နေပြည်တော် ၂၇ ဖေဖော်ဝါရီ
ပြည်သူများအနေဖြင့် သဘာဝဘေးကို နှစ်စဉ် တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့ကြရသည်။ လတ်တလောတွင် ဆောင်းအကုန် နွေအကူး ဖြစ်ပေါ် တတ်သော သဘာဝဖြစ်စဉ်မှာ ဒေသအချို့တွင်ဖြစ်ပေါ်ခဲ့သည်။ များသော အားဖြင့် မိုးသက်မုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်အချို့ရှိသည်။ မည်သည့် သဘာဝဘေးအန္တရာယ် ဖြစ်စေ လက်တွဲညီညီ ကြိုတင်ပြင်ဆင်စီမံ၍ ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့ရသည်။ အထူးသဖြင့် ရေကြီးရေလျှံမှု အန္တရာယ်ကို အနည်းနှင့်အများဆိုသလို ကြုံတွေ့ရသည်။ မှတ်မှတ်သားသားဆိုရလျှင် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးနောက်ပိုင်းတွင် သဘာဝဘေးအမျိုးမျိုးမှာ တစ်နှစ်တစ်မျိုး ပုံမှန်ကဲ့သို့ဖြစ်လာသည်။ သဘာဝဘေးအန္တရာယ်များသည်ပုံမှန်ကဲ့သို့ သက်ရောက်မှုရှိလာသဖြင့် စုပေါင်းအင်အားဖြင့် တုံ့ပြန်ဆောင်ရွက် ကြရန် တာဝန်ရှိပေသည်။
သဘာဝဘေးဖြစ်ပွားရသည့် အကြောင်းရင်းများတွင် ရာသီဥတုပြောင်းလဲလာမှု၊ ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ လူတို့နေထိုင်မှုပုံစံများ တိုးတက်ပြောင်းလဲလာမှုတို့ကြောင့်ဖြစ်ပြီး အဓိကမှာ သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းမှုကြောင့် ဖြစ်လာရသည်မှာ သေချာသည်။ ထို့ကြောင့်သဘာဝဘေးလျော့နည်းကျဆင်းရေးအတွက် သဘာဝပတ်ဝန်းကျင်ကိုဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြပြီး သဘာဝဘေးနှင့်ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီး ကော်မတီ၏ လမ်းညွှန်မှုဖြင့် သဘာဝ ဘေးအမျိုးအစားအလိုက်၊ ကဏ္ဍအလိုက်၊ အဆင့်အလိုက်၊ ပြင်းအား အလိုက် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများက စီမံဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးဖြစ်ပေါ်လာမှု အခြေ အနေအလိုက် စီမံခန့်ခွဲမှု၊ ရှာဖွေကယ်ဆယ်မှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ဆက်သွယ်ဆောင်ရွက်မှုစသည်တို့ကို ကျွမ်းကျင်သူများ၊ သက်ဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများပါ ပူးပေါင်းညှိနှိုင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ကြရမည်။
သဘာဝဘေးအ္တရာယ်ကို တုံ့ပြန်ဆောင်ရွက်ရာတွင် ယခင်အတွေ့အကြုံများအပေါ် သင်ခန်းစာယူဆောင်ရွက် ခြင်းဖြင့် ပိုမိုကောင်းမွန်သော တုံ့ပြန်မှုများ လိုအပ်သည်။ အနီးစပ်ဆုံးအနေဖြင့် ယမန်နှစ် ရေဘေးဖြစ်ပွား ရသည့်အခြေအနေများနှင့် ယခုနှစ်ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက မထင်မှတ်ထားသော ရုတ်တရက်ဖြစ်စဉ်များနှင့်ကြုံတွေ့ခဲ့ရသော်လည်း အရေးပေါ်ချက်ချင်း အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်သည့် ကောင်းမွန်သော ဆောင်ရွက်ချက်များကို တွေ့ရ သည်။ ယင်းအပေါ်တွင်အခြေခံ၍ အလားတူဖြစ်စဉ်မျိုးကြုံတွေ့ပါက ပိုမိုကောင်းမွန်သည့် တုံ့ပြန်မှုမျိုးရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံအတွင်း စုစည်းညီညွတ်မှုအင်အားများဖြစ်သည့် အဖွဲ့အစည်း များ၊ ပြည်သူများ ညီညီညွတ်ညွတ် လက်တွဲပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်မည်ဖြစ်သည်။ ပေါ်ထွက် လာသည့် ညီညွတ်မှုအင်အားကို ဆက်လက်ထိန်းသိမ်းထား၍ နောင်ကာလများအတွက် ကြိုတင်စုဖွဲ့ထားခြင်း၊ ချိတ်ဆက်ရမည့် ဆက်သွယ်ရေး လမ်းကြောင်းများ ထူထောင်ထားရှိခြင်း၊ လုပ်ငန်းတာဝန်များခွဲဝေ သတ်မှတ်ထားရှိခြင်း၊ စီမံချက်များရေးဆွဲပြီး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကိန်းဂဏန်းအချက်အလက်များ ကောက်ယူခြင်းနှင့် အရေးပေါ်ရန်ပုံငွေများ စနစ်တကျသုံးစွဲခြင်းတို့ကို စီစဉ်ထားရှိခြင်းဖြင့် သဘာဝဘေးကို တုံ့ပြန်ကျော်လွှားရမည်ဖြစ်သည်။
သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရနိုင်သော ဘေးအန္တရာယ်ဖြစ်သည်။ ယခုအခါ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သဘာဝဘေးအ္တရာယ်နှင့်ပတ်သက်၍ အဓိက အလေးအနက်ထား လိုက်နာဆောင်ရွက်ရမည့် အချက် ၁၀ ချက်ကိုချမှတ်ပေးထားပြီးဖြစ်၍ သဘာဝဘေး မဖြစ်မီ၊ ဖြစ်စဉ်၊ ဖြစ်ပြီးကာလများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာရှင်လူမှုရေးအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ညီလက်ညီ ပူးပေါင်းလက်တွဲ၍ ကြုံတွေ့လာမည့်သဘာဝဘေး တစ်မျိုးမဟုတ် တစ်မျိုးမျိုးကို ရင်ဆိုင်တုံ့ပြန်ကျော်လွှားနိုင်ရန် တိုက်တွန်းအပ်ပါသည်။
ကြေးမုံ