မိမိတို့ရရှိသည့် ဘတ်ဂျက်များ အကျိုးရှိစွာ အသုံးပြုနိုင်ရန် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်မျှပင်ရှိစေ ရင်ဆိုင်ကျော်လွှား

 

နေပြည်တော်၊ မတ် ၁၁

၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။   

 

တက်ရောက်

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေး ကော်မတီတို့က နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အဆင့်ဆင့် စိစစ် ထားပြီးဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို နောက်ဆုံးအဆင့်အဖြစ် စိစစ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံ့စီးပွားရေးကို ကုစားနိုင်ရန်နှင့် နိုင်ငံ့စီးပွား ပြန်လည်ဖွံ့ဖြိုးတိုးတက် မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်၏ ရငွေများ၊ သုံးငွေများကို ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ စနစ် တကျ စီမံခန့်ခွဲဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

ဥပဒေနှင့်အညီ ဆောင်ရွက်

 

ထိုသို့ စီမံဆောင်ရွက်ရာတွင် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်း များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ်အလိုက် ရရှိမည့်ရငွေများ ကို အပြည့်အဝရရှိစေရန် ကြိုးပမ်းခြင်း၊ သုံးငွေများကို စနစ်တကျ ခွဲဝေသုံးစွဲခြင်း တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသား စီမံကိန်းဥပဒေ၊ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ၊ ပြည်ထောင်စု၏ အခွန် အကောက်ဆိုင်ရာဥပဒေတို့နှင့်အညီ ဆောင်ရွက်စေလျက်ရှိကြောင်း။

မိမိတို့ တာဝန်ယူဆောင်ရွက်နေစဉ် ကာလအတွင်း ရငွေပိုင်းနှင့် သုံးငွေပိုင်းများ တွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား အပေါ် ဘက်ပေါင်းစုံမှ နှောင့်ယှက် ဖျက်ဆီးမှုစသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အစိုးရအဖွဲ့များ အားလုံးက ယင်းအခက်အခဲများကို မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ရင်ဆိုင်ကျော်လွှားကာ ချမှတ်ပေးထားသည့် စီးပွားရေးရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ယင်းအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်း။

ထို့ပြင် စိန်ခေါ်မှုများကြောင့် အချို့ဝန်ကြီးဌာနများက ရရှိလာသည့် ဘဏ္ဍာငွေများကို အပြည့်အဝမသုံးစွဲနိုင်သည့် ကိစ္စရပ်များရှိသဖြင့် ပြန်လည်အပ်နှံရသည်များလည်းရှိပါကြောင်း၊ ယင်းသည် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုအပိုင်းနှင့် ကုန်ထုတ်လုပ်မှုအပိုင်းတို့တွင် နစ်နာမှု ရှိသည့်အပြင် GDP လျော့ကျစေမှုကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအနေဖြင့် ရရှိသည့် ဘတ်ဂျက်ကို အကျိုးရှိ ထိရောက်အောင် သုံးစွဲကြရန်လိုကြောင်း၊ ဘတ်ဂျက်များ စိစစ်သည့်အခါ လိုငွေနှင့် GDP အချိုးကို ကြည့်၍ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်း နိုင်ရေးဘောင်သတ်မှတ်လျက် ခွဲဝေချမှတ်ပေးခြင်းဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် ရငွေကို အကောင်အထည်ဖော်ရာ တွင် အခက်အခဲများနှင့် စိန်ခေါ်မှုများလည်း ရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါ အခက်အခဲများနှင့် စိန်ခေါ်မှုများကို မည်သို့ကျော်လွှားမည်၊ ကိုယ်ရရှိသည့် ဘတ်ဂျက်ဖြင့် မည်သို့ ကုန်အောင်သုံးမည်၊ ပေးထားသည့် ဘတ်ဂျက်ကို ထိထိ ရောက်ရောက် ကုန်အောင်သုံးနိုင်မှ သာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဘက်ဘက်က အထောက်အကူ ပြုလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်မှသာ ပြည်တွင်း/ပြည်ပ တင်ပို့သုံးစွဲ နိုင်မှုမှတစ်ဆင့် နိုင်ငံတော် GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ရရှိသည့် ဘတ်ဂျက်များ အကျိုးရှိစွာ အသုံးပြုနိုင်ရန် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်မျှပင်ရှိစေ ရင်ဆိုင်ကျော်လွှား ကြရန် ပြောကြားလိုကြောင်း။

 

ပြန်လည်ထည့်သွင်းသုံးစွဲစေခဲ့

 

အချို့ဝန်ကြီးဌာနများမှ ပြန်အပ်ငွေများ အတွက်လည်း အကျိုးမဲ့မဖြစ်သွားစေရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် ပြန်လည်ထည့်သွင်းပြီး သုံးစွဲစေခဲ့သည်ကို သိရှိစေလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်လိုငွေ များစွာဖြစ်ပေါ်ပါက နိုင်ငံတော်၏ ကြွေးမြီမြင့်တက်လာနိုင် သောကြောင့် ကြွေးမြီခံနိုင်ရည်ရှိမှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဘတ်ဂျက်လိုငွေကို ရှိသင့်ရှိထိုက်သည့် အတိုင်းအတာ အတွင်းသာ ထားရှိရမည်ဖြစ်ကြောင်း။

စာရင်းဇယားများအရ ကြည့်မည်ဆိုပါက ပြည်ထောင်စုအဆင့် စိစစ်ရာတွင် မူလအခြေအနေတွင် လိုငွေနှင့် GDP အချိုးသည် ၈ ဒသမ ၈၆ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ မူဘောင်နှင့် လုပ်ငန်းဆောင်ရွက် နိုင်မှု၊ အကျိုးဖြစ်ထွန်းမှုအပေါ် အဆင့်ဆင့်စိစစ်ပြီး နောက်ဆုံးအနေအထားအဖြစ် ပြန်လည် စိစစ်သည့်အခါ ၂၀၂၄-၂၀၂၅ ၏ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိသဖြင့် ပျမ်းမျှ ၅ ရာခိုင်နှုန်း ကျော်လွန်နေသည်ကို တွေ့ရပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး ယခု ၂၀၂၄-၂၀၂၅ တွင် လိုငွေနှင့် GDP အချိုးသည် သုည ဒသမ ၀၂ ရာခိုင်နှုန်း တွေ့ရပါကြောင်း၊ ယင်းသို့ ကွာခြားမှုများ ကို စိစစ်ရာတွင် တွေ့ရှိရသည့် အကြောင်းရင်းများမှာ နိုင်ငံခြားငွေနှင့် မြန်မာငွေ လဲလှယ်နှုန်း ကွာဟချက်များ၊ ပင်ပန်း ကြမ်းတမ်းမှုနှင့် သက်စွန့်ဆံဖျားစရိတ်၊ သင်တန်းသား ထောက်ပံ့စရိတ်၊ ပြည်သူ့ စစ်မှုထမ်း ဥပဒေအရ သုံးစွဲရမည့် စရိတ်၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေး၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျာထားမှု များကြောင့် ၂၀၂၃-၂၀၂၄ ထက် သုည ဒသမ ၀၂ ရာခိုင်နှုန်း တိုးလာရခြင်းဖြစ်သည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော်၏ ဝင်ငွေ အများဆုံးရှာပေးနိုင်သည့် ဝန်ကြီးဌာန များအနေဖြင့် မိမိဌာနမှ ပေးအပ်ထား သည့် မူလရည်မှန်းချက်များကို အပြည့်အဝရရှိအောင်နှင့် ကျော်လွန်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် လိုကြောင်း၊ အလားတူ လူမှုရေးအသုံးစရိတ်၊ ဌာနများအလိုက် သုံးစွဲရသည့် အသုံးစရိတ်များကို သုံးစွဲရာတွင် မလိုအပ်ဘဲ များပြားစွာ လေလွင့်ဆုံးရှုံးမှုများမရှိအောင် သုံးစွဲပေးနိုင်ရန်လိုကြောင်း၊ ဝင်ငွေရှာပေးနိုင်သည့် ဝန်ကြီးဌာနများကလည်း မိမိတို့၏ ဝန်ကြီးဌာနများအလိုက် သတ်မှတ်ပေး ထားသည့် လျာထားဘတ်ဂျက်၊ ရည်မှန်းချက်ပြည့်ဝအောင် မည်သို့ပင် အခက်အခဲနှင့် စိန်ခေါ်မှုများရှိပါစေ ဆောင်ရွက်ပေး ကြရန် ပြောကြားလိုကြောင်း ပြောကြားသည်။

 

ရှင်းလင်းပြောကြား

 

ထို့နောက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေစာရင်းများကို ကြိုတင်စိစစ်ရေးကော်မတီက စစ်ဆေးဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများမှ ရေးဆွဲတင်ပြလာသော ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီးဖြစ် သော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို အသေးစိတ်ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ရငွေ၊ သုံးငွေစာရင်းများနှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ဌာနများ၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများကို ရှင်းလင်းတင်ပြကြရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေး မှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်