ဥတ္တရသီရိ ၂၆ ဖေဖော်ဝါရီ
နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အစားအသောက်များ စားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေးနှင့် စိတ်ကျေနပ်မှု ရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက ဥတ္တရခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ဥတ္တရသီရိရပ်ကွက် (ချင်းရွာ) အတွင်းရှိ ဆေးဆိုင်များနှင့် ကုန်စုံ ဆိုင်များသို့ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ဆွေ၊ ဥတ္တရခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆေးဆိုင်များတွင် ဆေးရောင်း ချခွင့် လိုင်စင်ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ FDA ခွင့်ပြုချက်မရှိသော ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ တွဲဆေး၊ စပ်ဆေးများ ရောင်းချမှု ရှိ/မရှိနှင့် စတိုးဆိုင်နှင့် ကုန်စုံဆိုင်များတွင် စားသုံးရန် မသင့်သော ကုန်ပစ္စည်းများ၊ မှိုတက်ပျက်စီးနေသော စားသောက်ကုန်များ၊ သုံးစွဲရန်မသင့်သည့် အလှကုန်များ စသည်တို့ကို စစ်ဆေးခဲ့သည်။
ထို့နောက် သိမ်းဆည်းရမိသည့် ဆေးဝါးများ၊ စားသောက်ကုန်များနှင့် အလှကုန်များကို ဥတ္တရသီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် မီးရှို့ဖျက်ဆီးခြင်းနှင့် မြေမြုပ်ဖျက်စီးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)
