နေပြည်တော်၊ မတ် ၉
ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင်မှု သဘောတူစာချုပ်အရ သုတေသနရန်ပုံငွေ စီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ က Online ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင်ဆောင်ရွက်ခဲ့မှု၊ လက်ရှိလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ငါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးကြသည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီ (၁၄) ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်တို့ လက်မှတ်ရေးထိုးခဲ့သော ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင်မှုသဘောတူ စာချုပ်အရ တနင်္သာရီတိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များ၏ ပြည်ပတင်ပို့သည့် ရေထွက်ကုန် ပစ္စည်းတင်ပို့မှု တန်ဖိုးမှ သုည ဒသမ ၅ ရာခိုင်နှုန်း သုတေသနရန်ပုံငွေအဖြစ် ကောက်ခံခဲ့ရာ ၂၀၂၄ ခုနှစ် မတ်လအထိ ငွေကျပ်သိန်းပေါင်း (၂၅၇၀၀)ကျော် ရရှိပြီးဖြစ်သည်။
ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ရန်ပုံငွေစီမံ အုပ်ချုပ်မှု ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ သုံးစွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ဂျင်းခရု (Hard Clam) ပျံ့နှံ့တည်ရှိမှုကို အကဲဖြတ်ဆန်းစစ်ပြီး ရေရှည်စဉ်ဆက်မပြတ် မွေးမြူ ထုတ်လုပ်နိုင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်း၊ ကလွင်စခန်းအား ငါးမွေးမြူရေး အလေ့အကျင့်ကောင်း ဂျီအေကျူပီ (Good Aquaculture Practices - GAqP) Model Farm တည်ဆောက်ရေးစီမံကိန်း၊ ရေသတ္တဝါများ၏ ရောဂါဖြစ်ပွားမှု အခြေအနေများကို သုတေသနပြု စမ်းသပ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးသုတေသနဦးစီးဌာနက မွေးမြူသုတေသန (ကျွန်းစု) စခန်းအဆင့်မြှင့်တင်ခြင်း၊ ကျောက်ငါး (Greasy grouper) မျိုးငါးကြီးများကို မျိုးဉနှင့် မျိုးရည်များ ဖွံ့ဖြိုးလာစေရန် မတူညီသော အစာ၊ ဆေးဝါးများနှင့် စမ်းသပ်သုတေသန ပြုခြင်း၊ ငါးပါးနီ (Lutjanus sp) (red snapper) ငါးများအား မျိုးဥနှင့် မျိုးရည်များ ရင့်ကျက်လာစေရန် မတူညီသောအစာ၊ ဆေးဝါးများဖြင့် စမ်းသပ်သုတေသန ပြုခြင်းလုပ်ငန်း၊ Seabass (Lates calcarifer) ကကတစ်သားပေါက်များအား မတူညီသော အစာနှင့် စမ်းသပ်သုတေသနပြုခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြိတ် တက္ကသိုလ်က တာဝန်ယူကာ မြိတ်မြို့ဝန်းကျင်ရှိ ခရုကမာထုတ်လုပ်မှုများအား လေ့လာခြင်း၊ နည်းစနစ်ကျနသော အသားတိုးမွေးမြူခြင်းနှင့် သားဖောက်မွေးမြူခြင်း တို့ကို သုတေသနပြုခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
