၂၅ ဖေဖော်ဝါရီ

 

နိုင်ငံအကျိုးရှိရေးအလို့ငှာ၊ နိုင်ငံသူနိုင်ငံသားများ၏အကျိုးငှာ ဝေဖန်ထောက်ပြ နေရာဌာနအသီးသီးက ပြောဆိုနေကြသူများနှင့် နည်းလမ်းမျိုးစုံသုံးကာ အကြံဉာဏ်မျိုးစုံ ရေးသားဝေငှနေကြသူများစွာကို တွေ့ရှိနေရသည်မှာ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် တစ်စုံတစ်ရာ အကျိုးဖြစ်မည်ဟု မျှော်လင့်စရာဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွင် အများအပြားတွေ့ မြင်ရပါသည်။ အခြားသော ကျန်းမာရေး၊ ပညာရေး၊ တိုင်းရင်းသားရေးရာ၊ စာပေနှင့် အနုပညာ အစရှိသည့် ကဏ္ဍအသီးသီးတို့တွင်လည်း မနည်းပါးလှသော အကြံဉာဏ် ပေးနေကြသည်ကို တွေ့ရှိရ၊ ဖတ်ရှုရ၊ ကြားနာရပါသည်။

 

နိုင်ငံ့အရေးအတွက် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလနိုင်ငံရေး သမားများသာမက၊ နိုင်ငံသူ နိုင်ငံသားများထဲကလည်း စိတ်ပါဝင်စားကြ၊ နည်းလမ်းများ ရှာဖွေအကြံဉာဏ်ပေးကြဆိုသည်မှာ အပေါင်းလက္ခဏာ ဖြစ်ပါသည်။ နိုင်ငံသူ နိုင်ငံသားများ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ပါဝင်စားကြသည့်သဘောဟု မြင်ပါသည်။ ယနေ့မြန်မာနိုင်ငံသည် နိုင်ငံတိုးတက်ရေးအတွက် ကုန်းရုန်းလုပ်ကိုင်နိုင်ကြရချိန် ဖြစ်သည့်အတွက် တာဝန်သိသိ တာဝန်ရှိရှိဖြင့် ဝေဖန်ကြ၊ အကြံပေးကြသူများ၊ နိုင်ငံနှင့် ပြည်သူအပေါ် စေတနာအစစ်အမှန်ထားသူများ လိုအပ်နေသည့်အချိန် ဟုလည်း မြင်ပါသည်။

 

နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ ပြောနိုင်စွမ်းရှိသူများ၊ အမှန်တကယ် သိရှိနားလည်သူများမှာ ပြောခွင့်မရခဲ့ကြ၊ ပိတ်ပင်ခြင်း ခံခဲ့ကြရ၊ ဖိနှိပ်ချိုးနှိမ်ခဲ့ကြရသည့် အားလျော်စွာ နိုင်ငံအတွက် အကျိုးရှိမယ့် ဝေဖန်အကြံပြုချက်များ မရခဲ့ပါ။ ယနေ့ကာလတွင် ဝန်ကြီးချုပ်တစ်ဦးကိုဖြစ်စေ၊ နိုင်ငံတော် စီမံကိန်းကြီးတစ်ခုကိုဖြစ်စေ ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန် အကြံပြုနိုင်သည့် ပြည်သူ့အသံကို လွှင့်ထုတ်နိုင်သည့် အနေအထားသို့ စတင်ရောက်ရှိနေပြီဟု မြင်ပါသည်။

 

သည်လိုအခွင့်အလမ်းများ ပေါ်ထွက်လာချိန်တွင် ပြည်သူလူထု အစိတ်အပိုင်းများအတွင်းမှ နိုင်ငံ့အရေးအတွက် ပြောဆိုနိုင်စွမ်းရှိသူများ၊ စေတနာမှန်ထားသူများကို လိုအပ်လျက်ရှိနေပါပြီ။

 

နိုင်ငံ့အရေး စိတ်ဝင်စားသည်ဆိုခြင်းမှာ အများပြည်သူအရေးကို စိတ်ဝင်စားခြင်း ဖြစ်ပါသည်။ အများပြည်သူအရေးကို စိတ်ဝင်စားခြင်းတွင် မိမိ၏ကိုယ်ကျိုးစီးပွားထက် အများအကျိုးကို ပိုမိုစိတ်ဝင်စားခြင်း ဟူသည် သူတော်ကောင်းစိတ်နှင့် စေတနာရှိခြင်းဟု ဆိုချင်ပါသည်။ ကိုယ်ကျိုးမပါသော အများအကျိုးကို ဦးစားပေးသော စိတ်စေတနာ မှန်သည် အကောင်းစိတ်ကို ဦးတည်ရပါသည်။ မိမိ၏ တစ်ကိုယ်ကောင်း အကျိုးပေါ်တည်မီသည့် လောဘ၊ ဒေါသ၊ မောဟ တို့ကလည်းကောင်း၊ ဣဿာ၊မစ္ဆရိယ အစရှိသော စိတ်၏ အညစ်အကြေး တို့ကလည်းကောင်း ကင်းလွတ်နေခြင်းဖြင့် သူတော်ကောင်းစိတ်ဖြစ်သည်ဟု ဆိုလိုခြင်းပါ။

 

သူတော်ကောင်းတို့၏ စိတ်ဟုဆိုသည်မှာ မှန်ကန်မြင့်မြတ်သော စိတ်နေစိတ်ထားသာမက ဖြူစင်သည့် ကိုယ်ကျင့်တရားကို စောင့်ထိန်းမွေးမြူရင်း နိုင်ငံ့အကျိုး၊ ပြည်သူတို့၏အကျိုးကို မျှော်ရည်ကာ ဝေဖန်ပြောဆို အကြံဉာဏ်များပေးခြင်းတည်းဟူသော စိတ်ဓာတ်ကို ဆိုလိုပါသည်။

 

တစ်နည်းဆိုရသော် မိမိ၏ အခွင့်အရေးကို မျှော်လင့်ချက်မထားဘဲ အများအတွက် လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ပရဟိတစိတ်စေတနာ စစ်စစ်မှန်မှန်ဖြင့် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်ပါသည်။ သည်လို စိတ်ထားမှန်သူများသည် ပြဿနာများကို တည်ငြိမ်အေးဆေးစွာ ရှုမြင်ပြီး မေတ္တာလွှမ်းခြုံသည့်စိတ်၊ နာကျင်ထိခိုက်ခံစားနေရရှာသည့် ပြည်သူတို့အပေါ် လွှမ်းခြုံသည့် ကရုဏာစိတ်၊ အောင်မြင်အောင် စွမ်းဆောင်နိုင်မှုများ၊ စွမ်းဆောင်နေသူများအပေါ် လွှမ်းခြုံသည့် မုဒိတာစိတ်၊ သင့်တင့်လျောက်ပတ် နှလုံးသွင်းနိုင်သည့် မှန်ကန်စွာ သဘောထားနိုင်သည့် ဥပေက္ခာစိတ်စသည့် ဗြဟ္မစိုရ်တရား လွှမ်းမိုးနေသော နှလုံးသားရှိနေ ရပါသည်။

 

ထိုသို့သော ပကတိဖြူစင်စိတ်ဖြင့် မိမိ၏နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးကို မျှော်မှန်းသူများ၊ အများပြည်သူတို့၏ အကျိုးကို ကူညီဆောင်ရွက်လိုသူများ၊ အများထံက မိမိအတွက် တစ်စုံတစ်ရာ ရယူလိုခြင်း မရှိသူများဖြစ်သည့်အတွက် ထိုသူများသည်သာ ပြည်သူလူထုက အားကိုးအားထားပြုရသည့် သူတော်ကောင်းများ တစ်နည်းဆိုရသော် ပြည်သူ့ သူရဲကောင်းများဖြစ်ကြသည် မဟုတ်ပါလော။

 

ဤသို့သော နိုင်ငံနှင့် ပြည်သူ့အကျိုးကို လိုလားသည့် နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေး စိတ်ဝင်စားသူများ စသည့်ပြည်သူလူထု ကြားက ပြည်သူ့သူရဲကောင်းစစ်စစ်များ၏ အင်အားကို ပြည်သူလူထုက အစဉ်အမြဲ ကြိုဆိုမျှော်လင့်နေကြပါကြောင်း။ ။

 

မြန်မာ့အလင်း