၂၆  ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံသမိုင်းတွင် ပုဂံနှင့်အတူ ခေတ်ပြိုင်တည်ထောင်ခဲ့သည့် စစ်ကိုင်းသည် များပြားသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုစည်းနေသည့် နေရာတစ်ခုအဖြစ် ထင်ရှားကာ စစ်ကိုင်းမြို့ဝန်းကျင်၌ မြန်မာ့သမိုင်းဆိုင်ရာ အထောက်အထားများကို ယနေ့တိုင် မြင်တွေ့ကြရပေသည်။

 

ဗုဒ္ဓသာသနာထွန်းကားခဲ့သည့် မြန်မာနိုင်ငံတွင် စေတီပုထိုးအမြောက်အမြားကို နိုင်ငံတစ်ဝန်း တွေ့ရှိကြရသကဲ့သို့ စစ်ကိုင်းဒေသ ပတ်ဝန်းကျင်တွင်လည်း ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများကို ဖူးတွေ့ကြရပေသည်။ စစ်ကိုင်းတောင်ရိုး တစ်လျှောက်ရှိ များပြားလှသည့် ထုံးဖြူဖြူစေတီများသည်စစ်ကိုင်းမြို့၏ အမှတ်လက္ခဏာတစ်ခု ဖြစ်ပေသည်။ ထို့အတူစစ်ကိုင်းမြို့မှ ခြောက်မိုင်အကွာ၌ တည်ရှိသည့် ကောင်းမှုတော်စေတီဟု ထင်ရှားသည့် ရာဇာစူဠာမဏိ စေတီတော်သည်လည်း စစ်ကိုင်းသို့ရောက်လာကြသူတိုင်း မရောက်မဖြစ် သွားရောက်ဖူးမြော်ကြရသည့် ညောင်ရမ်းခေတ် လက်ရာ သာသနိက အဆောက်အအုံတစ်ခုဖြစ်သည်။ ပုဂံခေတ်နှောင်းပိုင်း ခရစ်နှစ် ၁၃၁၅ ခုနှစ်က တည်ထောင်ခဲ့သည့် စစ်ကိုင်းမြို့သည် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ပြီး ခေတ်အလိုက် သမိုင်းအမွေအနှစ်များစွာ ကျန်ရှိနေခဲ့ရာ ကောင်းမှုတော်စေတီတော်သည်လည်း အပါအဝင် ဖြစ်ပေသည်။

 

သမိုင်းထဲမှစစ်ကိုင်း

 

ကုန်းဘောင်ခေတ် မြို့တော်ငါးခုတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည့် စစ်ကိုင်းသည် မြန်မာနိုင်ငံအထက်ပိုင်း ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၌ ဇေယျပူရအမည်ဖြင့် ထင်ရှားခဲ့သည်။ စစ်ကိုင်းမြို့သည် မန္တလေးမြို့မှ ၁၂ မိုင်အကွာ မင်းဝံတောင်တန်း၏ အောက်ခြေ၌ တည်ရှိကာ ဧရာဝတီမြစ်သည်စစ်ကိုင်းမြို့၏အရှေ့ဖျားတွင် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလာပြီး မြို့တောင်ဘက်တွင် အနောက်သို့ ချိုးကွေ့သွားသဖြင့် မြို့ကို ပွေ့ပိုက်ထားသည့်နှယ် ဖြစ်နေသည်။ ဦးဖေမောင်တင်နှင့် ဂျေအက်စ်ဖာနီဗယ်တို့ တည်းဖြတ်သည့် ဇမ္ဗူ့ဒီပဦးဆောင်ကျမ်းတွင် “စစ်ကိုင်းနယ်ကား အရှေ့ကိုလားသော် ဧရာဝတီ၊ တောင်ကိုလားသော် ဧရာဝတီ၊ အနောက်ကိုလားသော် ဆောက်တောအင်းထွက်ချောင်း၊ မြောက်ကိုလားသော် မန်ကျည်းစည်”ဟု စစ်ကိုင်းမြို့ အကျယ်အဝန်းကို ဖော်ပြခဲ့သည်။

 

ပုဂံပျက်လုနီး နှောင်းပိုင်းအချိန်တွင် ရှမ်းညီနောင်သုံးယောက်အနက် အငယ်ဆုံးဖြစ်သော တစ်စီးရှင်သီဟသူ၏သား စောယွမ်းသည် သက္ကရာဇ် ၆၇၇ ခုနှစ်(ခရစ်နှစ် ၁၃၁၅ ခုနှစ်)တွင် စစ်ကိုင်းမြို့ကိုတည်၍ သီရိအသင်္ခယာဟူသော ဘွဲ့မည်ခံယူပြီး မြောက်ဘက်တစ်လွှားကို မင်းပြုခဲ့သည်။ ထို့ကြောင့် စစ်ကိုင်းမြို့တည်နှစ်ကို “သားတိုးတိုင်း စစ်ကိုင်းတည်” ဟုလည်းကောင်း၊ “သံတံတိုင်း စစ်ကိုင်းတည်” ဟုလည်းကောင်း မှတ်သားခဲ့ကြသည်။ မှန်နန်း မဟာရာဇဝင်တော်ကြီးတွင် စစ်ကိုင်းမြို့ အမည်တွင်ပုံကို သာသနာသက္ကရာဇ် ၄၀ ပြည့်နှစ်၌ တကောင်းဘုရင် သတိုးမဟာရာဇာ၏ မိဖုရားသည် မျက်မမြင် သားတော်နှစ်ပါးဖြစ်သည့် မဟာသ္ဘဝနှင့် စူဠသ္ဘဝ အမြွှာညီနောင်ကို ဖွားမြင်ခဲ့ကြောင်း၊ ဖခင်ဘုရင်က မျက်မမြင်သားနှစ်ယောက်ကို သတ်ခိုင်းသော်လည်း မိခင်မိဖုရားကြီးက မသတ်ဘဲ အသက် ၁၉ နှစ် အရွယ်အထိ ဝှက်ထားခဲ့ပြီးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဖောင်တစ်ဖောင်ပေါ်တင်ကာ မျှောလိုက်ကြောင်း၊ မျက်မမြင် ညီနောင်နှစ်ပါးတို့သည် ဧရာဝတီမြစ်ကြောင်းစဉ်အတိုင်း ဖောင်ဖြင့်မျောပါလာကြရာ စစ်ကိုင်းအရပ်သို့ ရောက်သောအခါ စစ်ပင်ကြီးတစ်ပင်၏အကိုင်းနှင့် ဖောင်နှင့်ချိတ်မိနေကြောင်း၊ ထိုအချိန်မှစ၍ ကိုင်းနေသည့် စစ်ပင်ကြီး ရှိနေသည့်အရပ်သည် စစ်ကိုင်းဟု အမည်တွင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

 

ရှေးဟောင်း စစ်ကိုင်းမြို့တော်တွင် မင်းဆက်ခုနစ်ဆက်က နှစ် ၅၀ ကျော် စိုးစံခဲ့ကြရာ အသင်္ခရာစောယွမ်းက ရှစ်နှစ်၊ နောင်တော် တရာ့ဖျားက ၁၄ နှစ်၊ တရာ့ဖျား၏သားဖြစ်သူရွှေတောင်တက်က သုံးနှစ်၊ အသင်္ခယာစောယွမ်း၏သား ကျော်စွာက ၁၀ နှစ်၊ ညီဖြစ်သူ နော်ရထာမင်းရဲက ခုနစ်လ၊ ညီ ဆင်ဖြူရှင် တရာ့ဖျားငယ်က သုံးနှစ်နှင့် မင်းပြောက်က ၁၃ နှစ် အုပ်စိုးခဲ့သည်။

 

မျက်မှောက်ခေတ် စစ်ကိုင်း

 

လက်ရှိ စစ်ကိုင်းမြို့နယ်သည် အရှေ့မှ အနောက်သို့ ၂၄ မိုင်၊ တောင်မှမြောက်သို့ ၂၇ မိုင် ရှည်လျား၍ ၄၈၅ ဒသမ ၁၆ စတုရန်းမိုင် ကျယ်ဝန်းပြီး စစ်ကိုင်းမြို့၏ အကျယ်အဝန်းသည်၃ ဒသမ ၆၉ စတုရန်းမိုင်ဖြစ်သည်။ စစ်ကိုင်းမြို့၏ အမြင့်ဆုံး နေရာသည် စစ်ကိုင်းမြို့အရှေ့ဘက်ရှိ စစ်ကိုင်းတောင်တန်းမှ၁၃၇၃ ပေမြင့်သည့် ရွှေမြင်တင်တောင်ထိပ် ဖြစ်သည်။ စစ်ကိုင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀ဝ အမြင့်တွင် တည်ရှိပြီး အရှေ့ဘက်တွင် ဧရာဝတီမြစ် မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်၊ အနောက်ဘက်တွင် မူးမြစ်နှင့် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် ဧရာဝတီမြစ်၊ တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်၊ မြောက်ဘက်တွင် ဝက်လက်မြို့နယ်တို့နှင့် နယ်နိမိတ် ထိဆက်နေသည်။ စစ်ကိုင်းမြို့နယ်ကို မြို့နှစ်မြို့(စစ်ကိုင်းနှင့်ဆားတောင်)၊ ရပ်ကွက် ၃၄ ခု၊ ကျေးရွာအုပ်စု ၇၆ ခု၊ ကျေးရွာ ၁၇၇ ရွာတို့ဖြင့် ဖွဲ့စည်း ထားကာ ၂၀၁၇ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့သည့် စာရင်းများအရ စစ်ကိုင်းမြို့နယ်တွင် လူဦးရေ ၂၈၂၀၈၂ ဦး နေထိုင်လျက်ရှိပြီး လူဦးရေ ၉၉ ဒသမ ၈ ရာခိုင်နှုန်း(၂၈၁၅၂၃ ဦး)သည် ဗမာလူမျိုးများ ဖြစ်ကြသည်။

 

စစ်ကိုင်းဒေသသည် စစ်ကိုင်းငလျင်ကြောအတွင်း တည်ရှိနေသဖြင့် ၁၉၅၆ ခုနှစ်က ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။ စစ်ကိုင်းမြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးကြပြီး လက်မှုလုပ်ငန်းအဖြစ် အိုးလုပ်ငန်း၊ ကြိမ်လုပ်ငန်း၊ ငွေထည်ကြေးထည်လုပ်ငန်း၊ ကျောက်ပုတီး လုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများဖြင့်လည်း အသက်မွေးဝမ်းကျောင်းပြုကြသည်။ စစ်ကိုင်းမြို့နယ်သည် ကားလမ်း၊ ရထားလမ်း၊ ရေကြောင်းလမ်းတို့ အချက်အချာကျသဖြင့် မြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ပဲမျိုးစုံအပါအဝင် ဒေသထွက်ကုန်များကို အခြားဒေသများသို့ တင်ပို့ရောင်းချသည်။ ထို့အတူ မြစ်သဲထုတ်လုပ်ခြင်းနှင့် အုတ်ဖုတ်ခြင်း တို့ကိုလည်း ပြုလုပ်ကြသည်။

 

စစ်ကိုင်းသည် သမိုင်းစဉ်ရှည်လျားခဲ့သော ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်သည့်အားလျော်စွာ ၂၀၁၇ ခုနှစ် မတ်လ စာရင်းများအရ စစ်ကိုင်းမြို့နှင့် မြို့နယ်အတွင်း၌ ဘုရား ၇၁၉ ဆူ၊ စေတီ ၈၈၁ ဆူ၊ ပုထိုး လေးဆူ၊ ဘုန်းကြီးကျောင်း ၁၂၀၁ ကျောင်း၊ သီလရှင်ကျောင်း ၃၇၇ ကျောင်းနှင့် ဓမ္မာရုံ ၂၉၈ ရုံတည်ရှိသည်။ ထို့အတူ စစ်ကိုင်းမြို့နယ်တွင် ရဟန်း ၅၇၅၈ ပါး၊ သာမဏေ ၆၂၈၇ ပါး၊ သီလရှင် ၆၇၂၃ ပါး သီတင်းသုံးလျက်ရှိသဖြင့် ဗုဒ ̈သာသနာတော်အတွက် အားရဖွယ်ဖြစ်ပေသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် စစ်ကိုင်းမြို့ရှိ အစေခံ ခံတပ်၊ သံချက်ဖို၊ အရိယဝံသချောင် ရုပ်စုံကျောင်းတို့ အပါအဝင် အဆောက်အအုံ ၁၀ ခု၊ မင်းကွန်း ရှိ မင်းကွန်းခေါင်းလောင်း၊ မြသိန်းတန်စေတီ၊ ပုံတော်စေတီ၊ ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီးနှစ်ကောင်၊ စက်တော်ရာ ဘုရားနှင့်ကြက်ထောင့်ကန်၊ ရွာသစ်ကြီးရှိ လောင်းဦးမော် ပိဋကတ်တိုက်တို့ကို ရှေးဟောင်းအဆောက်အအုံများအဖြစ် စောင့်ရှောက်ထိန်းသိမ်းထားသည်။

 

သမိုင်းဝင်အဆောက်အအုံများ

 

မြို့တည်သက်တမ်း နှစ် ၇၀ဝ ကျော်ခဲ့ပြီဖြစ်သည့် စစ်ကိုင်းမြို့သည် ရာစုနှစ် ခုနစ်ခုအတွင်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ပြီးနောက် ယဉ်ကျေးမှုအမွေအနှစ်များစွာ ကျန်ရှိခဲ့ရာ စစ်ကိုင်းမြို့မှ မြောက်ဘက် ၁၂ မိုင်အကွာ မင်းကွန်းဒေသတွင်ရှိသည့် မင်းကွန်းခေါင်းလောင်းတော်ကြီးနှင့် ပုထိုးတော်ကြီးတို့သည် အထူး ထင်ရှားလှပေသည်။ မင်းကွန်းပုထိုးတော်ကြီးအား အမရပူရကို တည်ထောင်ခဲ့သူ ဘိုးတော်ဘုရား ဗဒုံမင်းက ၁၁၅၂ ခုနှစ် (ခရစ်နှစ် ၁၇၉၀ ပြည့်နှစ်)တွင် စတင်တည်ဆောက်ခဲ့သော်လည်း အပြီးမသတ်ခဲ့ချေ။ ရွှေတိုက်စာရင်းမူ ပုရပိုက်အရ ပုထိုးတော်ကြီးကို အချင်း ၂၉၃ တောင်နှင့် အမြင့် ၃၅၂ တောင် တည်ထားရန် ရည်ရွယ်ခဲ့သော်လည်း ပုထိုးတော်ကြီးသည် ပေ ၁၆၀ အမြင့်အရောက်တွင် ပြိုကျခဲ့ကြောင်း သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက ရေးသားခဲ့သည်။

 

တစ်ကောင်လျှင် ၉၅ ပေစီမြင့်သည့် ခြင်္သေ့ကြီးနှစ်ကောင်ကိုပုထိုးတော်ကြီး၏ အရှေ့ဘက်တွင် ဘိုးတော်ဘုရားကပင် မြန်မာသက္ကရာဇ် ၁၁၅၅ ခုနှစ်(ခရစ်နှစ် ၁၇၉၃ ခုနှစ်)က ထုလုပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၀ဝ ပြည့်နှစ်တွင် မြောက်ဘက်ရှိခြင်္သေ့ရုပ်ကြီး ပြိုကျခဲ့ပြီး ၁၃၁၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ဒဏ်ကြောင့် တောင်ဘက်မှ ခြင်္သေ့ရုပ်ကြီးလည်း ပြိုပျက်ခဲ့သည်။ ဘိုးတော်ဘုရားသည် ဉာဏ်တော် ၁၅ ပေမြင့်သော ပုံတော်စေတီကိုလည်း သက္ကရာဇ် ၁၁၅၂ ခုနှစ်တွင် တည်ထားခဲ့သည်။

 

အလေးချိန် ၅၅၅၅၅ ပိဿာ (၉၀ ဒသမ ၅၂ တန်)ရှိသည့်မင်းကွန်း ကြေးခေါင်းလောင်းကြီးသည် အသံထွက်နိုင်သော ခေါင်းလောင်းများအနက် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်ကာ ကုန်းဘောင်မင်းဆက်၏ ပဉ္စမမြောက်ဘုရင်ဖြစ်သူ ဗဒုံမင်း (၁၇၈၂-၁၈၁၃)က မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ကဆုန်လဆန်း ၅ ရက်(ခရစ်နှစ် ၁၈၀၈ ခုနှစ် ဧပြီ ၂၉ ရက်) သောကြာနေ့တွင် သွန်းလုပ်ခဲ့သည်။ မြသိန်းတန်စေတီကို စစ်ကိုင်းမင်းသားက မြန်မာသက္ကရာဇ် ၁၁၆၃ ခုနှစ်တွင် တည်ထား၍ ၁၁၆၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စစ်ကိုင်းမင်းသားသည် ငွေကျပ်တစ်သိန်းတန် မြကျောက်ကိုမတည်ကာ စေတီကိုတည်ခဲ့ခြင်းကြောင့် မြသိန်းတန်စေတီဟုအမည်တွင်ခဲ့သည်။ဘေးနှစ်ဖက်နှင့် ရှေ့ပိုင်းကို ဖွင့်ထားပြီး နောက်ပိုင်းကို ပိတ်ထားသည့် အုတ်ပြာသာဒ်တိုက်ကြီးတစ်ခုဖြစ်သော စက်တော်ရာစေတီမှာ မိုးမိတ်မင်းသားကြီး၏ ကြင်ရာတော် သီရိသုမလ္လာနန္ဒာဒေဝီ၏ ကုသိုလ်တော်ဖြစ်သည်။ ဘုရားရှင်၏ခြေတော်ရာအား နဂါးနှစ်ကောင်ပတ်ထားသည့် လက်ရာမှာ အမရပူရ ခေတ်လယ်လက်ရာဟု သတ်မှတ်ခဲ့ကြသည်။

 

စစ်ကိုင်းဒေသရှိ များပြားလှသော စေတီပုထိုးများအနက်အင်းဝဘုရင် နရပတိကြီး(၁၄၄၃-၁၄၆၉) တည်ထားခဲ့သော ထူပါရုံစေတီတော်သည် စစ်ကိုင်းမြို့ ပိုးတန်းရပ်တွင် ရှိသည်။ ထူပါရုံစေတီတော်ကြီးကို ခရစ်နှစ် ၁၄၄၇ ခုနှစ်တွင် ထီးတော်တင်ခဲ့စဉ်က ထောင်ပေါင်းများစွာသော ပြည်သူများသည်မြစ်ကို ဖြတ်လျက်ထိုးထားသည့် ယာယီတံတားကို ဖြတ်သန်း၍ ပျော်ရွှင်စွာ လာရောက်ခဲ့ကြသည်။ ၁၈၃၈ ခုနှစ်က စစ်ကိုင်းတွင်လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုတံတား ပြိုပျက်ခဲ့ပြီး ပုဂံဘုရင်က ၁၈၄၉ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သော်လည်း အပြီးမသတ်နိုင်ခဲ့ချေ။ ထို့အတူ ကုန်းဘောင်ခေတ် အမွေအနှစ်များအဖြစ် ရွှေတော်ဦးမော်တောင်ထွတ် အနောက်ဘက်ခြေရင်းတွင် ကုန်းဘောင်ခေတ်က တည်ဆောက်ခဲ့သည့် သံချက်ဖို၊ ဧရာဝတီမြစ်ကမ်းရှိ အစေခံ ခံတပ်တို့ ရှိသကဲ့သို့ ၁၉၃၄ ခုနှစ်က တည်ဆောက်ခဲ့သည့် အင်းဝတံတားတို့ကို ယခုတိုင် ထိန်းသိမ်းထားခဲ့ပေသည်။

 

ကောင်းမှုတော်

 

စစ်ကိုင်းမြို့မှ အနောက်မြောက်ယွန်းယွန်း ခြောက်မိုင်အကွာ၌ ညောင်ရမ်းခေတ်လက်ရာဖြစ်သည့် ကောင်းမှုတော် စေတီလုံးကြီးကို မန္တလေး-မုံရွာ ကားလမ်း၏ မြောက်ဘက်အခြမ်းတွင် ဖူးတွေ့ကြရသည်။ တွင်းသင်း မဟာရာဇဝင်သစ် အလိုအရ ညောင်ရမ်းမင်းဆက် တတိယမြောက်ဘုရင် သာလွန်မင်း (ခရစ်နှစ် ၁၆၂၉-၁၆၄၈)သည် မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ် ကဆုန်လဆန်း ၁၅ ရက်(ခရစ်နှစ် ၁၆၃၆ ခုနှစ် ဧပြီ၈ ရက်)တွင် စစ်ကိုင်း ဖက်တင်ထိတ်အင်းအနီး၌ သီဟိုဠ်ကျွန်းမှထူပါရုံစေတီ ပုံစံအတိုင်း ရာဇမဏိစူဠာစေတီကို တည်ထားကိုးကွယ်ရန် မြေညှိခဲ့သည်။ ထိုနှစ် တော်သလင်းလပြည့်ကျော်၁ ရက်(ခရစ်နှစ် ၁၆၃၆ ခုနှစ် စက်တင်ဘာ ၄ ရက်)တွင်ဌာပနာ ထည့်သွင်းခဲ့သည်။

 

ကောင်းမှုတော်စေတီ၏ ကြက်ဥပုံသ္ဌာန် အခုံးသည်အဝန်း ၂၇၄ မီတာ(၈၉၉ ပေ)နှင့် အမြင့် ၄၆ မီတာ(၁၅၁ ပေ) ရှိသည်။ စေတီတော်၏ ပစ္စယာသုံးဆင့်တွင် အဝိုင်းပုံများ ဆင့်ထားကာ စေတီတော်ကို ငါးပေမြင့်သော ကျောက်သား တိုင် ၈၁၂ တိုင်ဖြင့် ဝိုင်းရံခဲ့သည်။ စေတီထုလုံး အောက်ပိုင်းကိုအခေါင်းပေါက် ပြုလုပ်ထားခဲ့သည်။ ကုန်းဘောင်ခေတ်တွင် မင်းတုန်းမင်းသည် ကောင်းမှုတော်စေတီတော် တောင်ဘက်မုခ်၌ လိုဏ်မုခ်တစ်ခုပြုလုပ်၍ ပဉ္စလောဟာ(ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သလွဲ ပေါင်းစပ်ထားသည့် သတ္တုစပ်) ရုပ်ပွားတော်တစ်ဆူကို ထုလုပ်ပူဇော်ထားရှိခဲ့သည်။ ကောင်းမှုတော်စေတီသို့ ရောက်ရှိလာကြသူများသည် တောင်ဘက်မုခ်မှ ဝင်ကြရသဖြင့် ယင်းရုပ်ပွားတော်ကို ဦးစွာဖူးမြင်ကြရပြီး တောင်းဆုပြည့်သည်ဟု ယုံကြည်ကြသည်။

 

စေတီတော်ကြီးကို တည်ဆောက်ခဲ့ရာတွင် အုတ်ချပ်ရေ ၁၀၁၈၆၅၅၂ ချပ်၊ မြေနီသရွတ် ၁၆၄၅၅၅ တောင်း၊ အင်္ဂတေ ၂၂၄၉၂ တောင်း အသုံးပြုခဲ့ရကြောင်း ကောင်းမှုတော်ဘုရားသမိုင်းတွင် ဖော်ပြထားသည်။ ကောင်းမှုတော်စေတီ၏ ထီးတော်ကို မြန်မာသက္ကရာဇ် ၁၀၁၁ ခုနှစ် ကဆုန်လဆန်း ၈ ရက်(ခရစ်နှစ် ၁၆၄၉ ခုနှစ် ဧပြီ ၈ ရက်) တနင်္ဂနွေနေ့တွင် သာလွန်မင်း၏သားတော် လေးထပ်ဒါယကာ ပင်းတလဲမင်း (ခရစ်နှစ် ၁၆၄၈-၁၆၆၁)က တင်လှူခဲ့သည်။ ကောင်းမှုတော်စေတီ၏ ထီးတော်သည် အဝ ၉ တောင် ၂ မိုက်၊ အမြင့် ၁၀ တောင် ၁ မိုက် ၄ သစ်ရှိကာ အလေးချိန်မှာ ၃၄၄၀ ပိဿာ ဖြစ်သည်။ ပင်းတလဲမင်းသည် ခမည်းတော်၏ ကောင်းမှုတော်စေတီတွင် အရံအဆောက်အအုံများဖြစ်သည့် စေတီရံလေး ကျောင်းနှင့် တန်ဆောင်းလေးရပ်တို့ကိုလည်း လှူဒါန်းခဲ့သည်။

 

ကောင်းမှုတော်စေတီတော် ရင်ပြင်တွင် စိုက်ထူခဲ့သည့် ကျောက်စာတွင် စေတီတော်သမိုင်းကြောင်းနှင့်တကွ စေတီတော်၏ ဝတ္တကမြေများ၊ စေတီတော်ကို စောင့်ရှောက်မည့်ကျွန်စာရင်းများကို မှတ်တမ်းတင်ထားခဲ့သည်။ ကောင်းမှုတော်စေတီကို ယခုအခါ ထုံးသင်္ကန်းများ ပြန်လည်ကပ်လှူလျက်ရှိသည်။ ကောင်းမှုတော်စေတီတော်ကို သာလွန်မင်းကြီး စတင်တည်ထားခဲ့စဉ်က မည်သည့် သင်္ကန်းတော်ကို ကပ်လှူခဲ့ကြောင်း မသိရှိရသော်လည်း ပြည်မင်း လက်ထက် (ခရစ်နှစ် ၁၆၆၁-၁၆၇၂)တွင် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခဲ့ကြောင်း တွင်းသင်းမဟာရာဇဝင်သစ်တွင် မှတ်တမ်းပြုခဲ့သည်။

 

ဇေယျပူရ

 

အင်းဝဘုရင် သတိုးမင်းဖျားလက်ထက်(ခရစ်နှစ် ၁၃၆၄-၁၃၆၈)တွင်မင်းနေပြည်တော်ကို စစ်ကိုင်းမှ အင်းဝသို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် အလောင်းဘုရား၏ သားတော်ကြီးဖြစ်သူ နောင်တော်ကြီးသည် စစ်ကိုင်းတွင် ခရစ်နှစ် ၁၇၆၀ မှ ၁၇၆၄ ခုနှစ်အထိ ပြန်လည်နန်းစိုက်ခဲ့သည်။ နောင်တော်ကြီးမင်း ကွယ်လွန်သောအခါတွင် မြို့တော်ကို အင်းဝသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ နှစ် ၅၀ ကျော်ကြာ မြန်မာတို့၏ နန်းမြို့တော်ဖြစ်ခဲ့သည့်စစ်ကိုင်းသည် ပြည်တွင်း ပြည်ပ ခရီးသည်များ လာရောက်လည်ပတ်ကြည့်ရှုလေ့ရှိကြသည့် နေရာတစ်ခုအဖြစ် ထင်ရှားခဲ့သည်မှာ နှစ်ကာလ ကြာရှည်ခဲ့ပြီဖြစ်သည်။

 

မြို့တည်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၇၀ဝ မှစ၍ ခေတ်ကာလအဆက်ဆက် တည်ရှိခဲ့သော စေတီပုထိုးများ၊ ခံတပ်များ၊ စက်ရုံများ၊ ကမ္ပည်းကျောက်စာ မော်ကွန်းများ၊ ယဉ်ကျေးမှုအဆောက်အအုံများနှင့် သူတော်စင်တို့ ကိန်းအောင်းရာ တောင်ပေါ်ချောင်များသည် စစ်ကိုင်းဒေသ၏ ထင်ရှားသော သင်္ကေတများအဖြစ် တည်ရှိနေကြသည်။ ယင်းတို့ကို ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသဖြင့်လည်း စစ်ကိုင်းခေါ် အောင်ခြင်းမြို့တော်၊ ဇေယျပူရသည် ပြည်တွင်း ပြည်ပ ခရီးသွားများအကြား၌ မြန်မာ့ယဉ်ကျေးမှု မြို့တော်တစ်ခုအဖြစ် ထင်ရှားလျက်ရှိပေသည်။ ။

 

မောင်သာ (ရှေးဟောင်းသုတေသန)