မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတနိုင်ငံဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ကူးပြောင်းနေသည်။ ပြည်ထောင်စုနှင့် ဒီမိုကရေစီ လိုက်ဖက်ဆီလျော်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားပြည်သူအားလုံး လိုလားကြသည်။ မျှော်လင့်ကြသည်။ ဒီမိုကရေစီအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေးတို့ကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတွင် အညီအမျှရရှိနိုင်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့ မြို့တော်ခန်းမ၌ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်နှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံစဉ် ပြောကြားခဲ့သည့်မိန့်ခွန်းမှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု၏ ရည်ရွယ်ချက်၊ အနှစ်သာရနှင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်တို့ကို မှတ်သားရသည်။

ဒီမိုကရေစီတွင် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သာတူညီမျှမှုများရှိသည်။ ဒီမိုကရေစီသည် နိုင်ငံသူ နိုင်ငံသားများအတွက် လုံခြုံစိတ်ချမှုရှိသည့် အပြင် ပျော်ရွှင်ချမ်းမြေ့စေမှု စသည့်အခွင့်အရေးများရှိသည်။ ဖက်ဒရယ် သည်လည်း အလားတူအခွင့်အရေးများရှိသည်။ ထို့ကြောင့် တိုင်းရင်းသား ပြည်သူအားလုံး တန်းတူညီမျှသည့် အခွင့်အရေးများရရှိရန်၊ ဖက်ဒရယ် အခွင့်အရေးများရရှိရန်၊ ဒီမိုကရေစီအခွင့်အရေးများရရှိရန်၊ တရားမျှတ ခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းအခွင့်အရေးများရရှိရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

ထိုကဲ့သို့ တိုင်းရင်းသားများအတွက် အခွင့်အရေးများရှိသည့် စနစ် တစ်ခုကို ထူထောင်ရာတွင် အဓိကအားဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်သည် အဓိကကျပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းတွင် မိမိတို့ နိုင်ငံသူ နိုင်ငံသားများအပေါ် တရား ဥပဒေစိုးမိုးသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှု၊ ပျော်ရွှင်ချမ်းမြေ့မှုပေးသော စီမံခန့်ခွဲသည့် ယ္တရားတစ်ခုဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ ကို ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်မှုမျိုး မဖြစ်စေလိုပါကြောင်း၊ ယင်းသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၏ ရည်ရွယ်ချက်များဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတက မှာကြားထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်အားလုံး တက်ညီလက်ညီ သန္နိဋ္ဌာန် ချပြီး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့တစ် ဖွဲ့တည်းနှင့် ဆောင်ရွက်၍ရလိမ့်မည်မဟုတ်ချေ။ ပြုပြင်ပြောင်းလဲမှု တိုင်းတွင် အားလုံးပါဝင်လိုက်ပါ ပြောင်းလဲကြရမည် ဖြစ်သည်။ အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ ပြောင်းလဲကြရမည်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားများအားလုံးကလည်း မိမိတို့၏ စိတ်ဓာတ်နှင့် ခံယူချက်တို့ကို ပြောင်းလဲနိုင်မှ အပြောင်းအလဲ ပေါ်ပေါက်လာမည်ဖြစ်သည်။

ယခုအခါ ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို စတင်လျှောက်လှမ်းနေကြပြီ ဖြစ်ပါ ကြောင်း၊ တချို့မှာပြုပြင်ပြောင်းလဲရေးအတွက် စိုးရိမ်ခြင်းများရှိပါ ကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် ရန်သူမဟုတ်ပါကြောင်း၊ မိတ်ဆွေ ကောင်းတစ်ဦးဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများ အတွက် အခွင့်အခါကောင်း၊ အခွင့်အလမ်းကောင်းဖြစ်သည်ကို ဌာန ဆိုင်ရာအသီးသီးက သိရှိစေလိုပါကြောင်း နိုင်ငံတော်သမ္မတက မကြာခဏ ပြောကြားထားသည်။

သို့ဖြစ်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် တိုင်းရင်းသား ပြည်သူ အားလုံး၏ အကျိုးစီးပွားကို အညီအမျှ ဖော်ဆောင်ပေးနိုင်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သဖြင့် ပြုပြင်ပြောင်းလဲရေးကို အားလုံး မဖြစ်မနေဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ