ရန်ကုန် ဖေဖော်ဝါရီ ၂၃

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်း များဆိုင်ရာအခွန်ရုံး (၂) နှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၄) သို့ သွားရောက်၍ ဝန်ထမ်းများ၏လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမတွင် နိုင်ငံတကာအဆင့်မီ  Air Blow Digital Machine စနစ်ဖြင့် ဆုမဲရွေးချယ်သရုပ်ပြမှုကို ကြည့်ရှုစစ်ဆေးပြီး၊ အောင်ဘာလေထီလုပ်ငန်း ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ကျောက်တံတားမြို့နယ်ရှိ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(၁)အစည်းအဝေး ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးများမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းအခွန်များဦးစီး ဌာနက လက်ရှိကောက်ခံနေသည့်အခွန်အမျိုးအစား (၆) မျိုး၏ ကောက်ခံရငွေသည် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ အခွန်အကောက် (၂၃) မျိုး၏ စုစုပေါင်းကောက်ခံရငွေတွင် ၈၀ ရာခိုင်နှုန်းကျော်ခန့် ပါဝင်နေသည့်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေရှာဖွေမှုတွင် အဓိကကျသောအခန်းကဏ္ဍ၌ ပါဝင်လျက်ရှိကြောင်း။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြည်သူများကို ဝန်ဆောင်မှုပေးရသည့်ဌာနတစ်ခု ဖြစ်သည်နှင့်အညီ အခွန်ထမ်းပြည်သူများက နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် လိုလားကြည်ဖြူစွာ အခွန်ထမ်းဆောင်လာစေရေးအတွက် ဝန်ထမ်းများက အပြောအဆို/အပြုအမူကအစ အလေးထား ဝန်ဆောင်မှုပေးကြရန်လိုကြောင်း၊ အခွန်ထမ်းများ အခွန်ရုံးသို့ ကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း၊ အခြားဆက်သွယ်မှုစနစ်များဖြင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းသည့်အချိန်များတွင် ဥပဒေပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်စေရန် စနစ်တကျ ရှင်းလင်းပြောကြားပေးကြရန်ဖြစ်ကြောင်း။

အခွန်စည်းကြပ်မှုဆောင်ရွက်သည့်နေရာတွင်လည်း  အခွန်ရုံးမှ အခွန်စည်းကြပ်သည့်စနစ် (OAS - Official Assessment System) မှ နိုင်ငံတကာတွင် လက်ခံကျင့်သုံးဆောင်ရွက်နေသည့် အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (SAS - Self Assessment System) သို့ ၂၀၁၂ ခုနှစ်ကတည်းက ပြောင်းလဲကျင့်သုံးနေပြီဖြစ်ရာ အဆင့်ဆင့်သောဝန်ထမ်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ နည်းပညာများကို အသုံးချ ဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း၊
နည်းပညာအသုံးချမှုပိုင်းအနေဖြင့် အခွန်စည်းကြပ်မှုလုပ်ငန်းစဉ်များထဲမှ အခွန်ကြေညာ လွှာတင်သွင်းခြင်းကို အီလက်ထရောနစ်စနစ်ဖြင့်တင်သွင်းနိုင်ပြီဖြစ်၍ ကုမ္ပဏီအခွန်ထမ်းများ အားလုံး ယင်းစနစ်အသုံးပြုရေးအတွက် တိုက်တွန်းကူညီဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ သို့မှ သာ အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း တွေ့ဆုံမှုလျော့နည်းပြီး မလိုလားအပ်သောဖြစ်စဉ်များ လျော့နည်းပပျောက်သွားမည်ဖြစ်ကြောင်း၊ အခွန်ထမ်းဝန်ဆောင်မှုပေးရေးလုပ်ငန်း စဉ်တစ်ခုဖြစ်သော အခွန်ငွေပေးသွင်းရာတွင် ငွေသား/ချက်လက်မှတ်များဖြင့်ပေးချေမှုအစား အီလက်ထရောနစ် ငွေပေးချေမှုကို အသုံးပြုခြင်းအားဖြင့် အခွန်ထမ်းများအနေဖြင့် ပိုမိုလွယ်ကူပြီး လုံခြုံမှုရှိစေမည်ဖြစ် ကြောင်း၊ အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ၂ ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး ၅ ရုံး၊ မြို့နယ် ၁၁၁ မြို့နယ်တို့တွင် ဆောင်ရွက်နိုင်ပြီဖြစ်၍ တစ်နိုင်ငံလုံးတွင်ရှိသော မြို့နယ်အားလုံးတွင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း။

ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပြီးမြောက် အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အခွန်ဝန်ထမ်းနှင့် အခွန်ထမ်းညှိနှိုင်းပြီး အခွန်လျော့နည်း သက်သာအောင် ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားခြင်းကိစ္စများကို အထူးရှောင်ရှားကြရန် လိုကြောင်း၊ အခွန်ထမ်းများကိုယ်တိုင် အခွန်ပေးဆောင်လိုစိတ်ရှိလာစေရေးကို ရှေ့ရှုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခွန်ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ပြုမူကျင့်ကြံလုပ် ဆောင်မှုများ ပြောင်းလဲပြီး နိုင်ငံ့တာဝန်ကို စနစ်တကျထမ်းဆောင်ကြရန် လိုအပ်ကြောင်း။
အခွန်တိမ်းရှောင်မှုမရှိစေရေးနှင့် အခွန်တိုးတက်ကောက်ခံရရှိရေးတို့အတွက် ဆက်စပ်ဌာန များနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏အခွန်ရငွေ တိုးတက်ရရှိစေရန်၊ အခွန်ကောက်ခံရာတွင် မျှတမှုရှိစေရန်၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ ခေတ်မီ၍ နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေမှုရှိသောအခွန်စနစ်တစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်ရန်၊ အခွန်ရငွေနှင့် GDP အချိုး မြင့်တက်စေရန် စသည်တို့ကို အာရုံစိုက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်ပြည့်ဝဝကောက်ခံရရှိပါက ဘဏ္ဍာရေးလိုငွေပြမှုကို လျော့ကျစေမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ငွေကြေးဖောင်းပွမှုကိုပါ လျော့ကျစေနိုင်ကြောင်း၊ မိမိတို့၏ကြိုးပမ်းအားထုတ်မှုသည် ပြည်သူအားလုံးကိုအကျိုးပြုရာရောက်သဖြင့် ကောင်းမွန်သည့်အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ လသာလမ်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၅) ၏ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်