ရန်ကုန် ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီးဂ ဟုမ္ပလင်းမြို့ ထမံသီဘေးမဲ့တောသည် အင်း၊ အိုင်အများအပြားနှင့် ချောင်းကြီး၊ ချောင်းငယ်များစွာ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စား လျက်ရှိ၍ ကင်မရာထောင်ချောက်များဖြင့် ရက် ၉၀ ကြာ မှတ်တမ်းတင်ရာ၌ ဘင်္ဂလားကျား အပါအဝင် ရှားပါးမျိုးစိတ် ၂၅ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ထမံသီဘေးမဲ့တော နမ်အီစူးဧရိယာ၌ ကင်မရာထောင်ချောက်များကို တပ်ဆင်ခဲ့ပြီး ရက်ပေါင်း ၉၀ ကြာ ဘေးမဲ့တောအတွင်း စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် နေချင်းပြန်ခရီး၊ ညအိပ်စခန်းချခရီးတို့ဖြင့် နန်ရင်းရင်ကင်းစခန်းတို့မှ ကျားစာရင်းနှင့် ရှားပါးမျိုးစိတ်များကို စာရင်းကောက်ယူနိုင်ခဲ့သည်။ ထမံသီဘေးမဲ့တောသည် စတုရန်းမိုင် ၈၃၀ ကျော် ကျယ်ဝန်းပြီး အမြဲစိမ်းတော၊ အထက်ရွက်ပြတ်ရောနှောတောစိုဖြစ်ရာ သဘာဝသစ်တောကြီးအတွင်း၌ ချောင်းများ၊ ရေတံခွန်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ကျက်စားလျက်ရှိသည်။
အရှေ့ဘက် နွယ်တမိန်းတောင်တန်းမှ အနောက်ဘက် ချင်းတွင်းချိုင့်ဝှမ်းသို့ နိမ့်ဆင်းလျက်ရှိသည့် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ နို့တိုက်သတ္တဝါ ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၃၂ မျိုး၊ ငါးမျိုးစိတ် ၆၇ မျိုး၊ ကုန်နေရေနေနှင့် တွားသွားသတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဘက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ် ရှစ်မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွမျိုးစိတ် ၁၆ မျိုး ရှင်သန်ကြွယ်ဝလျက်ရှိရာ ရှားပါးတောရိုင်းတိရစ္ဆာန် မျိုးစိတ်များ ပျံ့နှံကျက်စားသည့်အပြင် တိုက်လိပ်အပါအဝင် မြန်မာနိုင်ငံတွင်သာတွေ့ရှိရသော ရှားပါးမျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက်ရှိသည်။
ယနေ့အထိ အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၁ နိုင်ငံ၌ ဇီဝအဝန်း နယ်မြေပေါင်း ၇၂၇ ခု၊ နိုင်ငံနယ်နိမိတ်ချင်း ထိစပ်နေသော ဇီဝအဝန်းနယ်မြေ ၂၂ ခု ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အမျိုးသားဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်စုစုပေါင်း ၅၉ ခုနှင့် အာဆီယံ အမွေအနှစ်စာရင်းဝင် ရှစ်ခု ရှိကြောင်း သိရသည်။ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည့် ကမ္ဘာ့ရှားပါးတောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားရာ သဘာဝ ထိန်းသိမ်းရေးနယ်မြေများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အတည်ပြု သတ်မှတ်ထားသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ- ထမံသီဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး