၂၆  ဖေဖော်ဝါရီ

 

နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေးကို ပြည်သူအားလုံးအညီအမျှ ရရှိခံစားနိုင်ရေးမှာ အရေးကြီးသည့် အချက်ဖြစ်သည်။ တရားဥပဒေနှင့် လုံခြုံစိတ်ချမှုကို အညီအမျှမရရှိဘဲ ကွက်တိကွက်ကျား ဖြစ်မည်ဆိုပါက ပြည်သူအများ စိုးရိမ်ပူပန်မှု ဖြစ်ကြရမည်သာမက နိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး အပိုင်းတို့တွင်ပါ ထိခိုက်မှုရှိနိုင်သည်။

 

တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး တည့်မတ်ခိုင်မာပြီး လွှမ်းခြုံမှုအားကောင်းရန်အတွက် အထူးလိုအပ်သည်။ ပြည်သူ့အစိုးရ နိုင်ငံ့တာဝန်ယူစဉ်ကတည်းက တရားစီရင်ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မကြာခဏအသိပေး မှာကြားလျက်ရှိသည်။ ဖေဖော်ဝါရီ ၂၁ ရက်က ချင်းပြည်နယ် ဟားခါးမြို့ မြို့တော်ခန်းမတွင် ချင်းပြည်နယ်မှ တာဝန်ရှိသူများအား တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ –

 

“တရားစီရင်ရေးကို ပြန်လည်တည့်မတ်ရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှ ဒီမိုကရေစီ တည်တံ့ခိုင်မြဲမည် ဖြစ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများအားလုံး တရားဥပဒေရှေ့မှောက်၌ ညီတူညီမျှဖြစ်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ တရားဥပဒေ၏ အရိပ်အာဝါသကို နိုင်ငံသူနိုင်ငံသားတိုင်း ခံစားရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှသာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးများသည် ချိတ်ဆက်နေပါကြောင်း၊ တစ်ခုချိုးဖောက်လျှင် အခြားတစ်ခုလည်း ချိုးဖောက်ခံရမည်ဖြစ်ပါကြောင်း” မှာကြားခဲ့သည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် တင့်တယ်စွာရပ်တည်နိုင်ရေးတွင် အခြေခံကျသည့်ကဏ္ဍမှာ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်သည်။ ယင်းကဏ္ဍသည် ဒီမိုကရေစီ လူ့ဘောင်လောက တည့်မတ်ခိုင်မာရေးကို ထောက်ကန်ထားသလို ပြည်သူများ နေထိုင်ကြသည့် လူ့ဘောင်လောကကို ငြိမ်းချမ်းသာယာဝပြောစေရန် ဥပဒေဖြင့် အကာအကွယ်ပေးထားသည်။

 

မျက်မှောက်ကာလတွင် တရားဥပဒေနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်နေသည်ဆိုသော်လည်း တရားဥပဒေစိုးမိုးရေးအပေါ်တွင် မထီမဲ့မြင်ပြုသည့် ပြစ်မှုများကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့ရသည်။ ရပ်ရွာအေးချမ်းသာယာရေးသည် တရားဥပဒေစိုးမိုးရေးအပေါ် အမှီပြုသည်ဖြစ်ရာ ပြဋ္ဌာန်းထားသော ဥပဒေများကို မျက်ကွယ်ပြုသည်နှင့် ဆိုးရွားသော ပြစ်မှုများလည်း ပေါ်ပေါက်လာသည်။ တရားဥပဒေဟူသည် ပြစ်မှုကျူးလွန်သူတို့ကို နောင်မကျူးလွန်အောင် တရားမျှတစွာစီရင်ခြင်း ဖြစ်သည်။ သို့သော် ပြစ်မှုကျူးလွန်မှုများ လျော့မကျဘဲ တိုးနေလျှင်ပြည်သူလူထု စိုးရိမ်ပူပန်မှုများလာမည်ဖြစ်သည်။

 

ထို့ကြောင့် တရားဥပဒေ၏ အရိပ်အာဝါသကို နိုင်ငံသူ နိုင်ငံသားအားလုံး ခံစားနိုင်ရေး၊ တရားဥပဒေရှေ့မှောက်တွင် နိုင်ငံသူ နိုင်ငံသားအားလုံး ညီတူညီမျှဖြစ်ရေး၊ အေးချမ်းစွာနေထိုင်သော ပြည်သူပြည်သားများအားလုံး လုံခြုံစိတ်ချမှုရှိစေရေးအတွက် တရားစီရင်ရေးကို ပြန်လည်တည့်မတ်ရမည်ဟု နိုင်ငံတော်သမ္မတက သတိပေးထားခြင်း ဖြစ်သည်။ ပုထုဇဉ်လူသားများသည် မကောင်းမှုဒုစရိုက်အမှုကို ဖြစ်ပေါ်စေသည့်လောဘ၊ ဒေါသ၊ မောဟတရားများ ရှိသော်ငြားလည်း ထိရောက်သည့်ဥပဒေ၏ အဟန့်အတားဖြင့် ပြစ်မှုမကျူးလွန်မိကြစေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းပြည် ငြိမ်းချမ်းသာယာရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်ရေး အတွက် တရားစီရင်မှုတည့်မတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အားလုံးအလေးထား လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ