သာကျော်
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ (၇၆) နှစ် ပြည့်ပါပြီ။ ရက်ကိုလစား၊ လကိုနှစ်စားပြီး အချိန်ကုန်တာတွေ မြန်လိုက်တာဟု ထင်ရပါတယ်။ လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်က အင်္ဂလိပ်တို့ဆီကနေ လွတ်လပ်ရေးရခဲ့တယ်။ နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝကလွတ်မြောက်ပြီး လွတ်လပ်တဲ့နိုင်ငံ၊ လွတ်လပ်တဲ့လူမျိုးအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့တယ်။
လွတ်လပ်ရေးကို တိုင်းရင်းသားအားလုံး တညီတညွတ်တည်း လက်တွဲရယူပြီး ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ဖို့ သဘောတူခဲ့ကြပါတယ်။ ပြည်ထောင်စုကြီး နိုင်ငံတော်အတွက် အုတ်မြစ်တွေချခဲ့ကြပါတယ်။ လွတ်လပ်ရေးကြီးအတွက် သန္နိဋ္ဌာန်တွေချခဲ့ကြပါတယ်။ ညီညွတ်မှုရဲ့ရလဒ်က အားလုံးလိုလားတဲ့ လွတ်လပ်ရေးရရှိခြင်းပဲဖြစ်ပါတယ်။ အဲဒီအချိန်က သူ့ကျွန်ဘဝက လွတ်မြောက်ပြီး လွတ်လပ်တဲ့နိုင်ငံ၊ လွတ်လပ်တဲ့ ပြည်သူတွေအဖြစ်နဲ့ အပျော်ကြီးပျော်ခဲ့ကြပါတယ်။ လွတ်လပ်ရေးအောင်ပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ခါးသီးတဲ့အတွေ့အကြုံများ
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ နိုင်ငံရေးသဘောထား ကွဲလွဲတာတွေက ပုံစံအမျိုးမျိုးနဲ့ ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးသဘောထား ကွဲလွဲတာတွေကနေတစ်ဆင့် အချင်းချင်း လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ပဲ နိုင်ငံရဲ့ အဖိုးတန်အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ်။ ဒီကနေ့အထိလည်း လက်နက်ကိုင် တိုက်ခိုက်တာတွေက ပိုပြီးကျယ်ပြန့်နေပါတယ်။ သဘောကွဲလွဲတာတွေ၊ စိတ်ဝမ်း ကွဲတာတွေကြောင့် နိုင်ငံတည်ဆောက်ရေးကို တစိုက်မတ်မတ် မလုပ်နိုင်ခဲ့ပါဘူး။ စီးပွားရေးတွေလည်းကျဆင်းခဲ့လို့ နိုင်ငံဟာတိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူများနောက်ကို ရောက်လာပါတယ်။ နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ စိန်ခေါ်မှုတွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးနဲ့ လုံခြုံရေးမတည်ငြိမ်တဲ့အတွက် စီးပွားရေးကို ထိခိုက်စေခဲ့ပါတယ်။ အဲဒီခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်းတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီအခွင့်အလမ်းတွေကို အသုံးမချနိုင်ခဲ့ကြပါဘူး။
လက်ရှိမှာလည်း ကျယ်ပြန့်လာတဲ့ လက်နက်ကိုင် တိုက်ခိုက်တာတွေက စီးပွားရေးကို ပိုပြီးကျပ်တည်းစေပါတယ်။ ကမ္ဘာမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ စီးပွားရေးတွေ ကျပ်တည်းနေတာ၊ တိုးတက်မှုနှုန်းကျဆင်းတာ၊ မရေရာမသေချာမှုတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီဂယက်ကလည်း ပြည်တွင်း အကျပ်အတည်းတွေကို ဖိအားပိုဖြစ်စေလျက်ရှိပါတယ်။ အဘက်ဘက်ကဖြစ်လာတဲ့ ဖိအားနဲ့အကျပ်အတည်းတွေက စီးပွားရေးမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှု၊ ကုန်သွယ်ရေးကျဆင်းမှုစတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်ပေါ်စေပါတယ်။ ဒီအကျိုးဆက်တွေကြားမှာ ပြည်သူတွေဟာ ခါးသီးစွာနဲ့ ရုန်းကန်နေကြရပါတယ်။
နိုင်ငံတည်ဆောက်ရေး
နိုင်ငံတည်ဆောက်ရေးက လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးဟာ နိုင်ငံရဲ့ ရေရှည် စီးပွားရေးတိုးတက်ဖို့၊ လူမှုရေးနဲ့ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အင်စတီကျူးရှင်းတွေကို ဖန်တီးပြီး ခိုင်မာအားကောင်းစေခြင်း ဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးဟာ ကျယ်ပြန့်ပါ တယ်။ အဲဒီလုပ်ငန်းစဉ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍမျိုးစုံပါဝင်ပါတယ်။
နိုင်ငံတည်ဆောက်ရေးဟာ လုံခြုံရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအပေါ်မှာ အခြေခံကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် အန်ဒါပါဆင်က ဆိုပါတယ်။ အဲဒီအခြေခံ သုံးချက်ခိုင်မာမှသာ အခြားကဏ္ဍတွေကို တည်ဆောက်နိုင်မှာပါ။ ဒါကြောင့် နိုင်ငံတည်ဆောက်ရေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုကြတာ ဖြစ်ပါလိမ့်မယ်။ တည်ငြိမ်အေးချမ်းမှုမရှိဘဲနဲ့ စီးပွားရေးတိုးတက်အောင် တည်ဆောက်ဖို့ မလွယ်ပါဘူး။ အလားတူပဲ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်ဘဲ အခြားကဏ္ဍတွေကို မြှင့်တင်ဖို့ခက်ခဲပါတယ်။
နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးရဲ့ အပြန်အလှန်ဆက်နွှယ်နေမှုကို ဒီကနေ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေမှာ သိသိသာသာ တွေ့မြင်နိုင်ပါတယ်။ လက်ရှိဖြစ်နေတဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် ကုန်ဈေးနှုန်းတွေလည်း တရိပ်ရိပ် မြင့်တက်နေပါတယ်။ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ကျဆင်းမှုတွေ ရင်ဆိုင်နေရပါတယ်။ ဒီတော့ နိုင်ငံရဲ့စီးပွားရေးကဏ္ဍကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့အတူ တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က မြန်မာ့အသွင် ကူးပြောင်းရေးမှာ နိုင်ငံရေးပြုပြင် ပြောင်းလဲရေးနဲ့အတူ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ကဏ္ဍအသီးသီးကို ဟန်ချက်ညီ ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ နှစ်ကာလကြာရှည်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အားထုတ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုနဲ့အတူ တည်ငြိမ်မှုနဲ့ အေးချမ်းမှုရဲ့ အသီးအပွင့်ကို ခံစားခွင့် ရရှိစေခဲ့ပါတယ်။ ရရှိတဲ့ရလဒ်က နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့ ပြည်သူလူထုရဲ့ လူမှုဘဝကို မြင့်တက်စေခဲ့ပါတယ်။ အဲဒီပြုပြင်ပြောင်းလဲမှုဟာ နိုင်ငံရဲ့ ဦးတည် ချက်နဲ့စာရင် ပြည့်စုံတယ်လို့ မဆိုနိုင်ပေမယ့် အတိုင်းအတာတစ်ခုအထိ နိုင်ငံတည်ဆောက်ရေးကို ထိရောက်စေခဲ့ပါတယ်။
ဒီကနေ့မှာလည်း နိုင်ငံတည်ဆောက်ရေးအတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေဟာ များပြားရှုပ်ထွေးလှပါတယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံတည်ဆောက်ရေးဟာ ပန်းခင်းလမ်းတစ်ခုဖြစ်ဖို့ မလွယ်ကူပါဘူး။ ရင်ဆိုင်ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုတွေများပါတယ်။ ဒီစိန်ခေါ်မှုတွေကြားက အပြုသဘောဆောင်တဲ့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်ဖြစ်ဖို့အတွက် စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေအပါအဝင် ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ အပြန်အလှန်ဆက်ဆံရေးတွေ အဓိကလိုအပ်မှာဖြစ်ပါတယ်။
နိုင်ငံရေး အကျပ်အတည်း အဆွယ်အပွား
လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး အကျပ်အတည်းတွေဟာ နိုင်ငံရေး ပဋိပက္ခတွေရဲ့ အဆွယ်အပွားတွေဖြစ်ပါတယ်။ နယ်စပ်ဒေသတိုက်ပွဲတွေကြောင့် မြန်မာ့စီးပွားရေးမှာ အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေးကို များစွာထိခိုက် စေခဲ့ပါတယ်။ ကုန်သွယ်ရေးနဲ့ စီးပွားရေး ထိခိုက်ကျဆင်းမှုတွေဟာ ပြည်သူလူထုရဲ့ နေ့စဉ်စားဝတ်နေရေး အကျပ်အတည်းတွေကို ဖန်တီးပေးနေပါတယ်။ ဖြစ်စဉ်တစ်ခုနဲ့တစ်ခု ဆင့်ကဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ နောက်ဆုံးနိုင်ငံ မတည်ငြိမ်မှုဆီကို ရောက်ရှိလာစေပါတယ်။ တိုက်ပွဲတွေကြောင့် ဖြစ်လာတဲ့ အခြေအနေတွေဟာ စီးပွားရေးလုပ်ကိုင်ဖို့ အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ မလုံခြုံမှု၊ စရိတ်စကမြင့်မားမှုစတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို အကန့်အသတ် ဖြစ်စေခဲ့ပါတယ်။ ပြည်တွင်းအကျပ်အတည်းတွေကို ရင်ဆိုင်နေရချိန်မှာ နိုင်ငံတကာပိတ်ဆို့မှုတွေနဲ့ ဖိအားတွေဟာ နိုင်ငံရဲ့စီးပွားရေးကို အပြုသဘောမဖြစ်စေခဲ့ပါဘူး။
ဒီလိုအခြေအနေမှာ နိုင်ငံရေးပဋိပက္ခတွေရဲ့ အဆွယ်အပွားတစ်ခုဖြစ်တဲ့ စီးပွားရေးကျပ်တည်းမှု ပြန်လည်ရှင်သန်လာဖို့နဲ့ တိုးတက်လာဖို့ဆိုရင် အခုရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေရဲ့ အကြောင်းရင်းဇာစ်မြစ်တွေကို ဦးစွာ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ဒီလို စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ဆေးမြီးတိုနဲ့ ဖြေရှင်းလို့မရနိုင်ပါဘူး။ အကျပ်အတည်းတွေဟာ တစ်ခုနဲ့ တစ်ခု ကွင်းဆက်လို ချိတ်ဆက်နေပါတယ်။ ဆေးမြီးတိုနဲ့ ဖြေရှင်းတာဟာ ရောဂါလက္ခဏာတွေကို ပျောက်ကောင်း ပျောက်နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါရဲ့ ဇာစ်မြစ်ကို မကုစားနိုင်ပါဘူး။ ရောဂါ ဇာစ်မြစ်တွေရှိနေသမျှ ဒီရောဂါတွေက အချိန်မရွေး ပြန်ဖြစ်နေပါလိမ့်ဦးမယ်။ ကမ္ဘာ့စီးပွားရေးဟာလည်း ကိုဗစ်ကပ်ရောဂါ၊ ယူကရိန်းစစ်ပွဲတို့ကြောင့် ကျဆင်းနေပါတယ်။ ဒီဂယက်တွေက မြန်မာ့စီးပွားရေးကို ရေနစ်နေသူ ဝါးကူထိုးသလို ဖြစ်နေပါတယ်။ မြန်မာ့စီးပွားရေးအပေါ် ဒီလိုအဘက်ဘက်က ရိုက်ခတ်မှုတွေကို ကျော်လွှားဖို့နဲ့ ရေရှည်တိုးတက်ဖို့အတွက် လက်တွေ့ကျတဲ့ မူဝါဒတွေချမှတ်ပြီး အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။
စီးပွားရေးအကျပ်အတည်းဖြေရှင်းဖို့
နိုင်ငံတစ်နိုင်ငံမှာ ပဋိပက္ခတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်တာတွေ ဖြစ်ပွားလာရင် စီးပွားရေးနဲ့ အခြားကဏ္ဍတွေကို မလွဲမသွေ ထိခိုက်စေပါတယ်။ ဖြစ်နေတဲ့ပဋိပက္ခတွေ ကြာရှည်လာတာနဲ့အမျှ ပဋိပက္ခတွေဟာ နက်ရှိုင်းလာပြီး ဖြေရှင်းဖို့ ခက်ခဲလာတဲ့အပြင် ပဋိပက္ခ ထပ်မံဖြစ်ပွားဖို့ ပိုမိုလွယ်ကူစေပါတယ်။ အဲဒီလို အခြေအနေတွေဟာ ပြင်ပက စွက်ဖက် လိုသူတွေအတွက် အမြတ်ထုတ်ဖို့ကောင်းတဲ့ အခွင့်အလမ်းကောင်းတွေပါပဲ။ ပြင်ပကနေ ဝင်ရောက်စွက်ဖက်တာတွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေက ပြည်တွင်းရေးကို မီးလောင်ရာလေပင့် ဖြစ်စေလို့ ပဋိပက္ခကို ပိုနက်ရှိုင်းစေပါတယ်။ အင်အားကြီးနိုင်ငံတွေက ဝင်ရောက်စွက်ဖက်လို့ ပဋိပက္ခသံသရာက ရုန်းမထွက်နိုင်တဲ့နိုင်ငံတွေ ကမ္ဘာမှာ အထင်အရှားရှိနေပါတယ်။ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်မှာလည်း အလားတူ ပုံစံတွေ ရှိနေပါတယ်။
အခုဆို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခ တွေကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ အပြုသဘောထက် မြန်မာ့စီးပွားရေးနဲ့ ပြည်သူလူထုအပေါ် ဆိုးကျိုးတွေများစွာ ဖြစ်စေလျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းက စီးပွားရေးပမာဏာဟာ ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်ကထက် ၃၀ ရာခိုင်နှုန်း ကျုံ့သွားခဲ့ တယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။ လူတစ်ဦး ချင်းစီရဲ့ per capital GDP ဟာ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ လတ်တလောဖြစ်နေတဲ့ စက်သုံးဆီဈေးနှုန်းမြင့် တက်ခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းတွေက အထွေထွေကုန်ဈေးနှုန်းကို မြင့်တက်စေလျက်ရှိပါတယ်။ ကျပ်တည်းလာတဲ့ စီးပွားရေးအခြေအနေကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲစွာ နေထိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အဆင်းရဲဆုံး ၂၅ နိုင်ငံမှာ မြန်မာနိုင်ငံဟာ အဆင့် ၂၄ မှာ ရှိနေ တယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ထားပါတယ်။ လက်ရှိ အခြေအနေတွေအရ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ အနည်းငယ်သာရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ် မတ်လအထိ ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တစ်ရာခိုင်နှုန်းကျော်သာ ရှိမယ်လို့ဆိုပါတယ်။ ဒီအကျပ် အတည်းတွေဟာ နိုင်ငံအတွက် အနုတ်လက္ခဏာတွေဖြစ်ဖို့ ထိရောက်စွာ ကိုင်တွယ် ရမှာဖြစ်ပါတယ်။
နောက်မကျသေးပါ
မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေနဲ့ပတ်သက်လို့ ပြောဆိုနေကြတာ အပ်ကြောင်းထပ်နေပါပြီ။ ဒါပေမဲ့လည်း ထိရောက်တဲ့ရလဒ်ကတော့ တုံ့ဆိုင်းနေပြီး ပဋိပက္ခတွေနဲ့ပဲ သံသရာလည် နေတုန်းပါ။ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့ နေရတဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေဟာ နိုင်ငံရေး အကျပ်အတည်းကြောင့်ဖြစ်ရတဲ့ ဒဏ်ရာဒဏ်ချက်တွေဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။ နိုင်ငံရေးအကျပ် အတည်းတွေက မြန်မာ့စီးပွားရေးကို အကျ ဘက်သို့ ဦးတည်စေလျက်ရှိပါတယ်။ ပဋိပက္ခတွေနဲ့ ရုန်းကန်ခဲ့ရတဲ့နိုင်ငံတွေ၊ စစ်ပွဲကြောင့် ပြာပုံဘဝကနေ တိုးတက်လာတဲ့ နိုင်ငံတွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့ နောက်မကျသေးပါဘူး။ အခွင့်အလမ်းတွေ ရှိနေဆဲပါ။ ဒီအခွင့်အလမ်းတွေ ထိရောက်စွာ အသုံးချဖို့လိုပါတယ်။ တစ်ဖက်မှာ နိုင်ငံရေးကို ကိုင်တွယ်ဖြေရှင်းဖို့လိုသလို တစ်ပြိုင်နက် တည်းမှာလည်း စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။
မင်္ဂလာရှိသောအခါသမယ
ယခုဆိုလျှင် လွတ်လပ်ရေးရခဲ့တာ ၇၆ နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၇၆ နှစ်က လွတ်လပ်ရေး အောင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ အောင်ပွဲခံခဲ့ကြပါတယ်။ အဲဒီအောင်ပွဲဟာ လွတ်လပ်ရေး အတွက် အားလုံးလက်တွဲပြီး မဆုတ်မနစ် ကြိုးစားခဲ့လို့ရလာတဲ့ ကြီးမားတဲ့ရလဒ်ကြီး ဖြစ်ပါတယ်။ လွတ်လပ်ရေးဆိုတဲ့ ရလဒ်ကြီးအတွက် အားလုံးလည်း ပျော်ရွှင်ခဲ့ကြရပါ တယ်။ ပြည်သူတစ်ရပ်လုံး ပျော်မဆုံးမော်မဆုံးတဲ့ မင်္ဂလာရှိတဲ့အခါသမယဆိုရင်လည်း မမှားပါဘူး။ အဲဒီလို ပျော်မဆုံးမော်မဆုံးတဲ့ မင်္ဂလာ အခါသမယကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။ နိုင်ငံအတွက် မင်္ဂလာအခါသမယမှာ ပြည်သူ တစ်ရပ်လုံး အေးချမ်းတည်ငြိမ်တဲ့ဘဝတွေ ပိုင်ဆိုင်နိုင်အောင် စစ်မှန်တဲ့စေတနာနဲ့ လက်တွဲ ကြိုးစားရမယ့်အချိန်လို့လည်း ခံစားမိပါတယ်။
နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ယှဉ်ရင် လူ့ဘဝသက်တမ်းဆိုတာ တိုတိုလေးပါ။ ကိုယ့်တစ်ဘဝ စာသက်တမ်းတိုတိုလေးအတွက် ကြည့်ဖို့ထက် နိုင်ငံအတွက် ရေရှည်ကြည့်ကြဖို့ အချိန်တန်ပါပြီ။ တိုးတက်တဲ့နိုင်ငံတွေမှာလည်း အတိတ်က ခက်ခဲမှု၊ ကျပ်တည်းမှု၊ ရုန်းကန်ရမှုနဲ့ ပေးဆပ်မှုတွေ ရှိခဲ့ကြတာပါပဲ။ အဲဒီလို အခက်အခဲတွေကို ညှိနှိုင်းဖြေရှင်းကြရင်းနဲ့ တိုးတက်လာကြပါတယ်။ တိုးတက်နိုင်တဲ့အခွင့်အလမ်းကတော့ ကြိုးစားလိုသူတိုင်းအတွက် အစဉ်အမြဲရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကလည်း အဲဒီအတိုင်းပါပဲ။ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းတွေ ဖြေရှင်းဖို့၊ ကျော်လွှားဖို့နဲ့ အောင်မြင်ဖို့ အခွင့်အလမ်းတွေရှိနေဆဲပါ။ ဒါကြောင့် အခုလို မင်္ဂလာရှိတဲ့အခါသမယမှာ ပြည်သူအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာဖို့ လက်တွဲ ဆောင်ရွက်ကြပါစို့လို့ အပြုသဘောနဲ့ တိုက်တွန်းလိုပါတယ်။ ။