နေပြည်တော် ဒီဇင်ဘာ ၂၀                                              

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများသို့ သွားရောက်စစ်ဆေးသည်။

 

ပထမဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာနှင့်အတူ လယ်ဝေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြန်မာ့စီးပွားရေးဘဏ်သည် အစိုးရအဖွဲ့အစည်းများနှင့် ဘဏ်နှင့်ဆက်သွယ်လာသူ ပုဂ္ဂလိကများသို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ခေတ်အဆက်ဆက် ယုံကြည်စိတ်ချစွာ ဆောင်ရွက်ပေးနေသည့် နိုင်ငံပိုင်ဘဏ်ကြီးဖြစ်၍ ဘဏ်လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေ၊ ငွေစုဘဏ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ စနစ်တကျ ဂရုတစိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဘဏ်နှင့်ဆက်သွယ်လာသူများအား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ပင်စင်လစာ ထုတ်ယူသူများအတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေးမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ လယ်ဝေးမြို့နယ် အခွန်ဦးစီးဌာနမှုးရုံးသို့ သွားရောက်စစ်ဆေးပြီး အခွန်ရငွေများ တိုးမြင့်ကောက်ခံရရှိနိုင်ရေးအတွက် အခွန်နှုန်းများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်ကောက်ခံနိုင်သည့် အခွန်အခြေ တိုးချဲ့ဖော်ထုတ်နိုင်သည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ရေး၊ တိုးတက်လာသည့် နည်းပညာများကိုအသုံးပြု၍ အခွန်တိုးချဲ့ ကောက်ခံနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရေးတို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် လယ်ဝေးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး နိုင်ငံတော်၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် တောင်သူများ၏ ချေးငွေလိုအပ်ချက်များကို အဓိကဖြည့်ဆည်းပေးနေသော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အဓိကတာဝန်နှစ်ရပ်မှာ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်နှင့် လယ်ယာဖွံ့ဖြိုးရေး ချေးငွေများကို ထုတ်ချေးရန်နှင့် သတ်မှတ်ကာလအတွင်း ပြန်လည်ကောက်ခံရန်ဖြစ်ကြောင်း၊ ယင်းတာဝန်များကို ရေရှည်ဆောင်ရွက်နိုင်စေရန် ကြွေးဟောင်းပြေကျေမှ ကြွေးသစ်ပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ကြွေးဟောင်းများ ကောက်ခံရရှိရေးအတွက် နယ်မြေဒေသအုပ်ချုပ်မှု အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကြွေးကျန်လျော့နည်း ကျဆင်းရေး စီမံချက်နှင့် အလွဲသုံးစားမှု လျော့နည်းပပျောက်ရေး စီမံချက်တို့ကို အောက်ခြေဝန်ထမ်းများ သိရှိနားလည် လိုက်နာရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်