ရန်ကုန်၊ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ ထမံသီဘေးမဲ့တောသည် အင်း၊ အိုင်အများအပြားနှင့် ချောင်း ကြီး၊ ချောင်းငယ်များစွာ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး မြန်မာနိုင်ငံ၌သာတွေ့ရှိရသော ရှားပါးတောရိုင်း တိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စားလျက်ရှိ၍ ကင်မရာထောင်ချောက်များဖြင့် ရက် ၉၀ ကြာ မှတ်တမ်းတင်ရာ၌ ဘင်္ဂလားကျားအပါအဝင် ရှားပါးမျိုးစိတ် ၂၅ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ထမံသီဘေးမဲ့တော နမ်အီစူးဧရိယာ၌ ကင်မရာထောင်ချောက်များကို တပ်ဆင်ခဲ့ပြီး ရက်ပေါင်း ၉၀ ကြာ ဘေးမဲ့တောအတွင်း စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် နေ့ချင်းပြန်ခရီး၊ ညအိပ်စခန်းချ ခရီးတို့ဖြင့် နန်ရင်းရင်ကင်းစခန်းတို့မှ ကျားစာရင်းနှင့် ရှားပါးမျိုးစိတ်များကို စာရင်းကောက်ယူနိုင်ခဲ့သည်။
ထမံသီဘေးမဲ့တောသည် စတုရန်းမိုင် ၈၃၀ကျော် ကျယ်ဝန်းပြီး အမြဲစိမ်းတော၊ အထက်ရွက်ပြတ် ရောနှောတောစိုဖြစ်ရာ သဘာဝသစ်တောကြီးအတွင်း၌ ချောင်းများ၊ ရေတံခွန်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ ရှင်သန်ကျက်စားလျက်ရှိသည်။
အရှေ့ဘက် နွယ်တမိန်းတောင်တန်းမှ အနောက်ဘက် ချင်းတွင်းချိုင့်ဝှမ်းသို့ နိမ့်ဆင်းလျက်ရှိသည့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ နို့တိုက် သတ္တဝါ ၅၇ မျိုး၊ ငှက်မျိုးစိတ် ၃၃၂ မျိုး၊ ငါးမျိုးစိတ် ၆၇ မျိုး၊ ကုန်းနေ၊ ရေနေနှင့် တွားသွားသတ္တဝါ ၇၇ မျိုး၊ အပင်မျိုးစိတ် ၄၃၂ မျိုး၊ ဆေးဖက်ဝင်အပင် ၁၉ မျိုး၊ ဝါး ၁၄ မျိုး၊ ကြိမ်ရှစ်မျိုး၊ ရေနေပင် ၂၃ မျိုး၊ မြက် ၁၈ မျိုးနှင့် သစ်ခွမျိုးစိတ် ၁၆ မျိုး ရှင်သန်ကြွယ်ဝလျက် ရှိရာ ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်များ ပျံ့နှံ့ကျက်စားသည့်အပြင် တိုက်လိပ်အပါအဝင် မြန်မာ နိုင်ငံတွင်သာတွေ့ရှိရသော ရှားပါးမျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက် ရှိသည်။
“ဒီနှစ် ထမံသီဘေးမဲ့တောမှာ ရှားပါးမျိုးစိတ် အပါအဝင် တောရိုင်းတိရစ္ဆာန် မှတ်တမ်းပြုစု ဘင်္ဂလား ကျား၊ မလေးရှားနဲ့ ဟိမဝန္တာဝက်ဝံမျိုးစိတ်တွေ တွေ့ရတယ်။ ဆင်၊ အင်းကျား၊ ကြောင်မျိုးစိတ်နဲ့ ပြောင်လည်းတွေ့ရတယ်။ ကင်မရာထောင်ချောက် ၂၄ လုံး တပ်ဆင်ခဲ့ပြီး အဓိက ကျားစာရင်းကောက်ယူတာဖြစ်ပါတယ်။ ဒါပေမယ့် ရှားပါးမျိုးစိတ်၂၅ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့တယ်။ ရင်ဘတ်မှာ အဖြူရောင် ဗွီပုံသဏ္ဌာန်နဲ့ ယူပုံသဏ္ဌာန်ရှိတဲ့ မလေးရှားဝက်ဝံနဲ့ ဟိမဝန္တာဝက်ဝံမျိုးစိတ်နှစ်မျိုး ရှင်သန်နေတာကိုလည်းတွေ့ရတယ်။ ဒီနှစ်မှာထူးခြားတာက မျိုးစိတ်နှစ်မျိုး ပိုတွေ့လာရတယ်။ ဒါဟာသဘာဝထိန်းသိမ်းရေး နယ်မြေတွေကို အရှိန်မပျက်ထိန်းသိမ်း စောင့်ရှောက်နေတာကို ပြသနေတာဖြစ်တဲ့အတွက် နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းပါတယ်” ဟု ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ပြောသည်။
ယနေ့အထိ အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၃၁ နိုင်ငံ၌ ဇီဝအဝန်း နယ်မြေပေါင်း ၇၂၇ ခု၊ နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေသော ဇီဝ အဝန်းနယ်မြေ ၂၂ ခု ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝ ထိန်းသိမ်းရေးနယ်မြေ၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော၊ အမျိုးသားဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် စုစုပေါင်း ၅၉ ခုနှင့် အာဆီယံအမွေအနှစ်စာရင်းဝင် ရှစ်ခုရှိကြောင်းသိရသည်။
ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ကမ္ဘာ့ရှားပါးတောရိုင်းတိရစ္ဆာန်များရှင်သန် ကျက်စားရာ သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက် တွင် အတည်ပြုသတ်မှတ်ထားသည်။
ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားရာ အဆိုပါဒေသ၌ ရှမ်းနီနှင့် နာဂတိုင်းရင်းသားတို့ နေထိုင်လျက် ရှိပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကုန်းနေ၊ ရေနေသတ္တဝါနှင့် သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်းသည် သဘာဝ အခြေခံခရီးသွား လုပ်ငန်းကို အထောက်အကူပြုစေပြီး ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ- ထမံသီဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး