စိုင်းသာလှိုင်(လိမ္မော်မြေ)

 

ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်း စဉ်လာတစ်ခုဖြစ်သော တံပူပွဲတော်(သို့မဟုတ်)ပွဲလူလို ဟုခေါ်သော သနပ်ခါးနံ့သာဆီမီး ဘုရားမီး ပူဇော်ခြင်းဓလေ့ သည် ရှမ်းပြည်နယ်တွင် နှစ်စဉ်ကျင်းပမြဲ ဘာသာရေးပွဲတော် တစ်ခုဖြစ်သည်။ နံ့သာဆီမီးကျင်းပသည့်ရက်သည် တပို့တွဲလဆန်း ၁၄ ရက်နှင့် ၁၅ ရက် ဆောင်းကာလ၏အစွန်ဆုံး အအေးဆုံးရာသီချိန်ခါဖြစ်သည်။ ထို့ကြောင့် ရှမ်းပြည်နယ်၏ အအေးဓာတ်လွန်ကဲသည့် တပို့တွဲလနှင့် မီးပူဇော်ချိန်အခါသမယမှာ လိုက်ဖက်လှပေသည်။

 

တပို့တွဲလသို့ ရောက်ပြီဆိုလျှင် ရှမ်းတိုင်းရင်းသား အမျိုးသား အမျိုးသမီးတို့သည် မိမိရွာနှင့် မိမိတို့ရွာလုံး ကျွတ်မျှ တံပူပင်ရှာဖွေကြတော့သည်။ မိမိတို့ ရိုးရာဓလေ့ ပွဲတော်အတွက် တပို့တွဲလ၏ အေးချမ်းမှုဒဏ်ကို အလေးမမူမိကြပေ။ သီချင်းတအေးအေးနှင့် တောကြို အုံကြားသွားရောက်လျက် တံပူပင်ခုတ်ကြတော့သည်။ တစ်ရွာနှင့် တစ်ရွာအပြိုင်အဆိုင် တံပူပင်ပြုလုပ်ရမည်ဖြစ်၍ နုသောဖြောင့်သော တံပူပင်ကိုမှ ရွေးရှာကြရပေသည်။ တံပူပင်ဆိုသည့်ဆူးပင်မှာ အခွံခွာပြီးလျှင် ဖြူဖြူဖွေးဖွေးနှင့် အမြင်လှပသလောက်၊ အခွံမခွာမီမှာ ဆူးနှင့်အတိဖြစ် သည်။ မည်သို့ပင်ဖြစ်စေ၊ ရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ ရိုးရာအလှူဒါနအတွက် ဆူးအပြည့်နှင့် တံပူကိုပင် စိတ်ရှည်လက်ရှည်ခုတ်ထစ်ပြီး အခွံခွာ၍ သယ်ဆောင် လာကြသည်။

 

တပို့တွဲလပြည့်နေ့တွင် တံပူပင်အား မီးရှို့ပူဇော်မည် ဖြစ်သောကြောင့် ခုတ်ယူလာသော တံပူပင်အား ခြောက်သွေ့စေရန် နေလှန်းထားကြရသည်။ ထို့နောက် တံပူပင်အား မည်သို့သော ပုံစံမျိုးပြုလုပ်မည်ကို တိုင်ပင် ညှိနှိုင်းဆောင်ရွက်ကြသည်။ သို့ဖြစ်ရာ တပို့တွဲလပြည့်နေ့ သို့ ရောက်ရှိလာလျှင် မိမိတို့ ပြုလုပ်ဆင်ယင်ထားသော ပြာသာဒ်ပုံ၊ ကျောင်းပုံ၊ စေတီပုံ စသည်ဖြင့် ဉာဏ်မီသလို ပြုလုပ်ထားသည့် တံပူပင်အား မြို့၏စုရပ်ကျယ်ပြန့်သည့် နေရာသို့ အိုးစည်ဗုံမောင်းတို့ဖြင့် သယ်ယူသွားကြသည်။ ရှမ်းတိုင်းရင်းသူ လုံမေများက တံပူပင်များ ပို့ဆောင်ရာသို့ လိုက်ပါကြပြီး အမျိုးသားများက တံပူပင်ထမ်းလျက်၊ တိုးနရား ကိန္နရာများကလည်း မြူးမြူကြွကြွကလျက် အားလုံးက ပျော်ရွှင်စွာလှည့်လည်ကြသည်။ မီးပူဇော်မည့် စုရပ်သို့ ရောက်သည်နှင့် မိမိတို့တံပူပင်အား နေရာချကာ အခြားရောက်မလာသေးသည့်အဖွဲ့များကို စောင့်ဆိုင်းနေ ကြရသည်။ အချိန်ကား တပို့တွဲလပြည့်နေ့ မွန်းတည့်ချိန်ပင်။

 

ဤသို့ စောင့်နေရင်းနှင့် ရှမ်းအိုးစည်များက အပြိုင်တီး ခတ်လိုက်ကြသည်။ တိုးနရား၊ ကိန္နရာတို့ကလည်း အပြိုင် အဆိုင် ကခုန်ကြသည်။ ပို့ဆောင်သူနှင့် လာရောက် ကြည့်ရှုသူများ တစ်မြို့နယ်လုံးလာရောက်ကြသဖြင့် စည်ကားလှပေသည်။

 

မြို့ပတ်ဝန်းကျင်ရွာများစုံသည်နှင့် မြို့တွင်းသို့ တန်းစီ လှည့်လည်ရာတွင် လမ်းတစ်လျှောက်လုံး ပြည့်ညပ် စည်ကားလျက်ရှိနေတော့သည်။ တံပူပင်တွင် အိုးစည်တီး သူတို့ကလည်း အပြိုင်အဆိုင် လက်စွမ်းပြကြတော့သည်။ တံပူပင်ထမ်းသူတို့ကလည်း တံပူပင်အား လှည့်၍ကရင်း၊ ပတ်၍ကရင်း ပို့ဆောင်ကြသဖြင့် တံပူပင်ပို့ဆောင်ရာ လမ်းတစ်လျှောက် စည်ကားလျက်ရှိပေသည်။

 

မီးပူဇော်မည့်ကွင်းပြင်သို့ရောက်သည်နှင့် မိမိတို့တံပူပင် များအား စနစ်တကျထား၍ ဘုရားကပ်လှူပြီး သီလခံယူ ကြသည်။ နေစောင်းချိန်တဖြည်းဖြည်း အမှောင်ဘက်ဆီ သို့ ရောက်လာသည်နှင့် တံပူပင်အား မီးရှို့လှူဒါန်း ကြသည်။ ရှမ်းအိုးစည်သံတို့မှာလည်း ပို၍ ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။ တံပူပင်တွင် တပ်ဆင်ထားသည့် ဗြောက်အိုးများသည်လည်း ဆူညံစွာ ပေါက်ကွဲလာတော့ သည်။ ယခင်အချိန်များက တံပူပင်အား မီးရှို့ဘုရားပူဇော် ရာတွင် မီးဒုံးကျည်လေးများဖြင့် ဖောက်ခွဲမီးရှို့ကြသည်။ တံပူပင်နှင့် မီးရှို့သူတွင် ကြေးနန်းကြိုးတန်းထား၍ ထို ကြေးနန်းကြိုးပေါ်မှ မီးဒုံးကျည်လေးကပြေးလွှားပေါက်ကွဲခြင်းဖြစ်သည်။ ယမ်းအားနှင့် နန်းကြိုးအတိုင်း ပြေးလွှား သွားသော ပေါက်ကွဲသံနှင့်အတူ တံပူပင်အား မီးစွဲလောင် သွားသည်က ကြည့်၍ ကောင်းလှသည်။

 

ထိုသို့ တံပူပင်ပြုလုပ်၍ စုပေါင်းမီးလှူဒါန်း ပူဇော်ကြ သည့်အပြင် ရှမ်းတိုင်းရင်းသားတို့သည် မိမိတို့အိမ်တွင် လည်း မီးလှူဒါန်း ပူဇော်ကြသေးသည်။ သို့သော် တံပူပင် ကဲ့သို့ ကြီးကြီးမားမား မဟုတ်တော့ပေ။ မီးစံပန်းလေး ပေါ်တွင် သနပ်ခါးနံ့သာသားတို့အပြင် အမွှေးအကြိုင်များ ဖြင့် မီးရှို့လှူဒါန်းပူဇော်ခြင်းသာ ဖြစ်ပေသည်။

 

ရှေးယခင်အခါက မီးခံဗန်းဖြင့်သာ လှူဒါန်းကြသော် လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ ခန့်က ပဒေသရာဇ် စော်ဘွားတို့ လက်ထက်မှပင် ဤသို့ပြာသာဒ်ပုံ၊ ကျောင်းပုံ၊ စေတီပုံအစရှိသည့် တံပူပင်ကို ပြုလုပ်ပူဇော်လာကြခြင်း ဖြစ်သည်။ ရှမ်းတိုင်းရင်းသားတို့သည် မီးလှူဒါန်းသော တံပူပင်ပွဲတော်ကို ယခုကဲ့သို့ ကြီးကျယ်ခမ်းနားစွာ ကျင်းပရခြင်းမှာ ဘိုးဘွား စဉ်ဆက်ကရှိခဲ့သော ထုံးတမ်း စဉ်လာ အယူအဆတစ်ခု မပျောက်ပျက်စေလိုသော ကြောင့် ဖြစ်ပေသည်။ ၎င်းတို့၏ အယူအဆမှာ ဓာတ်ကြီး လေးပါးမှ တစ်ပါးဖြစ်သည့် မီးဓာတ်လှူဒါန်းခြင်းဖြင့် 'အနု ရုဒ္ဓ' ရဟန်းကဲ့သို့ ဉာဏ်ပညာထွန်းလင်းတောက်ပသည် ဟု လည်းကောင်း၊ တဖုဿနှင့် ဘလ္လိကကုန်သည် ညီနောင်ကဲ့သို့ တောက်ပကျော်ကြားသည်ဟု လည်းကောင်း အယူရှိကြသည်။

 

တပို့တွဲလတွင် တံပူပင်ပွဲတော်ကျင်းပသည်နှင့် 'ခေါက် ယာဂု'ဟု ခေါ်သော ထမနဲသည်လည်း တံပူပင်နှင့်ယှဉ်၍ လှူဒါန်းဖွယ်အဖြစ် ဖြစ်ပေါ်လာခဲ့ရပေသည်။ ရှေးလူကြီး သူမတို့ပြောဆိုသော စကားတွင် 'ခေါက်ယာဂုဟုခေါ်သော ထမနဲအား လှူဒါန်း၍သာ တံပူမီး ပူဇော်ခြင်းဖြစ်ပေါ်လာခဲ့သည်'ဟု ဆိုကြသည်။ ဘုရားရှင်လက်ထက်ကလည်း လှည်းအစီးပေါင်း ၅ဝဝ တို့ကို အုပ်ချုပ်သည့် တဖုဿနှင့် ဘလ္လိကအမည်ရှိသော ကုန်သည်ညီနောင်တို့သည် ဘုရားရှင်နှင့် တွေ့ဆုံရာတွင် လှူဒါန်းစရာအဖြစ် ကောက် ညှင်း၊ မြေပဲ၊ နှမ်း၊ ပျားရည် စသည့် ပစ္စည်းလေးမျိုးသာရှိ၍ ထိုပစ္စည်းလေးမျိုးကို ရောနှောကာ ကျိုချက်လှူဒါန်း ခဲ့သဖြင့် ခေါက်ယာဂုဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယခုအခါ ပျားရည်နှင့် မကျိုချက်တော့ဘဲ ကြံသကာဖြင့် သာ ကျိုချက်ကြကြောင်း သိရသည်။

 

ဘုရားရှင်တော်နှင့် ကုန်သည်ညီနောင်တို့ တွေ့ဆုံချိန်သည် တပို့တွဲလရာသီဖြစ်ရာ ချမ်းလွန်းသဖြင့် ကုန်သည် ညီနောင်တို့က မီးပူဇော်ကြသည်။ ထိုသို့ မီးပူဇော်ရာတွင် ကုန်သည်ဖြစ်သည့်အလျောက်'မိုင့်တမ်းပူ'ဟု ခေါ်သော 'တံပူပင်'ထင်းဖြင့် မီးရှို့လှူဒါန်းကြရသည်။ မိုင့်တမ်းပူသည် မီးတောက်လွယ်၍ အပူချိန်ပြင်းပြီး ငြိမ်းသွားသည်နှင့် မီးကျီးခဲမကျန်တော့ဘဲ ငြိမ်းသွားသည်။ ထို့ကြောင့် ရှေးကကုန်သည်တို့သည် တောက်လွယ် ငြိမ်းလွယ်သော ''မိုင့်တမ်းပူ'အား ထင်းအဖြစ်သုံးကြခြင်းဖြစ်သည်။ သို့ဖြင့် 'လို'ဟု ခေါ်သော တံပူပင် မီးပူဇော်ပွဲဖြစ်ပေါ်လာခဲ့သည်။

 

အဆိုပါ 'မိုင့်တမ်းပူ'သည် တံပူပင်ဖြစ်၍ 'လို'ဟုခေါ် သော ဝေါဟာရစကားမှာ ရှေးအခါ ရှမ်းလူမျိုးတို့သည် ထင်းအား'လို'ဟု ခေါ်ဝေါ်ခဲ့ခြင်းကြောင့် 'ပွဲလူလို'ဟု ခေါ်တွင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဓိပ္ပာယ်မှာ ထင်းအလှူပွဲတော်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှမ်း တိုင်းရင်းသားတို့သည် တံပူပင်ပွဲတော်'ပွဲလူလို' ကျင်းပ ခြင်းဖြင့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ သွေးစည်းခြင်း စသည့် အကျိုးတရားများ ခံစားရမည်ဖြစ်ပါကြောင်း ရေးသား တင်ပြရပါသတည်း။ ။