နေပြည်တော် မတ် ၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)တို့ ပူးပေါင်း၍ တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ(မြန်မာနိုင်ငံ) စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်း၏ စောင့်ကြည့်အကဲဖြတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)မှ ကိုယ်စားလှယ်များ၊ ဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ပြီး ထင်း၊ မီးသွေးကို အဓိကလောင်စာအဖြစ် သုံးစွဲလျက် ရှိရာ ကျေးလက်နှင့် မြို့ပြပြည်သူများ၏ နှစ်စဉ်ထင်းလိုအပ်ချက်မှာ ကုဗတန် ၁၇ သန်း ခန့် ရှိကြောင်း၊ ထင်းလောင်စာလိုအပ်ချက် မြင့်မားလာခြင်းသည် သစ်တောသယံဇာတ ရေရှည်တည် တံ့စေရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းရေးနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကတွေ့ကြုံရသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၁၉၉၇ ခုနှစ်မှ စတင်၍ ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင်ရေး၊ ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေး၊ သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း။

ယခုစီမံကိန်းအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center – CCC နှင့် ပူးပေါင်း၍ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး အသေးစား သန့်ရှင်းသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ်မှစတင်၍ စီမံကိန်းကာလ ၆ နှစ် သတ်မှတ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထင်းလောင်စာသုံးစွဲမှုကို လျှော့ချနိုင်ခြင်းဖြင့် သဘာဝတော ကျန်များ ထိန်းသိမ်းရေးနှင့် အပူပိုင်းဒေသရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း၊ စီမံကိန်းကာလအတွင်း ခရိုင် ၆ ခုရှိ ကျေးရွာ(၁,၁၀၉)ရွာ၊ အိမ်ထောင်စု(၂၁၈,၆၇၈)စုသို့ ထင်းလောင်စာသုံးစွဲမှု ၄၀ ရာခိုင်နှုန်း ချွေတာနိုင်သော စွမ်းအားမြှင့်မိုးဖို ၅၀၀,၀၀၀ ဖြန့်ဝေရန် လျာထားကြောင်း၊ ကျေးလက် အိမ်ထောင်စုတစ်စုသည် ဖိုခုံလောက်မီးဖိုသုံးစွဲပါက တစ်နှစ်လျှင် ထင်း(၂ ဒသမ ၅)တန်  လိုအပ် သော်လည်း စွမ်းအားမြှင့်မီးဖိုသုံးစွဲပါက ထင်း(၂ ဒသမ ၅)တန် ၏ (၄၀ ရာခိုင်နှုန်း) ဖြစ်သော ထင်း (၁)တန် လျော့နည်းသက်သာပြီး သဘာဝတော (၁ ဒသမ ၆၆) ဧက ထိန်းသိမ်းနိုင်ကြောင်း၊ စီမံကိန်းကာလအတွင်း လက်ရှိကာလအထိ စွမ်းအားမြှင့်မီးဖို ၄၃၈,၀၀၀ ကျော် ဖြန့်ဝေပြီး ဖြစ်သည့်အတွက် ကာဗွန်ထုတ်လွှတ်မှု တန် ၄၈၅,၀၀၀ ကျော် လျှော့ချနိုင်ခဲ့ကြောင်း၊ စီမံကိန်းကာလအတွင်း စောင့်ကြည့်အကဲဖြတ်ရလဒ်များအပေါ်အခြေခံ၍ ပိုမိုကောင်းမွန်သော ရလဒ်များရရှိအောင် ကြိုးပမ်း ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းအား အကောင်အထည်ဖော်  ဆောင်ရွက်နေသူများက သုတေသနစာတမ်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ခြုံငုံဆွေးနွေးကြမည်ဖြစ်သဖြင့် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး‌‌ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြသထားသော စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်သည့် သုတေသနပိုစတာများ၊ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက် ပိုစတာများ၊ ထင်းအစားအခြားလောင်စာ သုံးစွဲနိုင်သည့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ ပြသထားမှုနှင့် စွမ်းအားမြှင့်မီးဖိုများ ပြသထားမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်