန်သည့် သဘောထားဆန္ဒများကို လက်တွေ့အကောင် အထည်ဖော်သည့် လုပ်ငန်းများအဖြစ်သို့ ပြောင်းလဲပေးနိုင်သော နိုင်ငံရေးယန္တရား (Poitical mechanism) ရှိရမည်။ နိုင်ငံရေးဖြစ်စဉ်အတွင်း ပြည်သူတို့ ပါဝင်မှု အဆင့်အတန်းတိုးတက်မြင့်မားလာရန် အစိုးရ က တာဝန်ယူရမည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူအကြား အပြန်အလှန်နားလည်မှုရှိရမည်။ အစိုးရနှင့် ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှု(Political maturation)သည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအကျ ဆုံးသော လိုအပ်ချက်တစ်ရပ်ဖြစ်သည်ဟူသော အဆက်အစပ်များ ရှိနေ သည်ကို အထူးသတိမူကြရမည်ဖြစ်သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်အတွင်း ကော့သောင်းခရိုင်အတွင်းရှိမြို့နယ်များမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ တွင် “ပြည်နယ်နှင့် တိုင်း တော်တော်များများကို ရောက်ခဲ့ရာ တွင် ပြည်နယ်/တိုင်းအစိုးရများနှင့်ပြည်သူလူထုကြားတွင် နီးကပ်မှုရှိသင့်သလောက် မရှိသည်ကို သတိပြုမိကြောင်း၊ အစိုးရသည် ပြည်သူလူထုနှင့် ကင်းကွာနေ၍ မဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ အားလုံးတာဝန်ရှိသည်ဆိုသော်လည်း ဒီမိုကရေစီစနစ်အရ ရွေးချယ်ခံထားရသည့် အစိုးရများတွင် တာဝန်အရှိဆုံးဖြစ်ကြောင်း၊ ပြည်သူတို့အတွက် တာဝန်ယူရာ တွင် ဗဟိုအစိုးရမှာ တာဝန်ရှိသလိုတိုင်း/ပြည်နယ်အစိုးရများမှာလည်း တာဝန်ရှိကြောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ရာ တွင် ဗဟိုအစိုးရက တိုင်း/ပြည်နယ်အစိုးရများနှင့် မည်သို့မျှ မယှဉ်နိုင်ကြောင်း” စသည့်အချက်များကို ပြောကြားခဲ့သည်မှာ မှတ်သား ပြုပြင်ကြရမည့် အချက်များပင်ဖြစ်သည်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပြည်သူများ ထိတွေ့ဆက်ဆံရေး၊ ပြည်သူများ၏ မှန်ကန်သော ဆန္ဒသဘောထားများကို အကောင်အထည်ဖော်နိုင်မည့်  ယန္တရား များ တည်ဆောက်ရေး၊ အစိုးရနှင့်ပြည်သူအကြား အပြန်အလှန်နားလည်မှု၊ တာဝန်ရှိမှုတို့ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီ ဦးတည်ကြရမည်ဖြစ်သည်။


အထက်တွင် ဆိုခဲ့သည့်အတိုင်း ပြည်သူများ၏ နိုင်ငံရေး ရင့်ကျက်မှုနှင့် နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်လာရန် တာဝန်ရှိမှုတို့ကိုလည်း ပြည်သူများက ကောင်းစွာသိနားလည်ကြပြီး မိမိတို့နေထိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရ၏ တာဝန်သက်သက်သာမဟုတ်ဘဲ မိမိတို့လည်း ပူးပေါင်းပါဝင်ကြရန် လိုအပ်သည်ကို သဘောပေါက်ထားကြရမည် ဖြစ်သည်။


တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ တာဝန်ကျေပါ။ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရများ တာဝန်ကျေရင် ကျွန်မတို့ နိုင်ငံဟာ မုချမသွေအချိန်တိုတိုအတွင်းမှာ တိုးတက်နိုင်မယ်...။ ပြည်သူလူထုအနေ နဲ့လည်း ကိုယ့်အစိုးရကို ကိုယ်ထိန်းပါ။ ကျွန်မထိန်းဖို့ ပြောတဲ့အခါမှာ ယဉ်ယဉ်ကျေးကျေးတော့ထိန်းပါ...” ဟူ၍လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ရာ အ စိုးရနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံရာ တွင် မလွဲမသွေလိုအပ်ချက်များလည်း ဖြစ်သည်။နိုင်ငံဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်ရေး တွင် ခေါင်းဆောင်တို့၏ အခန်းကဏ္ဍသည် အမြင့်မားဆုံးတွင် တည်ရှိနေသည်။ မိမိတို့ဒေသ၊ မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ထက်သန်သောစိတ်ဓာတ်ခွန်အား၊ အပြန်အလှန်နားလည်မှု၊ တာဝန်ခံယူမှုများ၊ နိုင်ငံရေးရင့်ကျက်မှုများဖြင့် အစိုးရများနှင့် ပြည်သူများအကြား တစ်သားတည်းပေါင်းစည်းကာ ထုဆစ်တည်ဆောက်နိုင်ကြပါစေကြောင်း။ မြန်မာ့အလင်း