နေပြည်တော် ဇန်နဝါရီ ၂
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၊ (၅)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ဆေးတက္ကသိုလ်-တောင်ကြီး သင်ကြားရေး (၄)ထပ် စာသင်ဆောင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် တရား သူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း နှင့် ဆေးတက္ကသိုလ်-တောင်ကြီး၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ လှဝင်းမြင့် တို့က ဆေးတက္ကသိုလ်-တောင်ကြီး (၄)ထပ်စာသင်ဆောင်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ်ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်ကြားရေး(၄)ထပ် ဆောင်ရှိ စာသင်ခန်းများကိုလှည့်လည်ကြည့်ရှုသည်။ ယင်းနောက် ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်က ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဆေးတက္ကသိုလ်-တောင်ကြီး အတွက် လှူဒါန်းပေးကြသော အလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်သည်။
ဆက်လက်၍ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅)ထပ် ကုသဆောင်သစ် ဖွင့်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး တို့က (၅)ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူလူထု အကျိုးရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ကုသဆောင်သစ်များ၊ စာသင်ဆောင်သစ်များ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ မကြာမီ ဆေးရုံအဆောက်အဦသစ်များ ထပ်မံဖွင့်လှစ်ရန်ရှိပါကြောင်း၊ တောင်ကြီးမြို့တွင် ဗဟိုအဆင့်ဆေးရုံ (၂)ရုံ၊ ဆေးတက္ကသိုလ်၊ သူနာပြု သင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်းတို့ကို ဖွင့်လှစ်ထားရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ပြည်သူ့ဆေးရုံပေါင်း (၆၉)ရုံကို ဖွင့်လှစ်ထားရှိပါကြောင်း၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးကို (၁၉၅၇)ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု အကူအညီဖြင့် စတင်တည်ဆောက်ခဲ့ခြင်းကြောင့် မြန်မာ-ရုရှချစ်ကြည်ရေးအတွက် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ သင်ကြားရေးဆေးရုံကြီးလည်းဖြစ်ကာ ကင်ဆာရောဂါကုသနိုင်သည့် အဓိကဆေးရုံလည်းဖြစ်ပါကြောင်း၊ (၃)ထပ်လူနာဆောင် တစ်ခုကိုလည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကျောက်ကပ်သွေးသန့်စင်ဌာနကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက်လည်း ဝန်ထမ်းအိမ်ရာများကို တိုးချဲ့ဆောက်လုပ်ပေးခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဤဆေးရုံကြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်နိုင်စေရန် ကြိုးစားသွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေးကုသရေးလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးကြရန်၊ လူနာများကို နွေးထွေးပျူငှာစွာ ဆက်ဆံပြီး ပြည်သူများ အားကိုးယုံကြည်ရသည့် ဆေးရုံများဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ စဝ်စံထွန်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦး က ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ ရည်များပက်ဖျန်းခဲ့ပြီး (၅)ထပ်ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည့် အရေးပေါ်ဆေး ကုသမှုဌာန၊ နှလုံးကြပ်မတ်ကုသဆောင်၊ ဆေးကုသဆောင်၊ ကျောက်ကပ်သွေးသန့်စင်ဌာနတို့တွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လူနာများကိုရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ယခု ဖွင့်လှစ်သည့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅)ထပ် ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂ဒသမ၅ ဘီလီယံကျော် (၂၅၉၂ဒသမ၅ ကျပ်သန်း) အကုန်ကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ကုသမှုဌာနနှင့် စာသင်ခန်းမ၊ ဓာတ်မှန်ဌာန၊ အရိုးကုသဆောင်၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုမည့် (Endoscopy) အခန်းနှင့် ခွဲစိတ်ကုသဆောင်၊ အထူးကြပ်မတ်ကုသဆောင်၊ စာသင်ခန်းများ၊ ခွဲစိတ်ခန်း (၅)ခန်းတို့ ပါဝင်ကာ လူနာခုတင် အသစ်များ၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ် ကုသခန်း၊ အရေးပေါ်ဌာနတို့အတွက် လိုအပ်သည့် ဆေးရုံသုံးစက်ပစ္စည်း ကိရိယာများကို ဖြည့်ဆည်း တပ်ဆင်ပေးထားပြီး ဆေးတက္ကသိုလ်-တောင်ကြီး (၄)ထပ် စာသင်ဆောင်သစ်ကို စုစုပေါင်း ကုန်ကျငွေ ကျပ် သန်းပေါင်း (၁၄၀၃)သန်းကို အသုံးပြုကာ တည်ဆောက်ခဲ့ခြင်းပြီး ဆေးတက္ကသိုလ်-တောင်ကြီးတွင် (၂၀၂၄) ပညာသင်နှစ်အတွက် ဆေးပညာ မဟာသိပ္ပံဘွဲ့လွန် သင်တန်းကို စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တောင်ကြီးမြို့၊ သူနာပြုသင်တန်းကျောင်းသို့သွားရောက်ကာ ဆရာ/ဆရာမ၊ သင်တန်းသား/သင်တန်းသူများကို တွေ့ဆုံပြီး သင်ကြားရေးလုပ်ငန်းများနှင့် နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ပြီး ထောက်ပံ့ငွေပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တောင်ကြီးမြို့၊ သားဖွားသင်တန်းကျောင်းသို့ သွားရောက်ကာ သင်တန်းသူ/သင်တန်းသားများကို တွေ့ဆုံအားပေး စကားပြောကြား၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်