၂၅ ဖေဖော်ဝါရီ
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေအတွက် သားယောကျာ်းလေး အရွယ်ရောက်လာရင် မြတ်စွာဘုရားသာသနာအတွင်း သွတ်သွင်းရှင်ပြုကာ သမီးမိန်းကလေးကိုလည်း နားသမင်္ဂလာဆင်ယင်ပြီး ဘုရားအမှူးပြုသော သံဃာတော်အရှင်မြတ်တို့ကို လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြုတယ်။ ဒါကို လှူတယ်။ အလှူပြုလုပ်တယ်။ အလှူတော်မင်္ဂလာလို့ သုံးနှုန်းကြပါတယ်။ သာမဏေရပဗ္ဗဇ္ဇမြောက် ချီးမြှောက်ခြင်း၊ ကဏ္ဍဝိဇ္ဈန မြတ်နားသမင်္ဂလာ ဆင်ယင်ခြင်းအလှူတော်လို့ ခေါ်ပါတယ်။
ရှေးကမဏ္ဍပ်ကြီးတွေထိုးပြီး
ဒီအလှူကိုဖိတ်ကြားတဲ့အခါ ‘တရားပရိတ်တော်အတူတကွ နာယူကြည်ညိုနိုင်ပါရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်’ လို့ ဖိတ်စာမှာရေးသားလေ့ရှိပါတယ်။ မန္တလေးမှာ အလှူတွေကို ရှေးက မဏ္ဍပ်ကြီးတွေထိုးပြီး တခမ်းတနား ကျင်းပလေ့ရှိတယ်။ ပန်းဆယ်မျိုး လက်မှုအနုပညာထွန်းကားတဲ့ မန္တလေးမှာ လက်ဝါအတတ်ပညာလို့ ခေါ်ဝေါ်တဲ့ စပ်ပန်းချီပညာလည်း ထွန်းကားတယ်။ ရှေးကတော့ ပန်းချီဆရာမှန်သမျှ စပ်ပန်းချီနဲ့ မကင်းနိုင်ကြဘူး။ ပန်းချီပညာကို စတင်သင်ကြားရင် စပ်ပန်းချီဆရာဆီ အရင်လေ့လာသင်ယူကြရတယ်။ စပ်ပန်းချီဆရာက သုမင်္ဂလ၊ ဒုမင်္ဂလ နှစ်မျိုးစလုံးမှာ မဏ္ဍပ်အထည်သာမက ဗုဒ္ဓဝင်၊ နိပါတ်တော်၊ ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့စတဲ့ ပန်းချီကားတွေနဲ့လည်း လက်စွမ်းပြလေ့ရှိတယ်။ မ္တလေးမှာ နာမည်ကျော် စပ်ပန်းချီဆရာကြီးတွေရှိတယ်။ သူတို့ရဲ့စပ်ပန်းချီလုပ်ငန်းတွေကနေ အလှူမဏ္ဍပ်ကြီးတွေငှားရမ်းနိုင်သလို တတ်နိုင်ရင်အသစ်လည်းအပ်နိုင်တယ်။ ကိုယ့်အလှူမှာ ကိုယ့်စိတ်ကူးနဲ့ ဖြစ်ချင်တဲ့ မဏ္ဍပ်ပုံစံအသစ် အပ်နှံတာမျိုးတွေလည်းရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ၄၀ လောက်က မန္တလေးမြို့လယ်က အလှူကြီးမှာ ပုဂံအာနန္ဒာမုခ်ဦးပုံ မဏ္ဍပ်သစ်ကြီးကို တွေ့ဖူးတယ်။ အဲဒီနှစ်တွေကပဲ မန္တလေးကနာမည်ကျော် တိုင်းရင်းဆေးတိုက်ကြီးက အလှူမှာလည်းမဏ္ဍပ်ကြီးတစ်ခုလုံး ဒေါင်းရုပ်တွေနဲ့ချည်း အသစ်ဆင်တယ်။
ရွှေကျောင်းတော်ကြီး အလားသဏ္ဌာန်အလှူမတိုင်ခင် တစ်ပတ်လောက်ကတည်းက အလှူအိမ်ရှေ့မှာမဏ္ဍပ်စထိုးပါပြီ။ မဏ္ဍပ်အများစုက ရတနာပုံခေတ် မြနန်းစံကျော်ရွှေနန်းတော်ကြီး အဆောင်အယောင်ပုံစံတွေပါပဲ။ မုခ်ဦးပေါ်မှာ ဘုံခုနစ်ဆင့်ပြာသာဒ်ပေါက်ထားပါတယ်။ မဏ္ဍပ်ဦးခန်းမှာ ဘုရားဆောင်ထားရှိတယ်။ ပြီးရင် သံဃာစင်နဲ့ မောင်ရှင်လောင်းစင် နားသစင်ပါရှိတယ်။ မဏ္ဍပ်ထဲမှာတော့စားပွဲ၊ ကုလားထိုင်မထားဘဲ ခန်းလုံးပြည့်ကော်ဇောတွေ ခင်းထားပါတယ်။ မဏ္ဍပ်အဝင် မုခ်ဦးအောက်မှာတော့ ဆက်တီခုံပုလေးတွေ တစ်ဖက်တစ်ချက် တန်းစီထားပြီး လုံမငယ်လေးတွေထိုင်ကာ အလှူလာပရိသတ်ကို အောင်သပြေပန်းလေးတွေ ကမ်းတယ်။ တကယ်တော့ အလှူမဏ္ဍပ်ဆိုတာ အလှူကာလအတွင်း မြတ်စွာဘုရားရှင် သီတင်းသုံးဖို့ တည်ဆောက်လှူဒါန်းထားတဲ့ ရွှေကျောင်းတော်ကြီးအလားသဏ္ဌာန်ပါပဲ။ ဒါကြောင့်မဏ္ဍပ်ကြီးပြီးတာနဲ့ ဘုရားဆင်းတုတော်တစ်ဆူကိုပင့်ဆောင်ပြီး မဏ္ဍပ်ဘုရားဆောင်မှာ သီတင်းသုံးပူဇော်ထားရှိပါတော့တယ်။ အလှူမဏ္ဍပ်ကြီးမှာ ဘုရားဆင်းတုတော် သီတင်းသုံးကတည်းက အလှူရှင်က ဧည့်ခံကျွေးမွေးနေပါပြီ။ ညစဉ်ညတိုင်း ရပ်မိရပ်ဖတွေ၊ ကာလသားတွေ၊ အပျိုတွေ စုဝေးရောက်ရှိလာကြပြီး အလှူနေ့အတွက် ချက်ပြုတ်ဧည့်ခံရေးကအစ ဝိုင်းဝန်းကူညီရမှာတွေ အားလုံးညှိနှိုင်းတိုင်ပင် တာဝန်ခွဲဝေကြပါပြီ။ အလှူမတိုင်မီရက်တွေကတော့ တစ်ရပ်ကွက်လုံးဟာ အလှူရဲ့ဝေယျာဝစ္စအတွက် အိမ်ရှိလူကုန်အလှူအိမ်မှာပဲ ဝိုင်းဝန်းကြတာပါ။ အလှူအိမ်ကလည်းလာသမျှလူအားလုံးကို ထမင်းရည်ချောင်းစီး ကျွေးမွေးပါတယ်။ တစ်ရပ်ကွက်လုံး မီးခိုးတိတ်ပါပဲ။
ဝမ်းသာမျက်ရည်လည်ရပြီ
အလှူဝင်နေ့မှာ မွန်းတိမ်းတာနဲ့ ဧည့်ခံမယ့်ဆိုင်းအဖွဲ့ရောက်လာပါပြီ။ မဏ္ဍပ်ရှေ့ ပေ ၂၀ဝ လောက်အကွာမှာ ဆိုင်းအဖွဲ့အတွက် လေးတိုင်နှင်းစင်လေး သပ်သပ်ရပ်ရပ်ထိုးထားတယ်။ ဆိုင်းအဖွဲ့က နှင်းစင်အောက်မှာ ဗိမာန်ကိုဆင်ပါတယ်။ အလှူဝင်ညအတွက် လာသမျှပရိသတ်အားလုံးအတွက် ဆိုင်းအဖွဲ့က တီးမှုတ်ဖျော်ဖြေဧည့်ခံမှာမို့ နောက်ရက် အလှူကြီးနေ့အတွက် မဏ္ဍပ်အတွင်း ပြင်ဆင်ထားတာတွေ ဆိုင်းနားထောင်ပရိသတ်ကြောင် ပျက်စီးကုန်မှာစိုးလို့ အခုလိုမဏ္ဍပ်အပြင်မှာပဲ ဆိုင်းဧည့်ခံစေတာပါ။ ဒီအစဉ်အလာဟာ ရွာစားကြီးစိန်ဗေဒါတို့လက်ထက်ကတည်းကပါပဲ။ ဆိုင်းအဖွဲ့က နှင်းစင်အောက် ပြင်ဆင်ပြီးတာနဲ့ ညနေစောင်း အလှူမှာဆိုင်းအဖွဲ့ရောက်ပါပြီဆိုတာ ကြားကြားသမျှ အသိပေးတဲ့အနေနဲ့ ဗြောရိုက်ပါတော့တယ်။ ကြေးနောင်မောင်းဆိုင်းဒိုးချောင် နှဲကြီးပလုတ်တုတ် အုပ်စုံနဲ့မောင်းကြီးထုပြီး တီးမှုတ်တဲ့ ဗြောသံပါ။ အလှူအဖွင့်အဖြစ် တက်ကြွကြည်နူးဖွယ်အသံတွေ စတင်ကြားလိုက်တော့ ဝမ်းသာမျက်ရည်လည်ရပြီပေါ့လေ။ မန္တလေးမ္တလေးဆိုတာ အနုပညာတွေ ပျော်ဝင်နေတဲ့မြို့မို့ ရပ်ကွက်အတော်များများမှာ ဆွမ်းကြီးခံတီးဝိုင်းလေးတွေရှိတယ်။ အတော်အသင့် တီးတတ်မှုတ်တတ်ကြတယ်။ ဒီလိုရပ်ကွက်မျိုးမှာ အလှူရှိလို့ ဆိုင်းအဖွဲ့ရောက်လာပြီဆိုရင် ဆိုင်းလည်းဆင်ပြီးညနေစောင်း ဆိုင်းတစ်ဖွဲ့လုံးကျွေးရုံမှာ ထမင်းစားနေချိန် ရပ်ကွက်ခံလူငယ်လေးတွေက ဆိုင်းထဲဝင်ပြီး ကိုယ်တိုင်ဗြောရိုက်ကြသတဲ့။ ဒါကို အရပ်သားတီးလုံးခေါ်တယ်။
အလှူဝင်ညအလှူဝင်ညမှာ
ဆိုင်းဧည့်ခံချိန်ရောက်တော့ဆိုင်းဝိုင်းက ဖန်ပန်းတောင်းကြီးတွေမှာလည်း မီးလုံးတွေ ထွန်းညှိလို့။ ပတ်မထမ်း ပဉ္စရူပရုပ်မှာလည်း မီးဆိုင်းတွေဆင်ထားတယ်။ ဖန်ရောင် မှန်ရောင်တွေ ပြိုးပြက်လင်းလက်နေတဲ့ ဆိုင်းဝိုင်းမျက်နှာမူရာ ခပ်လှမ်းလှမ်းမှာ တာဝတိံသာက နတ်ဘုံနတ်နန်းအလားမဏ္ဍပ်ကြီးက ရွှေတောင်ပေါက်သည့်အလား မီးလုံးမီးဆိုင်းရောင်စုံနဲ့ ဟည်းထနေတယ်။ မဏ္ဍပ်ရှေ့မှာနတ်သားရုပ်လုံးတွေနဲ့ ဥယျာဉ်ဆင်ထားတယ်။ မဏ္ဍပ်ထဲမှာ မြို့မျက်နှာဖုံး သူဌေးသူကြွယ်များနဲ့ အရာရှိကြီးများ စတဲ့အထူးဧည့်သည်တွေကို အလှူရှင်က ဧည့်ခံကျွေးမွေးနေတယ်။ မနက်အလှူမှာ တာဝန်ဝတ္တရားတွေကိုယ်စီနဲ့မို့ အလှူဝင်ညမှာ ကြိုလာလေ့ရှိတဲ့ ဧည့်သည်တွေပါ။ အလှူဝင်ည မဏ္ဍပ်ထဲမှာ မြို့မတူရိယာအသင်း ကဧည့်ခံနေတယ်။ ဒီလိုအချိန်မှပဲ မြို့မိမြို့ဖတွေက မြို့မကို စိမ်ပြေနပြေနားဆင်နိုင်တယ်။ အသင်းကနာယကကြီးတွေ အမှုဆောင်တွေနဲ့ အသင်းနဲ့ပတ်သက်တာတွေ ဆွေးနွေးနိုင်တယ်။ တီးလုံးတီးကွက်ကိစ္စ၊ သီချင်းကိစ္စတွေ ပြောဆိုအကြံဉာဏ်ပေးနိုင်တယ်။ ရှေးက မန္တလေးမြို့မိမြို့ဖတွေဆိုတာ ဂီတနဲ့ကင်းသူမြို့မနဲ့ကင်းတဲ့သူ ခပ်ရှားရှားရယ်ပါ။
ပါရမီတော်ဆိုတဲ့သီချင်း
မန္တလေးကမြို့မိမြို့ဖ မျက်နှာကြီးသူဌေး ဓားတန်းဦးသန့်နှင့် ဒေါ်အေးမြင့်တို့မှာ သားသမီးကိုးယောက် ထွန်းကားခဲ့ပါတယ်။ သားသမီးတွေ အရွယ်ရောက်လာတော့ မိဘဝတ္တရားရှိသည်နှင့်အညီ သားယောကျာ်းလေးတွေကို သာမဏေဘောင်သွတ်သွင်းပြီး သမီးတွေကို နားသမင်္ဂလာဆင်ယင်ပေးဖို့ ဝတ္တရားရှိလာပြီပေါ့။ ဒီတော့ ၁၉၄၂ ခုနှစ်ဝန်းကျင်ကာလမှာ ကနဦးမွေးဖွားတဲ့ သားကြီးသမီးကြီး ငါးယောက်ကို ရှင်ပြုနားသ အလှူပေးဖို့ စီစဉ်ပါသတဲ့။ လှူဖွယ်ပစ္စည်းတွေလည်း ဝယ်ခြမ်းပြီးပါပြီ။ အလှူဖိတ်စာလည်း ရိုက်ပြီးပါပြီ။ ဒီတင် ဒုတိယကမ္ဘာစစ်မီးက ရုတ်ခြည်းရောက်လာလို့ အလှူပစ္စည်းတွေကို ခေမာသီဝံကျောင်းတိုက်ထဲအပ်ပြီး စစ်ပြေးလိုက်ကြရပါသတဲ့။ စစ်ကြီးအတွင်း ကျောင်းတိုက်မီးရှို့ခံရလို့ ပစ္စည်းတွေလည်းဆုံးရှုံးပြီး မလှူလိုက်ရပါဘူးတဲ့။ ဒါပေမယ့် ဓားတန်းဦးသန့်ဆိုတာ မြို့မစတင်တည်ထောင်သူမှာ တစ်ဦးအပါအဝင်ဖြစ်လေတော့ အလှူမှာ မြို့မကဧည့်ခံသီဆိုတီးမှုတ်ဖို့ သီချင်းတစ်ပုဒ်မြို့မငြိမ်းကိုယ်တိုင် စပ်ထား တိုက်ထားပြီးပါပြီတဲ့။ ဒီသီချင်းက ပါရမီတော်ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။
အလှူနဲ့စပ်ဆိုင်ရာ သီချင်းနှစ်ပုဒ်
စစ်ကြီးပြီးသွားတဲ့အချိန် အားလုံးအခြေတကျဖြစ်တဲ့ ၁၉၄၆ ခုနှစ်ရောက်မှ မူလစီစဉ်ထားတဲ့ အလှူကိုနေအိမ်တည်ရှိရာ ဓားတန်းဝင်းထဲမှာ ကျင်းပဖြစ်ပါတော့သတဲ့။ သားကြီး သမီးကြီးတွေဖြစ်တဲ့ ညွန့်ညွန့်၊ ကိုကိုကြီး၊ ရီရီ၊ မောင်သန်းတင်(မောင်သန်းထွဋ်)၊ မောင်ကျော်ညွန့်တို့နှင့်အတူ အလှူ့ဒကာနဲ့ ညီအစ်ကိုဝမ်းကွဲဆီ ဦးသိန်း ဒေါ်အာယားတို့ရဲ့ သားသမီးတွေဖြစ်တဲ့မကြင်သန်းနဲ့ မောင်ကျော်ညွန့်ကြီးတို့လည်း အလှူမှာ ရှင်လောင်းနားရံများအဖြစ် ပါဝင်ခဲ့ကြပါတယ်။ ဒီအလှူကြီးမှာ မြို့မငြိမ်းရဲ့ ပါရမီတော်သီချင်းကို ခံ့ညားစွာတီးမှုတ်သီဆို ဧည့်ခံခဲ့ပါတယ်။ နောက် ၁၉၅၄ ခုနှစ်ရောက်တော့ ဓားတန်းဦးသန့်နှင့် ဒေါ်အေးမြင့်တို့ကပဲသားငယ် သမီးငယ်တွေကို အလှူကြီးပေးပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မောင်မြင့်သိန်း၊ ကြည်ကြည်၊ စန်းစန်း၊ နွယ်နွယ်တို့က ရှင်လောင်းနဲ့ နားသတွေပါ။ ဒီအလှူမှာလည်း မြို့မကဧည့်ခံရမှာမို့ မြို့မငြိမ်းက အလှူနဲ့စပ်ဆိုင်ရာ သီချင်းနှစ်ပုဒ်ရေးစပ် ဒါနပြုခဲ့ပြန်ပါတယ်။ ဆရာငြိမ်းက သူ့သီချင်းနှစ်ပုဒ်ကို အလှူ - ၁ ၊ အလှူ - ၂ လို့ မှတ်သားခဲ့ပါတယ်။ အလှူ -၁ ဆိုတာအခုအခါ အလှူပွဲတိုင်း မပါမဖြစ် ‘မိဘတို့မှာ ချီးမြှင့်အပ်ပါသော ပုတ္တဒါရသ၊ သင်္ဂဟောမင်္ဂလာ၊ အာမိသာနုဂ္ဂဟဓမ္မာနုဂ္ဂဟဟောတော်မူရာ၊ ဒါယကာ ဘုရားသာသနာအမွေခံယူကာ’ အစချီတဲ့ သီချင်းဖြစ်ပါတယ်။ အလှူ - ၂ ကတော့ ‘ဗုဒ္ဓုပါဒ ကြုံခဲကြုံရဒုလ္လဘအခါမှာ၊ လွတ်မြောက်ပါလိုကြောင်းရည် ကျင်လည်ကြရ ဩဃလေးဖြာ၊ မဂ္ဂင်ဖောင်ပျံကူးခတ် အမတကမ်းယံဦးကပ်ခြင်းငှာ၊ ရှင်ပင်ရိုက်ရာ နှင်းလျက် သာမဏေဘောင်သွင်း ရွက်ဆောင်စေတာ’ အစချီတဲ့ သီချင်းဖြစ်ပါတယ်။
တစ်ချိန်က မန္တလေးအလှူတွေမှာ ဒါနကုသိုလ်ပါဝင်ခဲ့ကြတယ်ဆိုရာမှာ ရုပ်ဝတ္ထုပစ္စည်းသာမဟုတ်ဘဲ အနုပညာနဲ့ ကုသိုလ်ပါဝင်ခဲ့မှုဟာ နောင်လာနောက်သားအထိ တိမ်းညွတ်အကျိုးရှိစေတဲ့ လူသာဓုခေါ် နတ်သာဓုခေါ် ဒါနပစ္စည်းတွေပဲမဟုတ်ပါလား။
ဆူးငှက်