(ယခင်အပတ်မှအဆက်)

အယ်လ်နီညိုနှင့် ကျန်းမာရေး
အယ်လ်နီညို ရာသီဥတုကြောင့် ပြင်းထန်သောအပူရှိန်ကို ခံစားကြရသည့်အခါ ရေများများသောက်ခြင်း၊ ဓာတ်ဆားရည် သောက်သုံးခြင်း၊ အချိုရည်အမျိုးမျိုး သောက်သုံးခြင်း၊ ဖျော်ရည်အမျိုးမျိုး သောက်သုံးခြင်း၊ အရည်ရွှမ်းသော အသီးအနှံများကို စားသုံးခြင်း၊ သီးစုံချဉ်ရည်ဟင်း ချက်ပြုတ်သုံးဆောင်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ကြသလို ပူလွန်းသောအရည်များ သောက်ခြင်း၊ စပ်သောဟင်းလျာများ ချက်ပြုတ်စားသောက်ခြင်း၊ အပူစာများ စားသုံးခြင်းနှင့် အရက်သေစာ သောက်စားခြင်း စသည်တို့ကိုမူ လုံးဝရှောင်ရှားကြရမည် ဖြစ်သည်။

ပြည်သူ့ဆေးရုံကြီးများ၊ ဆေးခန်းများ၊ ဒေသ္တရ ကျန်းမာရေးဌာနများ၊ ကျေးရွာဆေးပေးခန်းများ စသည်တို့၌လည်း အပူဒဏ် လွန်ကဲမှုကြောင့် ဖြစ်ပွားတတ်သော ရောဂါဝေဒနာအမျိုးမျိုးကို ကုသပေးနိုင်မည့် ဆေးဝန်ထမ်းများ၊ ဆေးဝါးများ၊ အထောက်အကူပြုပစ္စည်းများနှင့် လျင်မြန်စွာ ကယ်တင်ကုသနိုင်မည့် ကုထုံးများ စသည်တို့ကို အရန်သင့်ထားရှိပေးရန် လိုအပ်သလို ကုသရမည့် ကုထုံးအဆင့်ဆင့်ကိုလည်း အများပြည်သူသိရှိအောင် ထင်သာမြင်သာ နံရံကပ်ပိုစတာများ ကပ်ထား ပေးခြင်းဖြင့် အသိပညာပေးရမည်ဖြစ်သည်။

အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များ၊ တိုက်တွန်းချက်များနှင့် အကြံပြုချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက်လည်း မီဒီယာများကိုအသုံးချခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြော်ငြာဆိုင်းဘုတ်ကြီးများ စိုက်ထူခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သော လေဆိပ်၊ သင်္ဘောဆိပ်၊ ကားဂိတ်နှင့် ဘူတာရုံများ၌ ကျန်းမာရေးပညာ ပေးပိုစတာများ ကပ်ထားခြင်း၊ ရုပ်ရှင်ရုံများ၌ ရုပ်ရှင်မပြသမီ ဆလိုက်ဖြင့် ကြေညာအသိပေးခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား တို့မှတစ်ဆင့် နှိုးဆော်တိုက်တွန်းခြင်း၊ လူမှုကွန်ရက် စာမျက်နှာများမှ ဖြန့်ဝေအသိပေးခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြရမည် ဖြစ်သည်။

အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာသော အပူချိန် အဆမတန် မြင့်တက်ခြင်းသည် ရောဂါပိုးကိုသယ်ဆောင်သည့် ခြင်မျိုးစိတ်များကို ပိုမိုပေါက်ပွားလာစေပြီး ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ ဇီကာဗိုင်းရပ်စ်ကူးစက်ရောဂါ စသော ရောဂါဆိုးများ ဖြစ်ပွားမှုကို ပိုမိုမြင့်တက်လာ စေနိုင်သည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့်ဖြစ်သော မိုးခေါင်ရေရှားမှုဒဏ်ကြောင့် သောက်ရေ သုံးရေ အခက်အခဲများနှင့် ကြုံတွေ့ကြရဖွယ် ရှိနေသည့်အတွက် မသန့်ရှင်းသောရေကို သောက်သုံးမိရာမှ ဆက်စပ်ဖြစ်ပွားလာနိုင်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါများကို ခံစားကြရနိုင်သလို အရေပြားဆိုင်ရာ ကူးစက်ရောဂါများကိုလည်း ခံစားကြရနိုင်သည်။

သို့ဖြစ်၍ အယ်လ်နီညိုကြောင့် ဆက်စပ်ဖြစ်ပွားလာနိုင်သော ကူးစက်ရောဂါအမျိုးမျိုးတို့ကို ထိထိရောက်ရောက် ကြိုတင်ကာကွယ်နိုင်မည့် အစီအမံများ အားလုံးကိုလည်း စနစ်တကျ ပူးပေါင်းလုပ်ဆောင်ကြရမည် ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ကြရာတွင် အစိုးရပိုင်းအနေဖြင့်သာ လုပ်ဆောင်၍မရဘဲ ပြည်သူလူထု အားလုံးတို့ကလည်း အသိတရားရှိရှိဖြင့် ဝိုင်းဝန်းကူညီကာ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်သည်။

အပူချိန်မြင့်တက်မှုနှင့် မီးဘေးအ္တရာယ်
အလားတူပင် အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာသည့် အပူချိန်မြင့်တက်မှုသည်မီးလောင်ကျွမ်းမှုကို လွယ်လင့်တကူ ဖြစ်ပွားစေနိုင် သည်ကိုလည်း သတိပြုကြရမည် ဖြစ်သည်။ သို့ဖြစ်၍ အမှိုက်မီးရှို့ခြင်း၊ ပူပြင်းသောအချိန်၌ ဓာတ်ဆီကို အသုံးပြုခြင်းနှင့် ဓာတ်ဆီပုံးများ လဲလှယ်ခြင်း၊ လျှပ်စစ်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ်အသုံးပြုမှုမရှိခြင်း၊ မီးကိုပေါ့ဆစွာသုံးစွဲခြင်း၊ ဓာတ်ငွေ့ သုံးမီးဖိုနှင့် ဆက်စပ်ပစ္စည်းများကိုလဲလှယ်မှုမရှိဘဲ ကာလကြာရှည်စွာ အသုံးပြုခြင်း၊ သဘာဝဓာတ်ငွေ့သုံးယာဉ်များ၌ ကြံ့ခိုင်မှု အားနည်းသော ဓာတ်ငွေ့အိုးနှင့် ဆက်စပ်ပစ္စည်းများ၊ အရည်အသွေး စံမမီသော ဓာတ်ငွေ့အိုးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင် သုံးစွဲထားခြင်း စသည်တို့ကိုရှောင်ကြဉ်ကြရန်လည်း အထူးလိုအပ်မည် ဖြစ်သည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်မှုသည် တောမီးလောင်ကျွမ်းမှုကိုပါ ဖြစ်ပေါ်စေနိုင်သည့်အတွက် တောင်ယာ မီးရှို့ခြင်း၊ တောထဲ၌ မီးြွကင်းမီးကျန်ထားခဲ့ခြင်း၊ အမဲလိုက်သူများအနေဖြင့် တောချောက်ရန် မီးရှို့ခြင်း၊ တောတွင်း၌ တစ်ဦးနှင့် တစ်ဦး မီးခိုးဖြင့်အချက်ပြခြင်း၊ တောထဲ၌ မီးတုတ်ထွန်းညှိပြီး အိပ်စက ခြင်းစသည့် အပြုအမူများကိုလည်း အသိတရားရှိရှိဖြင့် လုံးဝရှောင်ရှားကြရမည် ဖြစ်သည်။

ဤနေရာတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြို့ပြလူနေဒေသများတွင် မီးလောင်ကျွမ်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သတိပေး ပြောကြားချက် အချို့ကြောင့် လူအများက စိုးရိမ်ထိတ်လန့်မှုများ ခံစားကြရခြင်းနှင့် ပတ်သက်၍ မီးလောင်ကျွမ်းရခြင်း၏ အခြေခံသဘောကို သိရှိထားကြရန် လိုအပ်မည်ဖြစ်သည်။ မည်သည့်အကြောင်းကြောင့် မီးလောင်သည်ဖြစ်စေ မီးလောင်ခြင်းဟူသော အကျိုးတရားသည် မီးပွင့် သို့မဟုတ် မီးပွား သို့မဟုတ် မီးတောက် စသော လောင်မြိုက်နေသည့်အရာနှင့် မီးလောင်လွယ်သော သို့တည်းမဟုတ် မီးလောင်ခြင်းကိုအားပေးသော ဝတ္ထုပစ္စည်း သို့မဟုတ် ဓာတ်ငွေ့ သို့မဟုတ် အရည်တစ်မျိုးမျိုးတို့ ထိတွေ့ပေါင်းဆုံသွားခြင်းဟူသော အကြောင်းတရားကြောင့်သာလျှင် ဖြစ်သည်။

သို့ဖြစ်၍ လောင်စာမည်မျှရှိနေသည်ဖြစ်စေ မီးပွင့်စေသော၊ မီးပွားထွက်စေသော၊ မီးတောက်စေသော အရင်းအမြစ်တစ်ခုခု မရှိသေးသမျှ မီးလောင်မှုတစ်ခု ဖြစ်လာမည်မဟုတ်ပေ။ အပြန်အလှန်အားဖြင့်လည်း မီးပွင့်၊ မီးပွား၊ မီးတောက်တို့ မည်သို့ဖြစ်ပေါ်နေစေကာမူ မီးလောင်ကျွမ်းနိုင်သော လောင်စာ တစ်စုံတစ်ရာ မရှိပါက မီးလောင်ကျွမ်းမှု ဖြစ်ပေါ်မည်မဟုတ်ပေ။

အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့ရသည့်အခါ ပူပြင်းခြောက်သွေ့မှု လွန်ကဲခြင်းကြောင့် ဝတ္ထုပစ္စည်းမှန်သမျှတို့သည် ယင်းတို့ထဲ၌ ရှိနေသော ရေငွေ့များကို လေထုထဲသို့ စွန့်ထုတ်လိုက်ကြရသည်။ ယုတ်စွအဆုံး မြေမျက်နှာပြင် အပေါ်ယံလွှာသည်လည်း ရေနှင့်ရေငွေ့များကို အငွေ့ပျံစေခြင်းဖြင့် စွန့်ထုတ်လိုက်ကြရပြီး ခြောက်သွေ့သော မြေသားအပေါ်ယံလွှာ ဖြစ်လာရသည်။ ဝတ္ထုပစ္စည်းတို့သည် ရေငွေ့ပါဝင်နှုန်း လျော့ကျသွားသည့်အခါ သို့တည်းမဟုတ် ရေငွေ့ပါဝင်မှု မရှိတော့သည့်အခါ မီးပွင့်၊ မီးပွား၊ မီးတောက် စသည်တို့နှင့် ထိတွေ့မိပါက မီးလောင်ကျွမ်းမှုကို လွယ်လင့်တကူဖြစ်ပေါ်စေမည်သာ ဖြစ်သည်။

အယ်လ်နီညို၏ လက်တွေ့ဆိုးကျိုးများ
က္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ငါးနှစ်တာကာလသည် အပူဆုံးသောကာလဖြစ်သလို ထိုကာလထဲမှာပင် ၂၀၁၅ ခုနှစ်သည် အပူဆုံးနှစ်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။ ၂၀၁၅ ခုနှစ်အတွင်းက အိန ́ိယ နိုင်ငံ၌ ကြုံတွေ့ခဲ့ရသည့် အပူလှိုင်းဖြတ်သန်းမှုကြောင့် အပူချိန် ၄၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ကာ လူပေါင်း နှစ်ထောင်ကျော် အသက်ဆုံးရှုံးခဲ့ကြရသည်။ အလားတူပင် ပါကစ္စတန်နိုင်ငံတွင်လည်း အပူလှိုင်း၏ဒဏ်ကြောင့် လူပေါင်း ၁၄၀ဝ ကျော် အသက်ဆုံးရှုံးခဲ့ကြရသည်။

အရှေ့အလယ်ပိုင်းဒေသ၌လည်း အပူချိန်များ စံချိန်သစ်တင် မြင့်တက်ခဲ့သလို ထိုဒေသနှင့်နီးကပ်သည့် အာဖရိကမြောက်ပိုင်းနှင့် ဥရောပနိုင်ငံ အချို့တွင်လည်း အပူဒဏ်ကို သိသာစွာ ခံစားခဲ့ကြရသည်။ ၂၀၁၅ ခုနှစ်၏ အပူချိန် စံချိန်သစ်တင်သော သာဓကအချို့အဖြစ် အီရန်နိုင်ငံ၌ ၄၆ ဒီဂရီ စင်တီဂရိတ်အထိ၊ ဂျော်ဒန်နိုင်ငံ၌ ၄၇ ဒီဂရီ စင်တီဂရိတ်အထိနှင့် အီဂျစ်နိုင်ငံ၌ ၄၇ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်ကို တွေ့ရှိနိုင်သည်။

အယ်လ်နီညို၏ ပျမ်းမျှသက်တမ်းသည် ကိုးလဖြစ်ပြီး အများဆုံးအားဖြင့် ၂၁ လ အထိ ကြာမြင့်တတ်ကြောင်း လေ့လာတွေ့ရှိ ရသည်။ ၁၉၈၂ -၁၉၈၃ အယ်လ်နီညိုနှစ်သည် ၁၅ လကြာမြင့်ခဲ့ပြီး ၁၉၉၇-၁၉၉၈ အယ်လ်နီညိုနှစ်မှာ ၁၄ လကြာမြင့်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆ အယ်လ်နီညိုနှစ်မှာမူ ၁၉ လခန့်အထိကြာမြင့်ခဲ့သည်။
လက်လှမ်းမီသမျှသော က္ဘာ့ရာ သီဥတု သမိုင်းစဉ်တစ်လျှောက်တွင် ဖော်ပြပါ ၁၉၈၂ - ၁၉၈၃ အယ်လ်နီညိုနှစ်၊ ၁၉၉၇ - ၁၉၉၈ အယ်လ်နီညိုနှစ်နှင့် ၂၀၁၅-၂၀၁၆ အယ်လ်နီညိုနှစ်များသည် အပြင်းထန်ဆုံးသော အယ်လ်နီညိုသက်ရောက်မှု နှစ်ကာလများ ဖြစ်ခဲ့သည်။ အယ်လ်နီညိုဖြစ်ပေါ်သော နှစ်ကာလအတွင်း၌ အမြင့်ဆုံးသော အယ်လ်နီညိုအခြေအနေကို နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင်တွေ့ရှိရသည်။

အစွန်းရောက်ရာ သီဥတုဖြစ်သော အယ်လ်နီညိုကြောင့် ဒေသအချို့တွင် မိုးရွာ သွန်းမှုပုံစံများ ပြောင်းလဲသွားခဲ့သည်။ တရုတ်နိုင်ငံတွင် သည်းထန်စွာမိုးရွာသွန်းမှုအကြိမ်ပေါင်းများစွာရှိခဲ့ပြီး ရေကြီးရေလျှံဖြစ်ပွားမှုများကြောင့် ပြည်သူ ၇၅ သန်းတို့ အတိဒုက္ခရောက်ခဲ့ကြရသည်။ ထို့အတူ ပါကစ္စတန်နိုင်ငံတွင်လည်း တစ်ရက်တည်း၌ ရွာသွန်းသော မိုးရေချိန်သည် ယခင်က တစ်နှစ်ပတ်လုံးရွာသွန်းသည့် မိုးရေချိန်ကိုပင် ကျော်လွန်သွားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၀ အယ်လ်နီညိုနှစ်က မြင်းမူမြို့၌ အပူချိန် ၄၇ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့သလို အခြားမြို့ကြီးအချို့၌ လည်း အပူချိန် ၄၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်။ အဆိုပါ အယ်လ်နီညိုနှစ်က အပူချိန်မြင့်မားသည့်ဒဏ်ကို ခံစားရသောဝေဒနာရှင် ၆၀ဝ ကျော် ရှိခဲ့သည့်အနက် ၂၅ ရာခိုင်နှုန်းခန့်မှာ အသက်ဆုံးရှုံးခဲ့ကြရသည်။

ကောင်းဆုံး ရင်ဆိုင်ကြရမည်
ဤသည်ကို သင်ခန်းစာရယူကြလျက် အနာဂတ်တွင် အယ်လ်နီညိုဖြစ်ပေါ်သော နှစ်ကာလနှင့် ကြုံကြိုက်လာရပါက ပြည်သူလူထုအတွင်း၌ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသော ကဏ္ဍအသီးသီးတွင် ထိခိုက်နစ်နာဆုံးရှုံးရမှုများ နည်းနိုင်သမျှ နည်းအောင် ကြိုးပမ်းလုပ်ဆောင်သွားကြခြင်းဖြင့် အယ်လ်နီညိုကို အကောင်းဆုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။

ထို့ပြင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သော ၂၁ ကြိမ်မြောက် Conference of Partie ကမ္ဘာ့ညီလာခံကြီးတွင် ၂၀၂၀ ပြည့်နှစ်မှစတင်၍ က္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်လာမှုကို နှစ်ဒီဂရီ စင်တီဂရိတ်အောက် လျှော့ချရန်နှင့် ထိုမှတစ်ဆင့် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ ကန့်သတ်လျှော့ချရန်ဟူသော သဘောတူညီချက်ကို ရေးဆွဲပြီးဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် အယ်လ်နီညိုရာသီဥတုကို ရင်ဆိုင်ကြုံတွေ့ကြရနိုင်သည့် အီကွေတာရပ်ဝန်းနိုင်ငံများ အားလုံးတို့အနေဖြင့် အဆိုပါ သဘောတူညီချက်အတိုင်း အင်တိုက်အားတိုက်ဖြင့် စွမ်းစွမ်းတမံ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပေသည်။    ။