နေပြည်တော် ဖေဖော်ဝါရီ ၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ပုံမှန်(၁)နှစ်သင်တန်း ဖွင့်လှစ်နေမှုကိုလည်းကောင်း၊ နည်းပြဆရာမတစ်ဦးက ပုံမှန်(၁)နှစ်သင်တန်းများတွင် လေ့ကျင့်သင်ကြားမှုစနစ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်မှုသင်တန်းကျောင်းများအနေဖြင့် မည်သည့် အဆင့်အတန်းများအထိရရှိအောင် လေ့ကျင့်သင်ကြားပေးမည်ကိုလည်း သတ်မှတ်ပြဋ္ဌာန်း ထားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်တစ်ခုချင်းစီကို သင်ကြားပို့ချပြီးချိန်တွင် ကျောင်းသား၊ ကျောင်းသူများရရှိမည့်ရလဒ်များသည် သင်တန်းကျောင်း၏ လေ့ကျင့်သင်ကြားပေးမှုရလဒ်များကို အထောက်အကူပြုရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်သင်ကြားပေးခဲ့သည့် ဘာသာရပ်အလိုက် ကျွမ်းကျင်မှုများစစ်ဆေးရာတွင် သတ်မှတ်အဆင့် များနှင့်အညီ တိတိကျကျ စစ်ဆေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများကို သင်တန်းကျောင်းမှ သတ်မှတ်ထားသည့် ကျွမ်းကျင်မှုများကို လုံးဝတတ်မြောက်သည်အထိ လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ အသိပညာ၊ ဗဟုသုတ၊ နှလုံးရည် (Knowledge, Skill, Attitude) တို့ပြည့်စုံသည့် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုရှိအောင် အလေးထားလေ့ကျင့် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကို စက်မှုနှင့်ပတ်သက်သည့် ပညာရပ်မျာကိုအခြေခံမှစ၍ သိရှိအောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ကျောင်းသူများ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ နည်းပြဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ တစ်ဦးချင်းစီ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ) အနေဖြင့် ပုံမှန်(၁)နှစ်သင်တန်းများ၊ ကျွမ်းကျင်မှုအခြေပြု ကာလတို (၃)လသင်တန်းများ၊ စက်မှုနှင့်အသက်မွေးပညာရွှေ့လျား သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယခုဖွင့်လှစ်ထားရှိသည့် အမှတ်စဉ်(၁၄) ပုံမှန်(၁)နှစ် သင်တန်းသို့ သင်တန်းသား(၃၅)ဦး၊ သင်တန်းသူ(၅၀)၊ စုစုပေါင်း (၈၅)ဦး တက်ရောက် လျက်ရှိပြီး စက်ရုံသုံးပစ္စည်းထုတ်လုပ်သည့် ဘာသာရပ်၊ ကွန်ပျူတာသုံးဒီဇိုင်းထုတ်လုပ်မှု ဘာသာရပ်၊ လျှပ်စစ်ဘာသာရပ်၊ အီလက်ထရောနစ်ဘာသာရပ်၊ သတ္တုရည်ကြိုဘာသာရပ် များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်