ဆရာကြည်

(၂၇-၁၁-၂၀၂၃ ရက်နေ့မှအဆက်)

ထို့ကြောင့် ဘုရားရှင်သည် နောင်သောအခါ၌ ရဟန်းများအား ဧတဒဂ်ပေးသောအခါ၌ ရဟန်းတို့ တောကျောင်း၌နေသော ငါဘုရား၏တပည့် ရဟန်းတို့တွင် ဤရှားတော၌နေသော ရှင်ရေဝတသည် အမြတ်ဆုံးဖြစ်ပေသည်ဟူ၍ မိန့်မြွက်သည်။ ရှင်ရေဝတသည် အာရညက (တောကျောင်းနေ) ဧတဒဂ်အရာ၌ ထားတော်မူလေသည်။

အရှင်ရာဟုလာအား သိက္ခာကာမ ဧတဒဂ်အရာ ရရှိခြင်းနှင့် မာရ်နတ်ခြောက်လှန့်ခြင်း

ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်နေ့ မိုးချုပ်သောအခါ၌ မထေရ်တို့သည် ယင်းကျောင်းတော်သို့ ဝင်လာပြီး ရာဟုလာ၏နေရာတွင် နေထိုင်ကြကုန်သည်။ အရှင်ရာဟုလာသည် ရဟန်းတွင် ဝါအငယ်ဆုံးဖြစ်၍ ရဟန္တာဖြစ်သော်လည်း ယင်းမထေရ်ကြီးများကို ဦးစားပေးရသည်။

ထို့ကြောင့် အရှင်ရာဟုလာသည် သူ့နေရာသို့ လာနေကြသော မထေရ်ကြီးတို့အား တားမြစ် ပိုင်ခွင့်မရှိချေ။ အခြားနေရာများကို ရှာသည်။ မတွေ့သောအခါ ၎င်းသည် ဘုရားရှင်၏ ဂန္ဓကုဋိတိုက် မုခ်ဦးတွင် နေထိုင်ပြီး လျောင်းတော်မူရလေသည်။ အရှင်ရာဟုလာသည် ရဟန်းဖြစ်စ ရဟန္တာဖြစ်ပြီး ဝါမရသေးသော ရဟန်းတစ်ပါး ဖြစ်သည်။

ထိုအခါ မာရ်နတ်သားသည် ဝဿဝတီနတ်ပြည်၌ နေရင်းကပင် ရှင်ရာဟုလာ၏အဖြစ်ကို မြင်လျှင် ၎င်း၏ထုံးစံအတိုင်း ဘုရားရှင်အား အနှောင့်အယှက် ဖြစ်စေလိုသောကြောင့် ဘုရားရှင်၏ လက်ချောင်းလေးဖြစ်သော ရာဟုလာအားထိလျှင် ဘုရားရှင်နာမည်ဟု သိသည်။ ထို့ကြောင့် ဘုရား၏ ဂန္ဓကုဋိအပြင်တွင် လျောင်းစက်နေသော ရာဟုလာအား မာရ်နတ်သည် ကြီးမားသောဆင်မင်းအသွင် ဖန်ဆင်း၍ နှာမောင်းဖြင့် ရာဟုလာ၏ဦးခေါင်းကို ပွေ့ပိုက်ပြီးမြည်ဟီးလေသည်။
 
ဘုရားရှင်ကလည်း ဂန္ဓကုဋိတိုက်တွင်ရှိသောကြောင့် မာရ်နတ် နှောင့်ယှက်သည်မှန်းသိတော် မူလေသည်။ ထို့ကြောင့် ဘုရားရှင်က မာရ်နတ်အား “ဟယ် မာရ်နတ် သင်ကဲ့သို့ မာရ်နတ်တစ်ဦးမဆိုထားနှင့် မာရ်နတ်ပေါင်းတစ်သိန်းသည်ပင် ငါ့သားတော်အား ကြောက်ရွံ့အောင်မလုပ်နိုင်။ ငါ့သားတော် ရာဟုလာသည် ထိတ်လန့်ခြင်း အလျှင်းမရှိ၊ တဏှာကင်းပြီးသူ၊ လုံ့လဝီရိယကြီးမားသူ၊ ဉာဏ်ပညာ ကြီးမားသူဖြစ်ပေသည်”ဟူ၍ ရာဟုလာအကြောင်းကို မိန့်တော်မူလိုက်လေသည်။ မာရ်နတ်သည် ဘုရားရှင်က သူ့အားမြင်သွားသည်ဖြစ်၍ သူ့လုပ်ရပ်ကို ရုပ်သိမ်း၍ ပျောက်ကွယ်သွားလေသည်။

ရာဟုလာသည် သာမဏေဘဝမှစ၍ နံနက်အိပ်ရာထလျှင် လက်ခုပ်ဖြင့် သဲမှုန်များကိုလူးပြီးနောက် နေ့စဉ်ဘုရားရှင်ထံမှ လည်းကောင်း၊ ဥပဇ္ဈာယ် ဆရာမထေရ်တို့ထံမှ လည်းကောင်း သူ့လက်ခုပ်ဖြင့် ယူထားသော သဲမှုန်နှင့်အမျှ အဆုံးအမသြဝါဒကို ရလိုပါ၏ဟူ၍ ဆိုလေ့ရှိပါသည်။ ရာဟုလာသည် ဘုရားရှင်၏ အဆုံးအမကို ခံယူနာယူတတ်ပြီး ဥပဇ္ဈာယ်ဆရာမထေရ်များ၏ ဆုံးမသြဝါဒကိုလည်း နာယူတတ်သည်။ ထို့အပြင် ထိုသို့ဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးနေထိုင်သူ ဖြစ်ပါသည်။ ထို့ကြောင့် ရဟန်းတော်များအလယ်၌ သာမဏေရာဟုလာသည် အဆုံးအမကို လွယ်ကူစွာခံယူတတ်သူဖြစ်ခြင်းကြောင့် သားထူးသားမြတ်အဖြစ် ချီးမွမ်းခြင်းကို ခံရလေသည်။

ထို့ကြောင့် နောင်သောအခါ၌ ရဟန်းတို့အား “ဧတဒဂ်” ထားတော်မူသည့်အခါ၌ ဘုရားရှင်က ရဟန်းတို့ သိက္ခာသုံးပါးကို လိုလားကြသည့် ငါဘုရား၏ တပည့်ရဟန်းတို့တွင် ရာဟုလာသည် အမြတ်ဆုံး ဖြစ်ပေ၏ဟူ၍ ဆိုသည်။ ၎င်းအား သိက္ခာကာမ ဧတဒဂ်အရာ၌ ထားတော်မူလေသည်။ 

သူစိလောမ၊ ခရလောမ ဘီလူးနှစ်ဦး သောတာပန်ဖြစ်ခြင်း

ဂယာရွာကြီးသည် ဗောဓိပင်အနီးတွင်ရှိပြီး ယင်းရွာတံခါးဝ၌ အညစ်အကြေး၊ အမှိုက်များ စွန့်ပစ်ရာ မြေနေရာရှိသည်။ ထိုနေရာတွင် သူစိလောမ မည်သော နတ်ဘီလူးကြီးတစ်ဦး နေသည်။  ယင်းနတ်ဘီလူးနေရာအနီး၌ပင် ခရလောမ မည်သော နတ်ဘီလူးကြီးတစ်ဦးလည်း ရှိပါသည်။ ၎င်းနတ်ဘီလူးနှစ်ဦးသည် သူတို့အချင်းချင်း ချစ်ခင်သမှုရှိကြသည့် မိတ်ဆွေများလည်း ဖြစ်ကြသည်။ 
သူတို့နှစ်ဦးသည် ရှေးကံအကြောင်းကြောင့် ဤသို့အားဖြင့် ဘီလူးဖြစ်နေရခြင်းဖြစ်ပါသည်။ ကဿပဘုရားရှင်လက်ထက်၌ အလွန်မာနကြီးသော ရဟန်းတစ်ပါးသည် ခရီးဝေးမှ ပြန်လာသည်။ ထိုအခါ၌ ၎င်းကိုယ်၌ အညစ်အကြေး၊ ချွေးအစ ရှိသည်တို့ရှိလျက် ကိုယ်မသန့်ရှင်းဘဲ သံဃိကဖြစ်သော ညောင်စောင်းပေါ်၌ အဝတ်မပါဘဲ တက်၍အိပ်သည်။ သူ၏မာနနှင့် ဤမကောင်းမှုကံတို့ကြောင့် သေသောအခါ၌ ယခုကဲ့သို့ ဗောဓိပင်အနီး၌အပ်နှင့် တူသည့် အမွေးများ ရှုပ်ထွေးစွာပေါက်၍ သူစိလောမ ဟူသော နတ်ဘီလူးကြီး ဖြစ်လာရသည်။ ထိုကဿပ ဘုရားရှင်လက်ထက်၌ပင် ဒါယကာတစ်ဦးသည် သီလဆောက်တည်လျက်ရှိသော ရဟန်းတို့၏ ပစ္စည်းကို လှည့်ပတ်ယူသည်။ ထို့အပြင် သံဃိကဆီဖြင့် ကိုယ်ကိုလိမ်းကျံ၍ ကောင်းစွာခင်းထားသော သံဃိကနေရာပေါ်၌ လှဲအိပ်နေသည်။ ဤသို့သော မကောင်းမှုတို့ကြောင့် သူသည် သေသောအခါ၌ သူစိလောမဘီလူးနေသောနေရာ၌ပင် ဖွတ်မိကျောင်းကဲ့သို့ ကြမ်းတမ်းသော ကျောကုန်းဖြင့် ကိုယ်ရှိသည့် ခရလောမနတ်ဘီလူး ဖြစ်ရလေသည်။ 

တစ်နေ့သောအခါ ဘုရားရှင်သည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေစဉ် နံနက်ခင်း၌ ဘုရားရှင်တို့၏ ထုံးစံအတိုင်း လောကကြီးကို သဗ္ဗညုတဉာဏ်ဖြင့် ကြည့်သောအခါ ယင်းဘီလူး နှစ်ဦးသည် သောတာပန်ဖြစ်လတ္တံ့ကို မြင်တော်မူ လေသည်။ ထို့ကြောင့် ဘုရားရှင်သည် နံနက်ဆွမ်းခံကြွချိန်၌ ၎င်းဘီလူးနှစ်ဦးနေသော အညစ်အကြေးစွန့်ရာမြေကို ဂန္ဓကုဋိတိုက်ကဲ့သို့ တစ်ပါးတည်းကြွလေသည်။ ၎င်းတို့နှစ်ဦး အစာရှာထွက်နေ သည့် အခါလည်းဖြစ်သည်။ ဘီလူးများ ပြန်လာသောအခါ ခရလောမဘီလူးသည် ဘုရားရှင်ကိုမြင်၍ သူစိလောမဘီလူးအား သင့်နေရာတွင် ရဟန်း တစ်ပါး ဝင်ရောက်နေထိုင်သည်။ သင်မမြင်လောဟူ၍ ပြောလေသည်။ 

သူစိလောမဘီလူးက ဤရဟန်းသည် ရဟန်း အစစ် ဟုတ်၊ မဟုတ် စုံစမ်းမည်။ သူတို့ ဖန်ဆင်းပြ သည်ကိုကြောက်လျှင် ရဟန်းအစစ်မဟုတ်၊ မကြောက်လျှင် အစစ်ဖြစ်မည်ဟု ကြံစည်လေသည်။ သူစိလောမဘီလူးသည် တစ်မိုက်မျှရှည်သော အမွေးများဖြင့် ဘုရားရှင်ပေါ်သို့ လှိမ့်ချလိုက်ရာ ဘုရားရှင်က  စောင်း၍ရှောင်တိမ်းလေသည်။ ထိုအခါ၌ သူစိလောမနတ်ဘီလူးက ဘုရားရှင်ကို သူ့အားကြောက်သလားဟူ၍  မေးလေသည်။ ဘုရားရှင်က သူစိလောမ ငါကားသင့်ကိုမကြောက်ပါ။ သင်၏ကိုယ်အတွေ့သည် သံဆူးပုံကဲ့သို့ အလွန်ကြမ်းတမ်းယုတ်မာပြီး မစင်ကဲ့သို့ အလွန်စက်ဆုပ်ဖွယ်ရှိသည်။ ထို့ကြောင့် ငါ့ကိုယ်ဖြင့် တွေ့ထိခြင်းငှာ မသင့်လျော်၊ မလျောက်ပတ်သောကြောင့် ငါဖယ် ရှားတော်မူသည်ဟု မိန့်တော်မူလေသည်။ 

သူစိလောမဘီလူးသည် သူ့အားယုတ်မာ သောအတွေ့ရှိသည်ဟု ဘုရားရှင်က မိန့်တော်မူခြင်းကို မကျေနပ်၍ အလွန်ကြောက်ရွံ့ဖွယ်ကောင်းသည်ကို ဖန်ဆင်း၍ စားမည့်ဟန်လုပ်လေသည်။ ထိုအခါ ဘုရားရှင်က ပြုံးတော်မူလျက် သူစိလောမ သင်ပြုသမျှကို မကြောက်မထိတ်လန့်ကြောင်း မိန့်တော်မူပြန်လေသည်။ 

သူစိလောမဘီလူးလည်း  သူယခုကဲ့သို့ပြုလျှင် အခြားသူများဆိုလျှင် အသက်ထွက်သွားချေမည်။ ယခု၌ကား ဤရဟန်းသည် မည်သို့မျှ မထူးခြားသည်ကို သိသွားလေသည်။ ၎င်းက ဘုရားရှင်အား ရဟန်း သင်သည် တည်ငြိမ်သည်၊ သတိပညာ ကြီးစွာရှိသည်။  ထို့ကြောင့် ကျွန်ုပ်သိလိုသော ပြဿနာကို မေးမည်။ သင်မဖြေနိုင်လျှင် သင့်စိတ်ကို ရူးသွပ်အောင်လုပ်မည်။ နှလုံးကို ခွဲပစ်မည်။ သင်၏ ခြေနှစ်ချောင်းကိုကိုင်၍ သမုဒ္ဒရာသို့ လွှင့်ပစ်မည် ဟူ၍ ခြိမ်းခြောက်ပြောဆိုလေသည်။ 

ဘုရားရှင်က သူစိလောမ သင့်လိုလူမျိုးမဟုတ်၊ သင့်ထက် တန်ခိုးရှင်များပင် ငါ့အား ဤသို့ ညှဉ်းဆဲပြုလုပ်ခြင်းငှာ မတတ်နိုင်ပါ။ သို့ဖြစ်၍ သင်မေးလိုသော ပြဿနာကိုသာ မေးပါ။ ငါဖြေကြားအံ့ ဟူ၍မိန့်တော်မူလေသည်။  သူစိလောမဘီလူးလည်း ဘုရားရှင်  မိန့်ကြားသည်ကို ကြားရသောအခါ ဝမ်းသာအားရဖြင့် မေးမြန်းလျှောက်ထားလေသည်။ 

သူစိလောမဘီလူးက “ရာဂ၊ ဒေါသတို့သည် ဘယ်အကြောင်းကြောင့်  ဖြစ်ပေါ်သနည်း။ ကောင်းမှု၌ မမွေ့လျော်ခြင်း၊ အာရုံငါးပါးတို့တွင် မွေ့လျော်ခြင်း၊ ကြောက်စိတ် ကြက်သီးမွေးညင်းထခြင်းတို့သည် အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း။ မိစ္ဆာဝိတက် တရားတို့သည် အဘယ်မှဖြစ်ပေါ်ထကြွ၍ ကုသိုလ်စိတ်ကို လွှတ်ကုန်သနည်း” ဟူ၍ မြတ်စွာဘုရားအား မေးမြန်းလျှောက်ထားလေသည်။ 

ဘုရားရှင်က “သင်မေးသည့် တရားအားလုံးသည် ဆင်းရဲကိုဖြစ်စေသော ဤကိုယ်ခန္ဓာ ကြောင့်ပင်ဖြစ်ကြောင်း၊  ဤခန္ဓာကိုယ်ကြီးသည် သမုဒယသစ္စာ၊ တဏှာလောဘ အကြောင်းခံ၍ ဖြစ်ပေါ်ကြောင်း၊ ထိုတဏှာလောဘကို မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)ဖြင့် ပယ်သတ်မှသာလျှင် နိရောဓသစ္စာ ဟူသော နိဗ္ဗာန်သို့ ကူးမြောက်နိုင်ကြောင်း”ဟူ၍ သုံးဂါထာဖြင့် ဟောကြားတော်မူလေသည်။ 

ထိုဘီလူး နှစ်ဦးသည် ဘုရားရှင်၏ တရားတော်ကို နာကြားပြီးနောက် သောတာပန်ဖြစ်ကြလေသည်။ ယင်းခဏ၌ပင် ၎င်းတို့ကိုယ်မှ ကြောက်ဖွယ်သော အကျည်းတန်ရုပ်ဆိုးများ ပျောက်ကုန်၍ လှပသော နတ်အသွင်သို့ရောက်ရှိကာ ဘုမ္မစိုးနတ် စည်းစိမ်ကို ရကြလေသည်။ ဘုရားရှင်သည် ထိုနတ်ဘီလူးနှစ်ဦးကို ကယ်ချွတ်ပြီးနောက် သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ကြွတော်မူလေသည်။

(ဆက်လက်ဖော်ပြပါမည်)