ကိုရင်သြ - ရေးသားသည်
နှင်းရည်စိုရွှဲတပို့တွဲလ၏ ယခုရက်သတ္တပတ်အတွင်း ကျွန်ုပ်၏ “ဒိဗ္ဗစက္ခု” သတင်းမှန်ပြောင်းအတွင်းသို့ တရိပ်ရိပ်တလိမ့်လိမ့် ဝင်ရောက်လာသော ကမ္ဘာကျော်သတင်းများကို ရှုစားကြည့်မိရာဝယ် စိန္တာကဝိ အလိမ္မာပညာရှိတို့အပါအဝင် အချင်းခပ်သိမ်းကမ္ဘာသူ၊ ကမ္ဘာသားတို့က ဝှဲချီးထိုက်စွာ ကြိုဆိုကြမည့် “ငြိမ်းချမ်းရေးရောင်ခြည်”ကို ထင်ဟပ်ဖော်ကျူးနေသောသတင်းတစ်ပုဒ်က ကျွန်ုပ်၏ ရွှေရင်အစုံကို နှင်းဆမ်းပန်းပမာလန်းဖြာစေခဲ့ပေရကား ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမည့် ယင်းသတင်းကောင်း ကို ပရိသတ်ကြီးနှင့်အတူ မျှဝေခံစားကြည့်ရင်း ငြိမ်ငြိမ်ဆိမ်ဆိမ်ဖြင့် ပိုင်းခြား စိတ်ဖြာ သုံးသပ်လေ့လာမိလေ၏။
ကမ္ဘာ့သတင်းဇာတ်ခုံပေါ်ရှိ သတင်းဇာတ်ကောင်များအနက် ကမ္ဘာသူ၊ ကမ္ဘာသားတို့၏ ဟဒယနှလုံးအိမ်ကို ဆွဲဆောင်ဖမ်းစားလိုက်သည့် သတင်းသည်ကား ဝါဒသဘောတရားရေးရာအရ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်ခဲ့ရသော အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ ခေါင်းဆောင်ကြီး နှစ်ဦးတို့ ‘စိတ်တူတစ်သက်မွေ့ စိတ်မတူတစ်သက်မေ့’စေမည့် သံတမန်ရေးအခင်းအကျင်းကို ဖော်ကျူးနေပေသည် တကား။
သံတမန်ရေးရာ ရင်ကြားစေ့ရမည့် အခါသမယ အထွတ်အထိပ်ရောက်ရှိချိန်တွင် အရှေ့တိုင်းနှင့် အနောက်တိုင်းတို့၏ ချစ်ကြည်နွေးထွေးမှု သရုပ်သကန် ဖော်ကျူးချက်နှင့်အတူ ထိပ်သီးဆွေးနွေးပွဲကြီး တစ်ရပ်ကို အရှေ့တောင်အာရှဒေသရှိ သာယာလှပသော ဗီယက်နမ်နိုင်ငံ၌ ကျင်းပတော့မည်ဟု ကျွန်ုပ်သိရှိရ ပေရာ ချိုမြိန်ဖွယ်ရာ ငြိမ်းချမ်းရေးအရသာကိုမြည်းစမ်းခွင့်ပေးမည့် ပွဲကြီးသဘင်ကိုသူတို့ ဝှဲချီးဆင်ယင် ကျင်းပကြတော့အံ့ဟု ကျွန်ုပ် တွေးတောမိ၏။
ငြိမ်းချမ်းရေးဟူသည်ကား ကမ္ဘာ့ “အသက်”ဖြစ်ပေရကား အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကြီးကင်တို့၏ ထိပ်သီးဆွေးနွေးပွဲသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားမာန်သစ် မွေးပေးမည့် အလားအလာကို ဖော်ကျူးလျက်ရှိ၏။ကမ္ဘာ့ငြိမ်းချမ်းရေးကို တစ်နည်းတစ်လမ်းဖြင့် အထောက် အကူပြုမည့်သံတမန်ရေးဆွေးနွေးပွဲတွင် တွေ့ဆုံကြမည့် ပုဂ္ဂိုလ်ကြီးနှစ်ဦးသည်ကား ဇာတိမာန် ရင့်သန်ကြသူများဖြစ်ကြပြီးလျှင် အတိတ်ကာလက ဘောက်ဆတ်ဆတ် မာကြောကြော တွေ့ထိဆက်ဆံမှု များရှိခဲ့ခြင်းကို ပြည်ဖုံးကားချကာ ငြိမ်းချမ်းရေးပန်းကို လက်ကမ်းလင့် ကြိုဆိုရန် ဟန်ရေးပြင်လျက်ရှိကြ လေသည်။
သဒ္ဓါစိတ်ယိုဖိတ်ချိန်တွင် မေတ္တာရေကြည် စိမ့်ထွက်လာသည့် အသွင်ကို ဆောင်လျက် ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တူနှစ်ကိုယ်တွေ့ဆုံနှီးနှောဖလှယ်ကြမည့် သမ္မတထရန့်နှင့် ခေါင်းဆောင်ကြီး ကင်တို့မှာ ယခုအချိန်တွင် ဆွေးနွေးရေးစည်းဝိုင်းအတွင်းသို့ ဒေါင်းတည်မောင်းတည်ဝင်ရောက်လာကြရန် တာစူလျက်ရှိ၏။ ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်း၌ ကမ္ဘာ့ထိပ်ခေါင် နှစ်ဦးတို့၏ ထိတ်ထိတ်ကြဲဆွေးနွေးပွဲကြီး တွင် သူတို့နှစ်ဦး မည်သို့မည်ပုံ စကားလက်ဆုံကျကြမည်ကို ကမ္ဘာ့နိုင်ငံများက စောင့်ကြည့်လေ့လာနေကြ၏။ မျက်လုံးဒေါက်ထောက် ကြည့်နေကြ၏။
တစ်ချိန်က “ငြှိုးသူရန်ဘက်” ဖြစ်ခဲ့ကြသည့်တိုင် ယနေ့ကာလတွင်အစဉ်မပြတ် ချစ်ကြည်မှုကို တည်ဆောက် နေကြပြီဖြစ်သော အမေရိကန်နှင့် ဗီယက်နမ်တို့၏ ချစ်ကြည်ရေးသရုပ်သကန်ကိုလည်း ဖော်ကျူးစေ၊ အနာဂတ်ရေး ရှုမြော်တွေးကာ ငြိမ်းချမ်းရေးအသွင်အပြင်ကိုလည်း လှစ်ဟ စေမည့် ဆွေးနွေးပွဲကြီးအဖြစ် ကျွန်ုပ် ငံ့လင့်မိပြီးလျှင် စကားအရာ၊ အင်္ဂါလေး တန်ကို ပြသကြမည့် ပွဲကြီးအဖြစ် ရှုမြင်မိလေသည်။
ကွန်မြူနစ် “မြောက်ဗီယက်နမ်နိုင်ငံ”ဟူ၍ ၁၉၅၄ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ရပ်တည်ခဲ့သော ပထဝီဝင်နယ်မြေ အပိုင်းအခြားတွင် တစ်ချိန်တစ်ခါက စစ်ခင်းခဲ့ဖူးသော အမေရိကန်အတွက် ယခုအခါတွင် သမိုင်းသင်ခန်းစာများ ကောင်းကောင်းကြီးရလောက်ပေပြီဟု ကျွန်ုပ်သဘောပိုက်မိပြီးလျှင် “ထာဝရရန်သူမရှိ” သဘောတရားကို တွေးဆဆင်ခြင်ကြည့်မိလေသည်။
ထောင်းလမောင်းကြေခဲ့ရသည့် စစ်တလင်းမြေတည်ရာ ဗီယက်နမ်သည် သို့စင်မျှလောက် စစ်၏ဒဏ်ကို အလူးအလိမ့်ခံစားခဲ့ရသည့်တိုင်အောင် ပြာပုံဘဝမှ လူးလဲထကာ နိုင်ငံတည်ဆောက်နိုင်ခြင်းမှာလည်း ကမ္ဘာကို စံနမူနာပြသနိုင်လေပြီ။
“လက်သည်းဆိတ် လက်ထိပ်နာ” သမိုင်းသင်ခန်းစာကို အလေးမူလျက် ခေါင်းဆောင်ကြီး “ဟိုချီမင်း”က နိုင်ငံပြန်လည်ပေါင်းစည်းရေးကို ဦးလည်မသုန် ကြိုးပမ်း နိုင်ခဲ့ခြင်း၏ ရလဒ်ကောင်းအဖြစ် နိုင်ငံ၏ “တန်ဖိုး”အား အသစ်တစ်ဖန် ပြန်လည်မြှင့်တင်နိုင်ခဲ့ပုံကို ကျွန်ုပ် ဂရုဓမ္မပြုမိလေသည်။
ဝါဒသဘောတရားရေးရာအရ အမေရိကန်နှင့် အမြင်မတူ “အိုဘဲ့” ရန်သူ ဖြစ်ခဲ့လင့်ကစား “ယနေ့ ဗီယက်နမ်”သည် “ယမန်နေ့ ဗီယက်နမ်”မဟုတ်တော့ပြီ။ ကျေးငှက်သာရကာတို့၏ ငြိမ်းချမ်းရေးတေးသံသာ သာယာစွာ သီဆိုကျူးရင့်ပုံကို ကျွန်ုပ် ကြားယောင်မိရင်း တက်သစ်စအားမာန်ဖြင့်နိုင်ငံတော်ကို တည်ဆောက် နေဆဲဖြစ်သော ဗီယက်နမ်နိုင်ငံသားတို့၏ “စီးပွား ရေးတက်ကပ်”အရွေ့ကို ကျွန်ုပ် ငဲ့စောင်းကြည့်မိလေသော် တစ်ဟုန်ထိုး တိုးတက်မှု ကိန်းဂဏန်းများကို တွေ့မြင်ရ၏။
ပြည်သူပြည်သား ဦးရေ ၉၅ သန်းရှိသော ဗီယက်နမ်နိုင်ငံသည်ကား ၂၁ ရာ စု၏ “အာရှကျား”အဖြစ် ကျားကျားလျားလျားအသွင်ကို ဆောင်နေ၏။ ဗီယက်နမ်စစ်ပွဲကြီးအပြီး မျိုးဆက်တစ်ဆက်သာသာ ကြာမြင့်ပြီးချိန်မှာပင်စီးပွားရေးတည်ဆောက်မှု စွမ်းပကားကို ဗီယက်နမ်သားတို့ တစ်မူထူးခြား ပြသနိုင်၏။
ထိုဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုမှာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိပြီးလျှင် ၂၀၁၈ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းထား ခုနစ်ရာ ခိုင်နှုန်းအထိတိုးတက်ခဲ့သည်ဟု ကျွန်ုပ် လေ့လာတွေ့ရှိရလေသည်။
ကျွန်ုပ်တို့၏ အရှေ့တောင်အာရှဒေသရှိ ဗီယက်နမ်နိုင်ငံသည်ကား ကုန်ထုတ်လုပ်မှုကို အကြီးစားစကေးဖြင့် မြှင့်တင်လျက် နိုင်ငံတကာဈေးကွက်နှင့် ပြည်ပပို့ကုန်တို့ကို အံဝင်ခွင်ကျဖြစ်စေကာ စီးပွားရေးတိုး တက်အောင်ရွက်ဆောင် ကြိုးပမ်းလျက်ရှိပေပြီ။
ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းကို “ဆယ်ဂဏန်း” (ဝါ) double-digit အထိ မြှင့်တင်လျက် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဝါ) ဂျီဒီပီတန်ဖိုးအရ က္ဘာ့ထိပ်တန်းစီးပွားရေးစွမ်းအားရှင် နိုင်ငံ ၅၀ စာရင်းတွင်ဗီယက်နမ် ပါဝင်လာ၏။
စီးပွားရေးတိုးတက်လာမှုနှင့်အတူ ဆင်းရဲမွဲတေမှုနှုန်း ကျဆင်းလာကာ ပြည်သူတို့၏ မျှော်မှန်းနိုင်သော ဘဝသက်တမ်းကို ၇၅ နှစ်အထိ မြှင့်တင်နိုင်ခဲ့ပြီဆိုသော အချက်မှာလည်း အားရဖွယ်၊ အားကျဖွယ် ကောင်းလှပေသည်။
ဗီယက်နမ်နိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုအခြေအနေကို ကျွန်ုပ် စေ့ငုပြန်သော် အီလက်ထရွန်နစ် ထုတ်ကုန်ပစ္စည်းများ အရောင်းသွက်နေသည်ဟုသိမှတ်ရလေသည်။
ဗီယက်နမ်နိုင်ငံ၏ အင်အားအကြီးဆုံးသော ပို့ကုန်အရင်းအမြစ်မှာ ကိုရီးယား “ဆမ်ဆောင်း”ဖြစ်၏။ နှစ်ပေါင်းအတန်ကြာကာလအတွင်း ယင်းနိုင်ငံကို ပထမဆုံးအကြိမ် ကုန်သွယ်ရေး “ပိုငွေ” ပြနိုင်အောင် နောက်ကွယ်မှ ကူပံ့ပေးနေခဲ့သည်မှာလည်း “ဆမ်ဆောင်း”ဖြစ်၏။တောင်ကိုရီးယားမှ ဆမ်ဆောင်း အီလက်ထရွန်နစ် ကုမ္ပဏီကြီးသည်ကား ဗီယက်နမ်၌ ငွေကြေးအများဆုံး ရင်းနှီးမြှုပ်နှံနေသော ကုမ္ပဏီကြီး ဖြစ်ပြီးလျှင် ကမ္ဘာပေါ်တွင် ကွန်ပျူတာ “ချစ်ပြား”(ဝါ) ကွန်ပျူတာမှတ်ဉာဏ်ပြား နှင့် ဆဲလ်ဖုန်းများကို အများဆုံး ထုတ်လုပ်လျက်ရှိလေသည်။ ဗီယက်နမ်၌ ဆမ်ဆောင်းနှင့်အတူ အမေရိကန်နည်းပညာ ကုမ္ပဏီကြီး များဖြစ်ကြသော မိုက္ခရိုဆော့ဖ်နှင့် အင်တဲလ်တို့ကလည်း ပါဝင်ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်လျက်ရှိကြလေသည်။
ဒေသတွင်းစီးပွားရေး ပြိုင်ဘက်အဖြစ် လန်ဘားကျောက်လားတရုတ်နိုင်ငံကဲ့သို့ စီးပွားရေးအရ ကမ္ဘာကို ထိုးဖောက်နေသော ဗီယက်နမ်သည်ကုန်ထုတ်လုပ်မှု စရိတ်စက သက်သက်သာသာဖြင့် နိုင်ငံတကာနည်းပညာ ကုမ္ပဏီများကို ဆွဲဆောင်လျက်ရှိသည်ဟု ကျွန်ုပ်လေ့လာမှတ်သားရသည်။
ပို့ကုန်လမ်းကြောင်းများ ဖြောင့်တန်းနေသော ဗီယက်နမ်နိုင်ငံ၏ အစိုးရ အဖွဲ့က ပို့ကုန်ထိန်းချုပ်မှုများကို လွှတ်ပေးလိုက်သည်ရှိသော် ပို့ကုန်-အခြေပြု စက်မှုလုပ်ငန်းများ ခေါင်းထောင်ထလာကြကုန်၏။ ဆမ်ဆောင်းသည် ၂၀ဝ၉ ခုနှစ်မှ အစပြု၍ ဗီယက်နမ်၌ ပထမဆုံးသော မိုဘိုင်းဖုန်းထုတ်လုပ်ရေးစက်ရုံကို ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ ယင်းနိုင်ငံ၌ အလုပ်အကိုင်နေရာပေါင်း တစ်သိန်းကျော်အထိ မြောက်မြောက် မြားမြားဖန်တီးပေးနိုင်ခဲ့ပေပြီ။
၂၀၁၇ ခုနှစ် စီးပွားရေးသတင်းအခြေပြုစာရင်းအရ ဗီယက်နမ် ပြည်ပ ပို့ကုန် စုစုပေါင်း၏ လေးပုံတစ်ပုံကျော်ကို ဆမ်ဆောင်းကုမ္ပဏီက ကိုယ်စား ပြုသည်ဟု ကျွန်ုပ်သိရှိရပြန်ရာ ကမ္ဘာနှင့်ချီ၍ လုပ်ရည်ကြံရည်ကောင်းသော ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများ ရရှိလျှင် နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် အကူအပံ့ရနိုင်သည်ဟု ဆိုရပေလိမ့်မည်။
ဤသို့လျှင် စီးပွားရေးအရ တစ်မုဟုတ်ချင်း တိုးတက်နေသော ဗီယက်နမ်နိုင်ငံသည် ဖေဖော်ဝါရီလ ၂၇-၂၈ ရက်တွင် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် အစွမ်းကုန် ပြင်ဆင်ထားပြီ ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအလို့ငှာ အဏုမြူလက်နက်တိုက်အားစွန့်လွှတ်ရန် သမ္မတ ထရန့်က မြောက်ကိုရီးယားခေါင်းဆောင်ကိုတဲ့တိုးတိုက်တွန်းဖွယ်ရှိပြီး ထိပ်သီးဆွေးနွေးပွဲရလဒ် ကောင်းများ မည်သို့မည်ပုံ ပေါ်ထွက်လာမည်ကို ယခုအချိန်တွင် ဂဃနဏ မသိရသေးသော်လည်း ဗီယက်နမ် နိုင်ငံအနေဖြင့် ကွန်မြူနစ်ဝါဒ လက်ခံပုံချင်းတူညီသော မြောက်ကိုရီးယားနိုင်ငံအတွက် စီးပွားရေးအရရော၊ နိုင်ငံ တည်ဆောက်ရေး အတွက်ပါ စံနမူနာပြသနိုင်လိမ့်မည်ဟု တွေးတောမိရင်း “လက်ရည်တစ်ပြင်တည်း ငြိမ်းချမ်းရေးခရီးနှင်”ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။
Ref: Trump-Kim summit: What might Kim learnfromhostsVietnam?(BBC)learn from hosts Vietnam? (BB