ကလျာမိုးမြင့် - ရေးသားသည်
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ဖြုတ်ချ နိုင်ဖို့အရေး ဖိအားဖြစ်လာစေဖို့အတွက် ဗင်နီဇွဲလား ရေနံကုမ္ပဏီကို အမေရိကန်က ခိုင်မာ တင်းကျပ်ကျပ်တဲ့အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်လာပါတယ်။ ရေနံဟာဆိုရင် ဗင်နီဇွဲလားနိုင်ငံရဲ့စီးပွားရေးကိုလွှမ်းမိုးတဲ့ ပင်မအသက်သွေးကြော တစ်ခုလို့ ဆိုရမှာဖြစ်ပြီး နိုင်ငံရဲ့ဝင်ငွေ အားလုံး နီးပါးကို ရေနံတင်ပို့မှုကနေ ရရှိနေတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားရဲ့ ရေနံကိုအများဆုံး ဝယ်ယူနေကြတဲ့ အဓိကဖောက်သည်တွေကတော့ အိန္ဒယနဲ့တရုတ်နိုင်ငံပြီးရင် အမေရိကန်ပါပဲ။ သို့သော်လည်း ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ ရေနံထုတ်လုပ်မှုအခြေအနေ ပြိုလဲခဲ့ရပြီး နိုင်ငံဟာ စီးပွားရေး အကျပ်အတည်းကာလထဲကို ထိုးကျခဲ့ရပါတယ်။ ဒီတော့ အရေးယူပိတ်ဆို့မှုတွေကြောင့် ဖြစ်လာ တဲ့အကျိုးသက်ရောက်မှုနဲ့ ဗင်နီဇွဲလားရဲ့ရေနံတွေကို အခုဘယ်သူတွေဝယ်ယူနေသလဲဆိုတာကို လေ့လာ ကြည့်ရပါမယ်။
ဘယ်လိုအရေးယူပိတ်ဆို့မှုတွေလဲ
အမေရိကန် ကုမ္ပဏီတွေကို ဗင်နီဇွဲလားရဲ့နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA နဲ့ လုပ်ငန်း လုပ်ကိုင်ခွင့်ကို တားမြစ်ပိတ်ပင်လိုက်ပြီး အဲဒီကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုမှာ လည်ပတ်လုပ်ကိုင်ခွင့်မပေးတော့တာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်လိုက်ခြင်းက နိုင်ငံရ တင်ပို့မှုတွေကို လုံးလုံးလျားလျား ပြတ်တောက်သွားစေတာ တော့မဟုတ်ပါဘူး။ အရေးယူပိတ်ဆို့မှုတွေဟာဆိုရင် ရေနံထုတ်လုပ်မှုဖြစ်စဉ်အတွက်လိုအပ်တဲ့ ဓာတုပစ္စည်း တွေရရှိမှုအပေါ်မှာပါ ထိခိုက်မှုရှိလာစေခဲ့ပါတယ်။
ဓာတုပစ္စည်းတင်ပို့မှုပိတ်ပင်ခံရ
နောက်တစ်ချက်က ဗင်နီဇွဲလားရဲ့ ရေနံစိမ်းဟာ မြေကြီးထဲကထွက်လာချိန်မှာ လုံးဝကို အစိုင်အခဲနီးပါး ဖြစ်တာကြောင့် ရေနံပိုက်လိုင်းကနေ မစီးဆင်းနိုင်ပါဘူး။ နက်ဖ်တာလိုမျိုး ပေါ့ပါးတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲ သွားစေမယ့် ဓာတုပစ္စည်းလိုအပ်ပြီး အဲဒီဓာတုပစ္စည်းတွေကို တင်ပို့တဲ့အမေရိကန်ကုမ္ပဏီတွေကို ပိတ်ပင် လိုက်ခြင်းကြောင့် အခက်တွေ့လာနိုင်ပါတယ်။ ဗင်နီဇွဲလား နိုင်ငံအနေနဲ့ ဒါတွေကိုလည်း တင်ပို့ရမှာဖြစ်ပြီး မကြာသေးမီနှစ်များအတွင်းက ဒီပစ္စည်းတွေဟာ အမေရိကန်ကနေ ဝင်လာတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်သုံးသပ်ပါတယ်။လတ်တလောမှာတော့ အဲဒီလစ်ဟာမှုကိုဖြည့်ဆည်းဖို့ ရုရှားကုမ္ပဏီ ဖြစ်တဲ့ ROSNEF T က အကူအညီပေးမယ်လို့ သိရပါတယ်။
ရေနံတွေ လတ်တလောဘယ်ဆီသွားနေ
လောလောဆယ်တော့ ရေနံစည်ပေါင်း ၁၀သန်းလောက်တင်ဆောင်ထားတဲ့ ရေနံတင်သင်္ဘောတွေဟာ ဗင်နီဇွဲလားကမ်းခြေမှာ ရှိနေ တယ်လို့သိရပြီး ဒါတွေဟာ မူလကအမေရိကန်ဆီသွားဖို့လုပ်ထားတဲ့ ရေနံ တွေဖြစ်ပါတယ်။သို့သော်လည်း အရေးယူပိတ်ဆို့မှုတွေရဲ့ ရလဒ်အနေနဲ့ ကမ်းခြေမှာ သောင်တင်နေပါတယ်။ ဒီတော့ ဗင်နီဇွဲလားအစိုးရအနေနဲ့က ရေနံတွေရောင်းချဖို့ နောက်ထပ်ဝယ်ယူမယ့်သူကို ရှာဖွေနေပြီး အိန္ဒယနိုင်ငံဆီ သင်္ဘောနဲ့ရေနံတင်ပို့မှုကိုနှစ်ဆတိုးပြီးတင်ပို့ချင်ကြောင်း ပြောခဲ့ပါတယ်။
ကုန်ကျစရိတ်ကြီးမြင့်နိုင်
မကြာသေးခင်တုန်းက အိန္ဒယသို့ ရေနံတင်ပို့မှုကို တိုးမြှင့်ခဲ့ပေမယ့် သိပ်ကြာကြာမခံခဲ့ဘူးလို့ KPLER က ရေနံစိမ်းကျွမ်းကျင်သူ ဆာမက်အာမက်က ပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံသို့ တင်ပို့ဖို့ကလည်း အားတက်ဖွယ်ရာ သိပ်မရှိလှသလို ဗင်နီဇွဲလားရဲ့ ရေနံထုတ်လုပ်မှုအကြီးအကျယ် ကျဆင်းနေတာနဲ့အညီ တင်ပို့မှုကလည်း ကျဆင်းနေပါတယ်။ ဗင်နီဇွဲလားက ဆိပ်ကမ်းတွေဟာ ရေနံတင်သင်္ဘောတွေရှည်လျားတဲ့ အကွာအဝေးထိသွားနိုင်ဖို့ လုံလောက်တဲ့အထိ အထူးတပ်ဆင်တည်ဆောက်ထားခြင်း မရှိတဲ့အတွက် အာရှဈေးကွက်တွေဆီ ရေနံများများရောင်းချဖို့က သယ်ယူပို့ဆောင်မှု ကုန်ကျ စရိတ် ပိုကြီးလာနိုင်ပါတယ်။
ဝယ်လိုအားတော့ရှိ
အိန္ဒယကို ရေနံပို့မယ်ဆိုရင် အတော်လေး ဈေးနှုန်းလျှော့ချပြီးဝင်ရနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အရည် အသွေးပိုင်းလည်းရှိသေးတဲ့အပြင် အရှေ့အလယ်ပိုင်းက ရေနံတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ပဲလို့ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူက ဝေဖန်သုံးသပ်လျက်ရှိပါတယ်။ သို့သော်လည်းပဲဗင်နီဇွဲလားမှာ တူးဖော်ရရှိတဲ့ ရေနံအမျိုးအစား အတွက် သေချာပေါက်ဝယ်လိုအားတော့ရှိတယ်လို့ ၎င်းကဆိုပါတယ်။
ကနေဒါနိုင်ငံမှာ ရေနံထုတ်လုပ်မှုပမာဏ လျော့နည်းနေချိန်မှာ အီရန်က ရေနံတွေအပေါ် ပိတ်ဆို့မှုတွေ လုပ်ထားတာတွေကြောင့်တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရေနံရှားပါးမှုဖြစ်နေသလို မက္ကဆီကိုနဲ့ အိုပက် အဖွဲ့ဝင်နိုင်ငံတွေမှာလည်း အကျိုးသက်ရောက်စေခဲ့ပါတယ်။
ပိတ်ဆို့မှုတွေထပ်လာဖို့ရှိ
အမေရိကန်က လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ဒီဇယ်နဲ့ ဂျက်လေယာဉ် လောင်စာ ထုတ်လုပ်ဖို့အတွက် အသုံးပြုနေတဲ့ ရေနံစိမ်းရောင်း ချမယ့်သူကို အသစ်ထပ်မံရှာဖွေဖို့ လိုအပ်လာနိုင်ပါတယ်။ ဗင်နီဇွဲလား မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ အမေရိကန်ကို ရေနံစိမ်းဝယ်ယူဖို့ ပိုပြီး ဈေးကြီး သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဒါကစီးပွားရေးရော နိုင်ငံရေးပါ အခက်အခဲဒုက္ခကျရောက်နေတဲ့ဗင်နီဇွဲလားနိုင်ငံကို အထောက်အကူမဖြစ်စေပါ ဘူး။ ဒါတောင် ပိတ်ဆို့မှုတွေက ဒါနဲ့တင်အဆုံး မသတ်ဘဲ ဆက်ဖြစ်လာဦးမယ့် သဘောရှိနေပါ သေးတယ်။
အကြိတ်အနယ်ယှဉ်ပြိုင်
နိုင်ငံအတွင်းမှာတော့ သမ္မတနဲ့ အတိုက်အခံတို့ကြား လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အထောက်အပံ့နဲ့ ပတ်သက်ပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရင်ဆိုင်မှုတွေက ဆက်လက် ဖြစ်ပွားနေပါတယ်။ အတိုက်အခံခေါင်းဆောင်က အထောက်အပံ့တွေ နိုင်ငံအတွင်းဝင်ရောက်ဖို့ တတ်စွမ်းသမျှနည်းလမ်းတွေနဲ့ ကြိုးပမ်းနေပြီး တပ်မတော်လည်း အထောက်အပံ့တွေ ဘယ်နည်းနဲ့မှ ဝင်မလာနိုင်အောင် တောက်လျှောက် ပိတ်ဆို့နေပါတယ်။ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ဒေသဆိုင်ရာ အုပ်စုတစ်ခုဖြစ်တဲ့ hLIMA GROUP နဲ့တွေ့ဆုံဖို့ ကိုလံဘီယာမြို့တော် ဘိုဂိုတာကိုတနင်္လာနေ့က သွားခဲ့ပါတယ်။
ဆုံးဖြတ်ချက်ချ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုဟာလည်း ဗင်နီဇွဲလားပဋိပက္ခကို ဆွေးနွေးရာ မှာ ပါဝင်နေပါတယ်။ ထရန့်အစိုးရအဖွဲ့ဟာ မစ္စတာဂွိုက်ဒိုကို အကြီးအကျယ် ကျောထောက်နောက်ခံပေးနေတဲ့သူအဖြစ်နဲ့ ပြီးခဲ့တဲ့လ ကတည်းက ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ မစ္စတာ ဂွိုက်ဒိုက စနေနေ့ကဖြစ်ပွားတဲ့ ရုန်းရင်း ဆန်ခတ်မှု တွေအပြီးမှာ ဖြစ်နိုင်သမျှနည်းလမ်း တွေအားလုံး စားပွဲပေါ်ရောက်လာစေဖို့ ၎င်းအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုတောင်းဆိုဖို့ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နည်းလမ်းတွေကတော့ သိပ်မကျန်တော့ဘူး။လတ်တလောဖြစ်နေတဲ့ ရန်လိုနေတာတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ဆိုတာ သိပ်ခက်တဲ့ကိစ္စပဲလို့ ကရာကတ်စ် မှ ပါမောက္ခ တစ်ဦးဖြစ်တဲ့မာဂါရီတာလိုပက်ဇ် မေရာ ကပြောပါတယ်။
ဗင်နီဇွဲလားပြည်သူတွေက ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြစ်လာနိုင်မလားဆိုတဲ့အပေါ် လောင်းကြေးထပ်နေ ကြရပေမယ့် မာဒူရိုအစိုးရ အဖွဲ့ကတော့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့မဖြစ်နိုင်တော့လောက်တဲ့အထိ ခက်ခဲသွား အောင်လုပ်လိုက်တယ်။ပြည်သူတွေကို သူတို့မငဲ့ဘူး။ ပြည်သူတွေအပေါ် ရက်စက်ရာ ရောက်နေတယ်၊ ဖိနှိပ်ရာရောက်နေတယ်ဆိုတာလည်း ဂရုမစိုက်ဘူး။ ဒီအတွက် သူတို့ ပြန်ခံစားရလိမ့်မယ်လို့ ၎င်းက ပြောခဲ့ပါတယ်။
သို့သော်လည်း နိုင်ငံရေးအချေအတင်ဖြစ်နေတဲ့ နှစ်ဖက်စလုံးက ပြည်သူတွေကတော့စစ်ရေးအရကြားဝင်စွက် ဖက်တာကို မလိုလား တာအမှန်ပါပဲ။ ။
ကိုးကား - အေအက်ဖ်ပီ၊ ဘီဘီစီ