ကေကေစီ(DOB)
ရန်ကုန်တိုင်းဒေသကြီး၏ တောင်ဘက်အပိုင်းရှိ ဒလမြို့သည် ဧရာဝတီတိုင်းဒေသကြီးသို့ ထွက်ပေါက်မြို့တစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့တော်နှင့် အနီးဆုံးဖြစ်သော်လည်း ရန်ကုန်မြစ်နှင့် ပိုင်းခြားထားသဖြင့် ရေလမ်းဖြင့်သာ ရန်ကုန်မြို့သို့ သွားရောက်ရပြီး လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခဲ့ရပါသည်။
၂၀၁၃ ခုနှစ်တွင် အတည်ပြု
ရန်ကုန်မြို့တော်နှင့် အနီးဆုံးဖြစ်သည့် ဒလမြို့နှင့် ဆက်စပ်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် တံတားတစ်စင်းအား ရန်ကုန်မြစ်ကို ဖြတ်သန်းတည်ဆောက်ရန် နိုင်ငံတော်အကြီးအကဲများက ကြံဆခဲ့ကြပါသည်။ ဤသို့ဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ သမ္မတနှစ်ဦး တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံ၏ Economic Development Cooperation Fund (EDCF) ချေးငွေဖြင့် ရန်ကုန်မြစ်ပေါ်တွင် တံတားတစ်စင်းတည်ဆောက်ရေး ၂၀၁၃ ခုနှစ်တွင် အတည်ပြုခဲ့ပါသည်။
တံတားအူကြောင်းရွေးချယ်မှုနှင့်ပတ်သက်၍ လက်ရှိအဆောက်အအုံများ၏ ထိခိုက်မှု အနည်းဆုံး ဖြစ်သော ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်မည့် လမ်းအူကြောင်းအဖြစ် ရွေးချယ်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကိုရီးယားသမ္မတနိုင်ငံ GS Engineering & Construction Co., Ltd က ၂၀၁၉ ခုနှစ် မေလတွင် လုပ်ငန်းများ စတင်ခဲ့ပါသည်။
တံတားပုံစံထုတ်လုပ်ရာတွင် အသုံးပြုသည့် စံချိန်စံညွှန်းများသည် မြန်မာနိုင်ငံ၏ လမ်းနှင့် ယာဉ်သွားလာမှုအခြေအနေ၊ ဘူမိဗေဒနှင့် မြေခံနိုင်ရည်စွမ်းအား၊ လူမှုရေး၊ စီးပွားရေးတို့နှင့် ကိုက်ညီ စေမည့်ပုံစံဖြစ်စေရန် ပေါင်းစပ်ရွေးချယ်ထုတ်လုပ်ခဲ့ပါသည်။ ပြင်ဆင်ထိန်းသိမ်းစရိတ်သက်သာ၍ ပြည်တွင်း၏ လိုအပ်ချက်အခြေအနေနှင့် အကိုက်ညီ ဆုံးဖြစ်သော ကြိုးဆိုင်းတံတား (Cable-Stayed Bridge) အမျိုးအစားကို ရွေးချယ်ဆုံးဖြတ်ခဲ့ကြပါသည်။
တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်ရေးအတွက် ပင်မတံတား ရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာ (၁၆၀ ပေ) အထိ ထားရှိခဲ့ရသဖြင့် ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတားများ (Ramp Bridges) အား အတက်အဆင်း (Gradient) ပြေပြစ်စေရေးအတွက် ထည့်သွင်းတွက်ချက်၍ ဆောင်ရွက်ခဲ့ရပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အတက်၊ အဆင်း ပြေပြစ်လွန်းပါက ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှော တံတားများ၏ ပေရှည်ပိုလာနိုင်ပြီး စီမံကိန်းတန်ဖိုး ပိုမိုကြီးမြင့်လာကာ ချေးငွေများ ပိုမိုအသုံးပြုရန် လိုအပ်လာမည်ဖြစ်ပါသည်။
ချဉ်းကပ်တံတားအရှည် စဉ်းစားဆုံးဖြတ်
ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းမှ ချဉ်းကပ် တံတားအရှည်အား စဉ်းစားဆုံးဖြတ်ရာတွင် ဗိုလ်ချုပ်လမ်းမီးပွိုင့်မတိုင်မီ ရေပြင်ညီ (0 % Gradient) ရအောင် ဆောင်ရွက်ရမည့် ကန့်သတ်ချက်များရှိသကဲ့သို့ ဒလဘက်ကမ်း ဗိုလ်မင်းရောင် လမ်းမှ ချဉ်းကပ်တံတားသည်လည်း နာရီစင်လမ်းဆုံ မတိုင်မီ ရေပြင်ညီ (0 % Gradient) ရအောင် ဆောင်ရွက်ရမည့် ကန့်သတ်ချက်များ ရှိလာပါသည်။
အဆိုပါ မီးပွိုင့်များ၊ လမ်းဆုံများအား ဖြတ်ကျော်ဆောက်လုပ်ပါက ခုံးကျော်တံတားများ ထပ်မံဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းတန်ဖိုး ကြီးမြင့်သွားမည်ဖြစ်ပါသည်။ ရန်ကုန်ဘက်ကမ်း ကမ်းနားလမ်းမှ အတက် - အဆင်း ဆင်ခြေလျှော တံတားများ (Ramp Bridges) သည်လည်း မဟာဗန္ဓုလလမ်းမကြီးနှင့် ကမ်းနားလမ်းမကြီး နှစ်လမ်းကြား ဖြတ်လမ်းအဝင်/ အထွက်များ၊ ဆိပ်ခံတံတားများနှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် ကမ်းနားဈေးဆိုင်ခန်းများ၊ အဆောက်အအုံများ ဖယ်ရှားမှု အနည်းဆုံးဖြစ်စေရန် ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့ရပါသည်။
သို့ဖြစ်၍ ပင်မတံတားအဆင်း ဆင်ခြေလျှော တံတား (Ramp A Bridge) ကို ဒီဇိုင်းသတ်မှတ် ချက်စံနှုန်းများ(Design Code) အရ Design Speed 40 km/hr ဖြင့် ဒီဇိုင်းပုံစံထုတ်လုပ်ပြီး လျှောစောက် (Gradient) 7.95 % ဖြင့် ဆောင်ရွက်ခဲ့ကာ ပင်မတံတားအတက် ဆင်ခြေလျှောတံတား (Ramp B Bridge) ကို လျှောစောက် (Gradient) 6.80 % ဖြင့် ဆောင်ရွက်ခဲ့ရပါသည်။ ကျန်ရှိသည့် လျှောစောက်(Gradient) များအနေဖြင့် ပင်မ တံတား Cable-Stayed Bridge တွင် 3 %၊ ချဉ်းကပ်တံတား ရန်ကုန်ဘက်ကမ်းတွင် 5.95 % နှင့် ချဉ်းကပ်တံတား ဒလဘက်ကမ်းတွင် 5.95 % ဖြင့် အသီးသီးဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုကဲ့သို့ ရေလမ်းကင်းလွတ် အမြင့် ပိုမိုလိုအပ်သည့် မြစ်ကူးတံတားကြီးများ တည်ဆောက်ရာတွင် ချဉ်းကပ်တံတားများ၏ ရေပြင်ညီလျှောစောက် (Horizontal Gradient) အား အမြင့်ဆုံး 8 % မှ 11 % အထိ ထားရှိဆောင်ရွက်ကြကြောင်း သိရှိရပါသည်။
ကိုရီးယားနိုင်ငံမှ သံမဏိကြိုးဆိုင်းတံတားများ
ဥပမာအားဖြင့် ကိုရီးယားနိုင်ငံတွင် ဆောက်လုပ်ထားသော သံမဏိကြိုးဆိုင်း (Cable –Stayed) တံတားအမျိုးအစားဖြစ်သည့် Yeosu Bridge သည် ဆင်ခြေလျှောတံတား (Ramp Bridge) တွင် လျှောစောက်(Gradient) 7.5 % ရှိပြီး Bukhang တံတား၏ ဆင်ခြေလျှောတံတား(Ramp Bridge) လျှောစောက်(Gradient) 8 % ရှိပါသည်။
ထို့အတူ နော်ဝေနိုင်ငံတွင် တည်ဆောက်ခဲ့သည့် Storseisundet တံတားသည် ကြိုတင် အားဖြည့်ကွန်ကရစ်(Prestress Concrete Box) တံတားအမျိုးအစားဖြစ်ပြီး ပင်မတံတားတွင်ပင် လျှောစောက်(Gradient) 8 % ရှိပါသည်။
ကိုရီးယားနိုင်ငံစံနှုန်းကို ရည်ညွှန်းဆောင်ရွက်ခဲ့
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားတည်ဆောက်ရာတွင် ဒီဇိုင်းပုံစံသတ်မှတ်ချက် (Design Criteria of Geometry) အနေဖြင့် American Association of State Highway and Transportation Officials (AASHTO) နှင့် ကိုရီးယားနိုင်ငံစံနှုန်း (Korean Standard) ကို ရည်ညွှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကိုရီးယားနိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံတို့တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် တံတားစီမံကိန်းများ၏ အမြင့်ဆုံးလျှောစောက် (Maximum Gradient) များထက် ကျော်လွန်အောင် ဆောင်ရွက်ထားခြင်းမရှိပါကြောင်း တွေ့ရှိပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနအနေဖြင့် ၂၀၁၀ ပြည့်နှစ်မတိုင်မီက မြစ်ကူး တံတားကြီးများ တည်ဆောက်ရာတွင် ဆင်ခြေလျှောစောက်(Gradient) ကို 3 % အောက်သာ တည်ဆောက်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်း ဆင်ခြေလျှောစောက် (Gradient) ကို 4 % မှ 6 % အထိ ဆောင်ရွက်ခဲ့ရာ တံတားအရှည်အား များစွာလျှော့ချနိုင်ခဲ့ပါသည်။ နမူနာအားဖြင့် လှိုင်သာယာ-တွံတေးလမ်းပေါ်ရှိ တွံတေးကြိုးတံတားအား ဆင်ခြေလျှောစောက် (Gradient) 3 % ဖြင့် ဆောက်လုပ်ခဲ့ရာ တံတားအရှည် ပေ ၃၇၅၀ ရှိပြီး ပုသိမ်တံတား အမှတ်(၂)သည်လည်း ချဉ်းကပ်တံတားများကို ဆင်ခြေလျှောစောက် (Gradient) 6 % ဖြင့် ဆောက်လုပ်ခဲ့ရာ ယာဉ်မျိုးစုံလွယ်ကူချောမွေ့စွာ ဖြတ်သန်းသွားလာနေသည်ကို တွေ့ရှိရပါသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတား သည် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးတံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးဖြစ်ပြီး တံတားကြမ်းခင်း အမြင့်ဆုံးတံတားတစ်စင်း ဖြစ်ပါသည်။ တံတားပေါ်၌ မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ရာတွင် ယာဉ်မောင်းများ အန္တရာယ်ကင်းရှင်းရေးအတွက် ပင်မတံတားအပိုင်းနှင့် ချဉ်းကပ်တံတားအပိုင်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၅၀ နှုန်း မောင်းနှင်ခွင့်ပြုမည်ဖြစ်ပြီး ဆင်ခြေလျှောတံတားများတွင် တစ်နာရီလျှင် ကီလို မီတာ ၃၀ နှုန်း မောင်းနှင်ခွင့်ပြုမည်ဖြစ်ပါသည်။
တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် တံတားပေါ်တွင် ဖြစ်သန်းခွင့်ပြုသည့်တန်ချိန်နှင့် မောင်းနှင်ရမည့် အမြန်နှုန်းကိုလည်း သတိပေးဆိုင်းဘုတ်များ၊ ရောင်ပြန်အမှတ်အသားများ တပ်ဆင်၍ တံတား အသုံးပြုသူများသိရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် တစ်လမ်းမောင်းတံတားများ ဖြစ်သည့် အလုံဘက်မှလာ၍ လမ်းမတော်မြို့နယ် ဝါးတန်းလမ်းအနီးမှတက်သည့် ဆင်ခြေလျှော အတက်တံတား (Ramp B)တွင် အရေးပေါ်ယာဉ်ရပ်နားရန် နေရာနှစ်နေရာနှင့် လသာလမ်းဘက်သို့ ဆင်းသည့် ဆင်ခြေလျှောအဆင်းတံတား (Ramp A) တွင် အရေးပေါ်ယာဉ်ရပ်နားရန် နေရာ တစ်နေရာ ထည့်သွင်းဆောက်လုပ်ထားပါသည်။ ရန်ကုန် ဘက်ကမ်း ဘုန်းကြီးလမ်းပေါ်တွင် တည်ဆောက် သည့် ချဉ်းကပ်တံတားတွင် လမ်းဘေးလူနေအိမ် များအတွက် တံတားပေါ်ဖြတ်သန်းသည့် မော်တော်ယာဉ်များ၏ ဆူညံသံများလျှော့ချစေရန် အသံထိန်းနံရံ (Noise Barrier) များကို တံတားတစ်ဖက် တစ်ချက်စီတွင် တပ်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဒလဘက်ကမ်းတွင် တံတားကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေး အဆောက်အအုံ (Maintenance Building)တစ်ခုနှင့် တံတားအသုံးပြုခကောက်ခံရေးစခန်း (Toll Plaza) တစ်ခု ထည့်သွင်းတည်ဆောက်သွားရန်လည်း အစီအစဉ်ရှိပါသည်။ အဆိုပါ Toll Plaza တွင် တန်ပို မော်တော်ယာဉ်များထိန်းသိမ်းကြီးကြပ်ရန် Weight Bridge တစ်ခုလည်း ထည့်သွင်းဆောက်လုပ် သွားမည် ဖြစ်ပါသည်။
လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲတံတားမှ တစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့လည်းကောင်း လွယ်ကူလျင်မြန်စွာသွားလာနိုင်မည် ဖြစ်ပါသည်။
ယခုလက်ရှိ ရန်ကုန်မြို့တွင် တွေ့ကြုံနေရသည့် ယာဉ်ကြောပိတ်ဆို့မှုမှာလည်း အတိုင်းအတာ တစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ပါသည်။ ဧရိယာအကျယ်အဝန်း ၈၆.၅ စတုရန်းမိုင်ရှိ ဒလမြို့နယ်၏ ခန့်မှန်းလူဦးရေ ၁၅၀၀၀၀ အတွက် မြို့ပြဖွံ့ဖြိုးမှုသာမက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်သွယ်သော ဝင်ပေါက်မြို့တစ်ခုဖြစ်လာပြီး ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ဒလမြို့နယ် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် တစ်ဆက်တစ်စပ်တည်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသည် လည်း မြို့ပြအသွင်ဆောင်၍ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ခြင်းအားဖြင့် ဒေသတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာပြီး ရန်ကုန်မြို့တော်၏ အထင်ကရပြယုဂ် (Land Mark) တံတားတစ်စင်းဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတကာ တံတားသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။ ။