မြိတ် ဒီဇင်ဘာ ၂၀

 

မြိတ်တက္ကသိုလ်တွင် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ်နှင့် ဓလေ့ထုံးတမ်းများ မတိမ်ကော မပပျောက်အောင် ရေရှည်တည်တံ့စေရန်၊ ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်အတွက် တက္ကသိုလ်ပေါင်းစုံ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့် တိုင်းရင်းသားလူငယ် စကားဝိုင်းကို ယမန်နေ့က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

 

တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အစဉ်အလာ ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် တိုင်းရင်းသားလူငယ် ကျောင်းသားကျောင်းသူ မောင်/မယ်များအနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ်နှင့် ဓလေ့ထုံးတမ်းများ မတိမ်ကော မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်။

 

တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းကို ရည်ရွယ်ချက်ကောင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာ ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ဒါ့အပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားတိုးတက်စေပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှသည် ပြည်ထောင်စုစိတ်ဓာတ်များ မြင့်မားခိုင်မာလာမှာဖြစ်ကြောင်း။

 

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် ယခုလို လူငယ်စာပေစကားဝိုင်းများ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး လူငယ်များ အားသွန်ခွန်စိုက် ပါဝင်နေခြင်းသည်လည်း ကောင်းမွန်သည့် အပြုအမူကောင်းသည် အနာဂါတ်များပင်ဖြစ်၍ တိုင်းပြည်အတွက် ဗလငါးတန်နှင့် ပြည့်စုံသော ထူးချွန်လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာမည်ဟုလည်း ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ဝမ်းမြောက်စကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က အမှတ်ပေးစည်းမျဉ်းများ ပြောကြားသည်။ ဆက်လက်၍ တက္ကသိုလ် အနုပညာအသင်းမှ တိုင်းရင်းသားပေါင်းစုံ တေးသရုပ်ဖော် ကပြဖျော်ဖြေ၍ ပြိုင်ပွဲစတင်ခဲ့သည်။ ပြိုင်ပွဲကို မြိတ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မြိတ်)နှင့် နည်းပညာတက္ကသိုလ်(မြိတ်)တို့မှ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ (၂၂)တွဲက တိုင်းရင်းသားရိုးရာများနှင့် တနင်္သာရီဒေသရိုးရာ ဝတ်စားဆင်ယင်မှုများကို ပဏာမယှဉ်ပြိုင်ခဲ့ကြသည်။

 

ယင်းနောက် တိုင်းရင်းသား လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ တက္ကသိုလ်(၃)ခုမှ ကျောင်းသားကျောင်းသူ(၆)ဦးမှ "တိုင်းရင်းသားလူငယ် အခြေပြုမှသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆီသို့" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြရာ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

 

ဆက်လက်၍ တက္ကသိုလ်ပေါင်းစုံ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု ဆန်ကာတင်ရွေးချယ်ထားသော ပြိုင်ပွဲဝင်များ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး တက္ကသိုလ်အနုပညာအသင်းမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် တိုင်းရင်းသားရေးရာဝန်ကြီးက ထောက်ပံ့ငွေများကို ပါမောက္ခချုပ်ထံ ပေးအပ်ပြီး ဒိုင်အဖွဲ့ဝင်များနှင့် အကနည်းပြများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များ၊ စကားဝိုင်း ဆွေးနွေးသူများကို ဂုဏ်ပြုမှတ်တမ်းများနှင့် ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုတံဆိပ်များကို တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)