မန္တလေး ဒီဇင်ဘာ ၂၀
ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ အချင်းချင်းချိတ်ဆက်ပေးနိုင်ခြင်း ဖြင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မန္တလေးတိုင်းဒေသကြီး၏ စီးပွားရေး အလားအလာများ သိသာပေါ်လွင်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့် Mandalay International Trade Fair & Investment Forum 2023 ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Mandalay Convention Center ၌ ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ MRCCI ဥက္ကဋ္ဌ ဦးဝင်းဌေး၊ ယူနန်၊ တက်ဟုန်း၊ ဟူနန် ကုန်သည်ကြီးများအသင်းတို့မှကိုယ်စား လှယ်များ၊သက် ဆိုင်ရာ ဌာနများနှင့် အသင်း အဖွဲ့များမှ ဖိတ်ကြားထားသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည့် ဒေါက်တာကံဇော်၊ ဦးထွန်းအုံ နှင့် တာဝန်ရှိသူများက Mandalay International Trade Fair & Investment Forum 2023 ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည့်ကြည့်ရှုအားပေးကြသည်။
ထို့နောက် Forum ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က မန္တလေးတိုင်းဒေသကြီးသည် အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက် ထားနိုင်ပြီးစက်မှုလုပ်ငန်းများ ထွန်းကားသည့်တိုင်းဒေသကြီးဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုး တက်ရန် အခြေခံအကြောင်းတရားများနှင့်ပြည့်စုံနေသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်က အားပေးလျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများ၏ ထုတ်လုပ်မှုကွင်းဆက်များတွင် ပါဝင်နိုင်ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှုမြှင့် တင်နိုင်ရန် အလားအလာကောင်းများရှိကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း လုပ်ငန်းရှင် များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ပူးပေါင်းဆောင်ရွက်မှု ကောင်းများ ဖော်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယခုကဲ့သို့ နိုင်ငံတကာ ကုန်စည်ပြပွဲများကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းကျင်းပခြင်းကြောင့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံနိုင်ခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်း များဖွံ့ဖြိုးလာခြင်းမှတဆင့် ပို့ကုန်ကဏ္ဍတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ကျင်းပသည့် နိုင်ငံတကာကုန်စည်ပြပွဲ များမှတဆင့် နိုင်ငံတကာတွင်ကျင်းပသည့် ကုန်စည်ပြပွဲများသို့ ပြည်တွင်းကုန်ထုတ်လုပ် သူများနှင့် လုပ်ငန်းရှင်များပါဝင်နိုင်ရေးကိုလည်း အလေးထားဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က MSME လုပ်ငန်းများ ရေရှည်ရပ်တည်ရှင်သန်သွားနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက် ပေးနေမှု များကို လည်းကောင်း၊ UMFCCI ဥက္ကဋ္ဌက နိုင်ငံအတွင်းရှိ MSMEလုပ်ငန်းများ ရှင်သန်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် စွန့်ဦးတီထွင်စီး ပွားရေးလုပ်ငန်းရှင်များပေါ်ထွန်းလာစေရေးအတွက် UMFCCI အသင်းချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ MRCCI ဥက္ကဋ္ဌက ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ နှင့် MRCCI အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများ ကိုလည်းကောင်းရှင်းလင်း ပြောကြားကြပြီး မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းများကို ဆက်လက်ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်၊ ၁၀၀ ရာခိုင်နှုန်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် နို့၊ ပဲနို့ရည် အမျိုးမျိုးနှင့် ရေသန့်ထုတ်လုပ် ခြင်းနှင့် ဖြန့် ဖြူး ရောင်းချ ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဥရောပ၊ အာရှ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်နှင့် ၁၀၀ ရာခိုင်နှုန်း ကိုရီးယားနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် တိရစ္ဆာန် အစားအစာနှင့် အခြား ဆက်စပ် ပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်း ဆောင်ရွက်နေသည့် Sunjin Myanmar Co; Ltd များသို့ သွားရောက်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးစေလိုသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရင်းနှီးမြှုပ်နှံမှု တိုးချဲ့နိုင်ရေး၊ ထုတ်ကုန် တိုးမြှင့်နိုင်ရေး၊ အရည်အသွေးမီထုတ်ကုန်များဖြစ်၍ ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးပမ်း ဆောင် ရွက်ရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ပြည်တွင်းထုတ်ကုန်ကြမ်းများ ပိုမိုဦးစား ပေးအသုံး ပြုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအစီအစဉ် (CSR) မြှင့်တင်ဆောင်ရွက်ရေး၊ လုပ်ငန်း စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးတို့နှင့်စပ်လျဉ်း၍ အကြံပြု ဆွေး နွေးကြပြီး စက်ရုံလည်ပတ်နေမှုနှင့် ကုန်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
သတင်းစဉ်