ကိုဇော်ဌေး(ယဉ်ကျေးမှု)

 

အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတိုင်း၌ နိုင်ငံတော်သီချင်းများရှိသည်။ နိုင်ငံတော်သီချင်းဆိုသည်မှာ အမျိုး၊ ဘာသာ၊ သာသနာ၊ သာသနာ့ဂုဏ်ကို ကြီးမြင့်အောင် ချီးမြှင့်ရေးစပ်ထားသည့် သီချင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အမျိုးသားသီချင်း (ဝါ) ဇာတိမာန်တေးသံဟုလည်း ခေါ်ဆိုနိုင်သည်။  “ငါတို့လူမျိုးကား ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ထည်ထည်ဝါဝါ ခမ်းခမ်းနားနားနေခဲ့သော သခင်မျိုးဖြစ်သည်။ ငါတို့လူမျိုးကား သယံဇာတပေါကြွယ်ဝ၍ မြင့်မြတ်သောနိုင်ငံတွင် နေထိုင်သောလူမျိုးဖြစ်သည်”ဟူသော အချက်အပေါ်တွင်မှီပြီး အမျိုးဂုဏ်မြင့်မားခြင်း၊ မျိုးချစ်စိတ်ထက်သန်ခြင်း၊ လွတ်လပ်မှုကိုမြတ်နိုးခြင်း၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးခြင်း၊ နိုင်ငံတည်ဆောက်ခြင်း၊ အဖျက်ရန်ကိုတော်လှန်ခြင်းစသည်တို့ကို အကြောင်းပြု၍ ရေးဖွဲ့သီဆိုသော တေးသီချင်းများသည် ဇာတိမာန်တေး များပင်ဖြစ်သည်။

 

ဇာတိမာန်ဟူသည် ပါဠိနှင့် ပါဠိသက်ဝေါဟာရကို ပေါင်းစပ်ထားသည့် စကားလုံးဝေါဟာရပင် ဖြစ်သည်။ ဇာတိသည် ပါဠိစကားဖြစ်၍ မာန်သည် ပါဠိစကား “မာန”မှ ဆင်းသက်လာသည်။ ဇာတိကို လေးမျိုးတွေ့နိုင်သည်- (၁) ပဋိသန္ဓေနေခြင်း သို့မဟုတ် ပဋိသန္ဓေ၊ (၂) အမျိုးအနွယ် သို့မဟုတ် မျိုးရိုး၊ (၃) မွေးဖွားရာအရပ်၊ (၄) မူလဖြစ်ခြင်း၊ အစစ်ဖြစ်ခြင်း သို့မဟုတ် ပကတိ ဟူ၍တွေ့နိုင်သည်။

 

တေးဟူသည် သီချင်းဖြစ်၍ ဇာတိမာန်တေးသည် ဇာတိမာန် သီချင်းပင်ဖြစ်သည်။ ရှေးမြန်မာဘုရင်များလက်ထက်က နိုင်ငံတော်သီချင်းဟူ၍ မရှိခဲ့ငြား ဘုရင်မင်းမြတ်များ၏ ဘုန်းတန်ခိုးတေဇာအာဏာကို ချီးကျူးရေးစပ်ထားသော ဘုန်းတော်ဘွဲ့ သီချင်းများကို၊ တစ်နည်းအားဖြင့် နိုင်ငံတော်သီချင်း (ဝါ) အမျိုးသားတေးသံဟု မှတ်ယူနိုင်ပေသည်။ ဘုန်းတော်ဘွဲ့ သီချင်းများသည် ကိုယ့်နိုင်ငံကို သော်လည်းကောင်း၊ ကိုယ့်အမျိုး ဘာသာ၊ သာသနာကိုသော် လည်းကောင်း ချစ်ခင်လေးမြတ်လာစေရန် သီကုံးထားသောကြောင့် ဖြစ်သည်။ ပမာအားဖြင့်-

 

“နန်းဘုံသီဟာဘွေ၊ သဉ္စာညောင်ရွှေ၊ ရွှန်းဝေထိန်ပြောင်၊ ညီနောင်ဆက်ကာ၊ ပိုင်စိုးစံတော့တာ။ အို…ဆင်ဖြူဆန္ဒန်၊ ဆက်ပြန်လိုငြား၊ မရှားလိုရာ၊ ဘုန်းတော်တေဇာ၊ ဒေဝါနတ်မောင်၊ ရွက်ဆောင် ကျိုးတော်သာ။ ဘုန်းတော်ကြီး…ထီးတစ်ရာ၊ စကြာစိုးတယ်၊ မိုးဗြဟ္မာ၊ ထူးထွေလာညောင်း၊ ကောင်းခြီးငြာ……..”ဟူသည့် ဘုန်းတော်ဘွဲ့ သီချင်းပါ စာသားများ၊ တစ်ဖန်-

 

“မြမန်းဂီရိ သေလာတောင်၊ နန်းတည်ထောင် ဘုန်းရောင်နေ သို့လင်း၊ နောင်ညီကို၊ ရွှေဘိုနွယ်တော်ရင်း၊ ရာဆူဆူ ပြည်သူခဝပ်ဆင်း၊ ရွှေဘုန်းတော် နှုန်းလျော်စံပျော်ခင်း၊ တေဇာတိုးလို့ ဖြိုးဝေ၊ မန်းဌာနေ… အောင်ဇေယျာပြည်မင်း…..” ဟူသည့် ဘုန်းတော်ဘွဲ့ပါစာသားများသည် မိမိတို့နိုင်ငံ၊ မိမိတို့၏ လက်ရှိအခြေအနေစသည်တို့ကို မီးမောင်းထိုးပြရင်း မိမိတို့ကို အုပ်စိုးသည့် ရာဇာတို့အားလည်းကောင်း၊ မိမိတို့ ရေ မြေ နိုင်ငံကို ချစ်မြတ်နိုးကြစေရန်လည်းကောင်း အမျိုးသား ရေး၊ မျိုးချစ်စိတ်တို့ကို လှုံ့ဆော်သည့်တေးများပင် ဖြစ်ခဲ့တော့သည်။

 

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှအင်ပါယာအတွင်းသို့ သက်ဆင်းကျရောက်ခဲ့ရသည့် နောက်ပိုင်းတွင် “အကျွန်တို့၏ ဘုရင်ကို ဘုရားသခင် ကာကွယ်စောင့်ရှောက်တော်မူပါ” ဟု အစချီသော ဗြိတိသျှ အမျိုးသားသီချင်း (ဝါ) ဗြိတိန်နိုင်ငံတော်သီချင်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံး ပျံ့နှံ့ခဲ့သည်။

 

တို့ဗမာသီချင်းသည် မြန်မာတို့၏ အမျိုးသားသီချင်း

 

မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် တို့ဗမာအစည်းအရုံးဟူ၍ ပေါ်ပေါက်လာသောအခါ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသားသီချင်းဟု ဆိုရမည်ဖြစ်သော “တကောင်းအဘိရာဇာ တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ” ဟု အစချီသည့် တို့ဗမာသီချင်းလည်း ပေါ်ပေါက်၍ လာခဲ့ကြလေသည်။ ယင်းတို့ဗမာသီချင်းကို ရေးစပ်ခဲ့သူမှာ ဝိုင်အမ်ဘီ ဆရာတင်ဖြစ်သည်။ ဝိုင်အမ်ဘီ ဆရာတင်သည် ခေတ်ပညာတတ်ပုဂ္ဂိုလ်တစ်ဦးဖြစ်၍ ဂီတအနုပညာရှင် ကျောင်းဆရာလည်းဖြစ်သည်။ တို့ဗမာအစည်းအရုံးဝင်ဖြစ်လာသောအခါ သခင်တင်ဟု တွင်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် ဆရာတင်အား နိုင်ငံတော်အစိုးရက ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သည်။ ဆရာတင်သည် တို့ဗမာ အစည်းအရုံးဝင်သခင်များ၏ တာဝန်ပေးတိုက်တွန်းချက်အရ ရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်တစ်ခေတ်လုံး တို့ဗမာသီချင်းသည် မြန်မာတို့၏ အမျိုးသားသီချင်းအဖြစ် ရပ်တည်ခဲ့လေသည်။

 

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်လာသည်။ အချုပ်အခြာ အာဏာပိုင်လွတ်လပ်သောနိုင်ငံ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့ကို ထည့်သွင်းပြဋ္ဌာန်းကြရသည်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဇွန်လ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပသော မြန်မာနိုင်ငံ တိုင်းပြုပြည်ပြုလွှတ်တော်၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ဤကိစ္စကို တင်ကြို၍ မြင်းခြံကျေးလက်တောင်ပိုင်းအမတ် ဦးဘဂျမ်းက နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့အတွက် စဉ်းစားထောက်ခံရေး ကော်မတီခန့်ရန် အဆိုတင်သွင်းသည်။ ယင်းအဆိုကို လွှတ်တော်တစ်ရပ်လုံးက သဘောတူညီခဲ့ရာ ဒီးဒုတ်ဦးဘချိုအား သဘာပတိအဖြစ်ဖြင့် ဦးဆောင်စေ၍ ကော်မတီကို ဖွဲ့စည်းခဲ့လေသည်။ ကော်မတီလူကြီးများမှာ ဦးအောင်ဇံဝေ၊ ဗိုလ်မှူးအောင်၊ မန်းထွန်းရင်၊ ဗိုလ်အောင်ကြီး၊ ဒေါ်ခင်လှ၊ ဆရာလှမင်း၊ မိုင်းပွန်စော်ဘွားကြီး၊ ဒူးဝါးဇော်လွန်းနှင့် ဦးဝမ်ကိုဟောတို့ ဖြစ်ကြသည်။ ထိုကော်မတီတွင် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သောပညာသည်ကြီးများ ပါဝင်ရန်လိုအပ်သဖြင့် ပန်းချီဆရာ ဦးငွေကိုင်နှင့် ဦးအုန်းလွင်အားလည်းကောင်း၊ ဂီတဘက်ဆိုင်ရာ ဦးဘသန်းနှင့် ဒဂုန်ဆရာတင်အားလည်းကောင်း၊ အသံလွှင့်ဌာနခွဲ ဆိုင်ရာ ဦးခင်ဇော်နှင့် ဦးထင်ဖတ်အားလည်းကောင်း ထပ်ဖြည့်အဖွဲ့ဝင်များအဖြစ် ခန့်ထားသည်။ တိုင်းပြုပြည်ပြု လွှတ်တော်ရုံး အထူးအရာရှိ ဦးသိန်းဟန်ကိုလည်း ကော်မတီ၏ အတိုင်ပင်ခံအဖြစ်ထားရှိသည်။

 

ဇူလိုင်လ ၁၉ ရက်နေ့

 

ထိုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နိုင်ငံတော်လုပ်ကြံမှုကြီးတွင် ကော်မတီ၏သဘာပတိ ဒီးဒုတ်ဦးဘချိုနှင့် ကော်မတီဝင် မိုင်းပွန် စော်ဘွားကြီးတို့လည်း ပါဝင်ကျဆုံးခဲ့ရသဖြင့် သဘာပတိ ဒီးဒုတ် ဦးဘချိုနေရာတွင် သခင်တင်အားလည်းကောင်း၊ မိုင်းပွန်စော်ဘွားကြီး ၏နေရာတွင် မိုးမိတ်စော်ဘွားကြီးအားလည်းကောင်း အစားထိုး၍ ခန့်အပ်ခဲ့ကြသည်။ ကော်မတီဝင် ဦးဝမ်ကိုဟောမှာလည်း နုတ်ထွက်သွားသဖြင့် ၎င်းနေရာတွင် ဦးငွန်တိုးအား အစားထိုးခန့်အပ်ခဲ့လေသည်။

 

ထိုကော်မတီက တို့ဗမာသီချင်းစာသားမှ စကားလုံးများကို ကောက်နုတ်၍ တေးသွားကို မူလအတိုင်း အပြည့်အဝယူကာ နိုင်ငံတော်သီချင်းမူကို တင်ပြကြသည်။ သခင်တင်အမှူးပြုသော ကော်မတီက တင်ပြသည့် နိုင်ငံတော်သီချင်းမူကို ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်အချို့တို့က သီချင်းစာသား အနည်းငယ်ပြင်ဆင်၍ လက်ခံခဲ့ကြလေသည်။ ထိုသီချင်းမှာ-

 

“အမျိုးသားရေး ကြိုးပမ်းစို့လေ၊ ဒို့ပြည် ဒို့မြေ၊ အရှေ့ကနေဝန်း ထွန်းသစ်စပုံသို့ ဒို့ဆောင်သမျှ အောင်ရမည်မှာမလွဲပေ၊ ဒို့ပြည် ဟေ့ ဒို့မြေ၊ ဒို့ ပြည်ထောင်စုပေ။ ဒို့တစ်တွေရဲ့ပြေ၊ ဒို့တစ်တွေရဲ့မြေ၊ တိုင်း ရင်းသား အမွေ။”

(ကမ္ဘာမကျေ ဗမာပြေ ဒို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ) ဒါ ဒို့ပြည် ဒါဒို့မြေ၊ ဒို့ ကိုယ်ပိုင်မြေ၊ ဒို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ၊ ဒို့ပြေ ဒို့မြေ၊ အကျိုးကို ကာကွယ်သည်ပိုးမလေ၊ ဒို့ ပြည်ထောင်စု အမွေ အဖိုးတန် ဤမြေ ဒို့တာဝန်ပေ။”

 

နိုင်ငံတော်သီချင်းမူကိုလက်ခံအတည်ပြုရန်အတွက် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော် တတိယညီလာခံ၏ အဋ္ဌမအကြိမ်မြောက်အစည်းအဝေး၌ တင်ပြဆွေးနွေးကြသည်။ ယင်းသို့ဆွေးနွေးရာတွင် မန္တလေးမြို့အနောက်တောင်ပိုင်းအမတ် ဗိုလ်ခင်မောင်လေးက ပြင်ဆင်ချက်တင်သွင်း၍ မြန်အောင်ဦးတင်က ထောက်ခံခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်သီချင်းမူမှာ ဝိုင်အမ်ဘီ ဆရာတင်၏ မူလတေးသွားအတိုင်းပင် ဖြစ်သော်လည်း သီချင်းစာသား၌ ပြင်ဆင်ချက်များ ပါဝင်ခဲ့ရပြန်လေသည်။ သို့သော် အဆိုပါပြင်ဆင်ချက်ကိုပင် လွှတ်တော်တစ်ရပ်လုံးက လက်ခံအတည်ပြုခဲ့သည်။အတည် ပြုခဲ့သော နိုင်ငံတော်သီချင်းသည် နိုင်ငံရေးလှိုင်းလုံးများအကြားဝယ် ယနေ့တိုင် ခိုင်မြဲတည်ရှိနေဆဲဖြစ်သည်။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၃)၊ ပုဒ်မ ၄၃၉ (က)တွင် “နိုင်ငံတော်သီချင်းအဖြစ် အောက်ဖော်ပြပါ လက်ရှိ နိုင်ငံတော်သီချင်းကို သတ်မှတ်သည်”ဟူ၍ ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

 

“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ တို့ပြည် - တို့မြေ၊ များလူ ခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်၊ တို့ပြည်- တို့မြေ၊ ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုပေ- ထိန်းသိမ်းစို့လေ။

 

(ကမ္ဘာမကျေ- မြန်မာပြည် xxx တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ) xxxပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ် မလေ xxx ဒါတို့ပြည်- ဒါတို့မြေ တို့ပိုင်နက်မြေ xxx တို့ပြေ တို့မြေ အကျိုးကို ညီညာစွာတို့တစ်တွေ ထမ်းဆောင်ပါစို့လေ xxx တို့တာဝန် ပေ၊ အဖိုးတန်မြေ။

 

အကြောင်းအရာနှင့် ပုံသဏ္ဌာန်နှစ်ရပ်စလုံး

 

တေးဂီတဟူသည်မှာ အနုပညာတစ်ရပ်ပင်ဖြစ်သည်။ မည်သည့် အနုပညာရပ်တွင်မဆို စံမီသော အနုပညာပစ္စည်း တစ်ခုဖြစ်လာရန်အတွက် အကြောင်းအရာနှင့် ပုံသဏ္ဌာန်နှစ်ရပ်စလုံး ကောင်းမွန်ပြီး အကြောင်းအရာရော ပုံသဏ္ဌာန်ပါ အချိုးအစားကျကျ လိုက်ဖက် ညီထွေရှိရန် လိုအပ်လေသည်။ သို့မှသာ အနုပညာမြောက်မည်ဖြစ်ပါသည်။ အနုပညာမြောက်မှသာ သီဆိုသူတိုင်း၏ နားထဲ၊ နှုတ်ထဲတွင် စွဲမြဲခိုင်ကျည်နေမည် ဖြစ်ပါသည်။

 

အနုပညာသည် သာယာမှုသဘောသက်သက်ဖြင့် အဆုံးသတ်နေသည်မဟုတ်ပေ။ အနုပညာသည် ခေတ်အဆက်ဆက်ကို ဖြတ်သန်း ကာ စနစ်များ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် သူကလည်း ဖွံ့ဖြိုးတိုးတက်လာလေသည်။ အနုပညာသည် လက်ရှိဘဝကိုဖွဲ့သည်။ လူ့လောကကြီး၏ အခြေအနေများကို ဖော်ပြသည်။

 

ယင်းမှတစ်ဖန် လူတို့၏စိတ်ကို နိုးကြားလာအောင်၊ တက်ကြွလာအောင် လှုံ့ဆော်ပေးသည်။ တော်စတွိုင်းက “အနုပညာသည် လူအများကို ညီညွတ်ပေါင်းစည်းစေရာ နည်းလမ်းဖြစ်သည်”ဟု ရေးဖူးသည်။ အနုပညာက ဆက်သွယ်ဖော်ကျူးလိုက်သော ခံစားမှုကို အတူတကွခံစားကြကာ နီးစပ်ပေါင်းစည်းမိလာခြင်း သဘောကို ဆိုလိုခြင်းဖြစ်သည်။ ပလက်ကင်းနော့ကလည်း “အနုပညာသည် လူအများအား စုစည်းရာနည်းလမ်းတစ်ခု”ဟု ပြောပြခဲ့သည်။ “ဒို့ဗမာ” သီချင်းမှာ အမျိုးသားလွတ်မြောက်ရေး စိတ်ဓာတ်ကို နိုးကြားအောင် လှုံ့ဆော်နိုင်စွမ်းရှိသည်။ ပြည်သူတို့မှာ အဆိုပါသီချင်းကို သီဆိုရင်း ကြက်သီးမွေးညင်းထခဲ့ကြသည်။ ပြည်သူတို့မှာ လွတ်လပ်ရေးရရှိရန် အလို့ငှာ တိုက်ပွဲဝင်လာကြသည်။ လွတ်လပ်ရေးရရှိရန်ဟူသည့် ခံစားမှုပါသောကြောင့် ဖြစ်သည်။

 

ဇာတိမာန်တေးမည်သော နိုင်ငံတော်သီချင်းတွင် ပီပြင်သော၊ အနုပညာမြောက်သော၊ စံမီသောဇာတိမာန်တေးဖြစ်လာရန် အကြောင်းအရာရော ပုံသဏ္ဌာန်ပါ ကောင်းမွန်နေသည်ကိုတွေ့ရသည်။ အကြောင်းအရာဟူသည်မှာ တွေးခေါ်ယူဆပုံ မှန်ကန်ခြင်းနှင့် စာသားပီပြင်ပြောင်မြောက်ခြင်းပင်ဖြစ်ပြီး ပုံသဏ္ဌာန်ဟူသည်မှာ သံစဉ်တေးသွားဖွဲ့စည်းပုံ ပြေပြစ်သာယာ ညက်ညောခြင်းပင် ဖြစ်သည်။

 

နိုင်ငံသားတိုင်းလိုလားသောဆန္ဒ

 

၁၉၄၇ ခုနစ် တိုင်းပြုပြည်ပြုလွှတ်တော်သည် မြန်မာ့နိုင်ငံရေးကို အရှည်မြော်တွေးခဲ့ကြောင်း နိုင်ငံတော်သီချင်း၏ စာသားပါ စကားလုံးတစ်လုံးချင်းစီက ပြောပြနေပေသည်။ တရားမျှတခြင်း လွတ်လပ်ခြင်းသည် နိုင်ငံသားတိုင်း လိုလားသောဆန္ဒဖြစ်သည်။ တရားမျှတခြင်းရှိမှသာလျှင် စိတ်သည် တည်ငြိမ်အေးချမ်းနေမည်ဖြစ်သည်။ လွတ်လပ် ခြင်းရှိမှသာလျှင် ကိုယ်သွားတိုင်းစိတ်ပါကာ သာယာချမ်းမြေ့မည် ဖြစ်လေသည်။ နိုင်ငံတော်ဟူသည့်မျက်နှာကို မကြည့်သရွေ့ အယူအမျိုးမျိုးရှိကြမည်ဖြစ်သည်။ တိုင်းရင်းသားတို့၏ မူလရင်းခံ စိတ်ထားကို စဉ်းစားမပေးနေသရွေ့ အယူအမျိုးမျိုးဖြင့် စခန်းသွား နေကြမည်ဖြစ်သည်။ နိုင်ငံတော်၊ တိုင်းပြည်နှင့် လူမျိုးတို့၏ အရေးကို စဉ်းစား တွေးတောပေးလာပါက အယူစင်ကြယ်သွားလိမ့်မည်ဖြစ်သည်။ အယူရှိခြင်း၊ မရှိခြင်းကို လက်ခံပေးနိုင်သော်လည်း အယူဖြူစင် မှသာလျှင် နိုင်ငံအားလုံး တူညီသောအခွင့်အလမ်း၊ အင်အားများသူက အင်အားနည်းသူကို နိုင်ထက်ကလူ ပြုမူသည့်ကိစ္စများ ချုပ်ငြိမ်းသွား မည်ဖြစ်သည်။

 

နိုင်ငံကို ရေရှည်ခိုင်မြဲနေရန် အမွေဆက်ခံသူတို့ သိသင့်

 

အမွေဟူသည် မိဘ၊ ဘိုးဘွားစသည်တို့ထံမှ ဆက်ခံရရှိသော ပစ္စည်းဥစ္စာ၊ ဆက်ခံရရှိသော ပညာစသည်တို့ကို ခေါ်ခြင်း ဖြစ်သည်။ ဘိုးဘွားဟူသည်မှာ မိမိ မိဘနှစ်ပါး၏ အဖေနှင့်အမေတို့ပင်ဖြစ်သည်။ ဘိုးဘွားအစဉ်အဆက် တစ်လျှောက် ဆက်ခံထိန်းသိမ်းသယ်ဆောင်လာသည့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ခွင့်တူညီမျှခြင်း၊ ဝါဒအယူ ဖြူစင်ခြင်းတို့ကို မိမိတို့ သားမြေးများက မလွဲမသွေဆက်ခံရမည် ဖြစ်သည်။ ဆက်ခံသည့်အရာတို့သည်လည်း တည်တံ့စေရန်အရေးကြီးသည်။ “တည်”ဟူသည် မြို့ ရွာ နိုင်ငံတိုက်တာကို တည်ထောင်ထားခြင်းပင်ဖြစ်သည်။ “တံ့”ဟူသည် ခိုင်မြဲခြင်းသဘောကိုဆောင်လေသည်။ ဘိုးဘေးတို့ တည်ထောင်ထားခဲ့သည့်နိုင်ငံကို ရေရှည်ခိုင်မြဲနေရန် အမွေဆက်ခံသူတို့ သိသင့်သည်။ “အဓိဋ္ဌာန်ပြုခြင်း”သည် စိတ်ကို အခိုင်အမာ ဆောက်တည်ခြင်းဖြစ်သည်။ ထိန်းသိမ်းမည်ဟူသော စိတ်ကို အခိုင်အမာဆောက်တည်ကြရန် တိုက်တွန်းပါသည်။ “ထိန်း” ခြင်းသည် ကြည့်ရှုစောင့်ရှောက်ခြင်းပင်ဖြစ်သည်။ အဘိုးတို့ အဘွားတို့ တည်ထောင်ထားခဲ့ကြသည့် ရေ၊ မြေ၊ တော၊ တောင်၊ အချုပ်အခြာ အာဏာကို ထိန်းသည့်သဘောဖြင့် ကြည့်ရှုစောင့်ရှောက်ရမည်ဖြစ်သည်။ ကြည့်ရှုစောင့်ရှောက်ရုံသာမက တည်တံ့ခိုင်မြဲစေရန်လည်း သိမ်းဆည်းရမည်ဖြစ်သည်။ “သိမ်း” ခြင်းသည် လုံခြုံအောင်ထားခြင်း ပင်ဖြစ်သည်။ သို့ကြောင့် ထိန်းသိမ်းခြင်းသည် လုံခြုံအောင်ကြည့်ရှု စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ လုံခြုံအောင်ကြည့်ရှုစောင့်ရှောက် မည်ဟူသည့် ခိုင်မြဲသောစိတ်ကို မွေးမြူကြရန် ယခင်ရှေးကတည်းက တိုက်တွန်းခဲ့သည်။ လိုအပ်ချက်အရဖြစ်သည်။ အမြဲ လိုအပ်နေမည် ဖြစ်သည်။

 

သီချင်း၏ ခြေဆင်းပြီးသည်နှင့် ကမ္ဘာမကျေ မြန်မာပြည်ဟူ၍ စတင်သီဆိုကြသည်။ စကားလုံးတစ်လုံးချင်းစီသည် များစွာ သက်ရောက်သည်။ “ကျေ” ဟူသည် ပျောက်ပျက်သွားသည်၊ ပြေငြိမ်းပြီးပြတ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာကြီး မပျောက်ပျက်သွားသရွေ့ တည်ရှိနေရမည်။ ကမ္ဘာတည်သရွေ့ မြန်မာဟူသည် ရှိနေရမည်ဟူသည့် ကြက်သီးဖြန်းဖြန်းထလောက်အောင် စကားလုံးတို့ဖြင့် စတင်ဖွင့်လှစ်ပြလာသည်။

 

မြန်မာနိုင်ငံ၏ သမိုင်းရေလှိုင်းသည် ထန်လွန်းလှသည်။ တင်ပြပါ ဇာတိမာန်တေး(ဝါ) ဇာတိမာန်သီချင်းအတိုင်း အဓိဋ္ဌာန်မြောက်နိုင်ရန် ဒို့တာဝန်အရေးသုံးပါးသည် လိုအပ်လာတော့သည်။ ဒို့တာဝန် အရေးသုံးပါးသည် ဇာတိမာန်တေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်လာခဲ့တော့သည်။ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်တို့လည်း ပိုမိုခိုင်မြဲကြသင့်သည်။ သီချင်းစာသား အကြောင်းအရာက မျိုးချစ်စိတ် ထက်သန်စေသောစိတ် ပေါ်ထွန်းစေသော စာသားများဖြစ်ပြီး ပုံသဏ္ဌာန်ပိုင်းက တေးသွားသံစဉ် ဆန်းသစ်နက်နဲလှသည်။ ထိုနှယ် ခိုင်ကျည်လှသဖြင့် တင်ကျန်ရစ်ခဲ့သော ဇာတိမာန်သီချင်းကို ရင်မှ လာသော စေတနာများဖြင့် ဟစ်ကြွေးသီဆိုနေသင့်သည်။ ဟစ်ကြွေး သီဆိုရင်း ဇာတိမာန်တေးသည် အနာဂတ်ကာလများတိုင် မယိမ်းမယိုင် တည်တံ့နေမည်ဖြစ်သည်။ ယင်းသည် နိုင်ငံသားတိုင်း ဆက်ခံရမည့် အမွေသာ ဖြစ်ပါတော့သတည်း။    ။

 

မှီငြမ်း-

၁။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)(စာပေဗိမာန်)

၂။ မြန်မာအဘိဓာန်(မြန်မာစာအဖွဲ့)

၃။ ဇာတိမာန်တေးစာတမ်းများ(စာပေဗိမာန်)