နေပြည်တော် မေ ၁၀

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိ လိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည် ဖြစ်ကြောင်း၊ ထို့အတူ ပြည်သူများကို ဝန်ဆောင်မှုပေးရာ၌ အဂတိ ကင်းရှင်းစွာ ဆောင်ရွက်ပေးခြင်းအားဖြင့် ဝန်ထမ်းများအပေါ် ပြည်သူ များက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများ၏ ပုံရိပ်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ သို့မှသာ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်း များဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

 

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့်တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် အသိပညာပေးကဏ္ဍနှင့် တားဆီး ကာကွယ်ရေးကဏ္ဍတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူခံရပါက စွပ်စွဲခံရသည့်ပုဂ္ဂိုလ်၊ ဌာနနှင့်နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့်အပြင် နိုင်ငံတော်မှ လေ့ကျင့်ပျိုးထောင်ထားသည့် အတွေ့အကြုံရှိသူများ ပြုန်းတီးသဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ထိခိုက်စေကြောင်း၊ သို့ဖြစ်၍ အစိုးရဌာနများဖြစ်သည့် အများပြည်သူဆိုင်ရာကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အများပြည်သူ ဝန်ဆောင်မှုပေးရာ၌ ဖြောင့်မတ်တည်ကြည်မှုရှိစွာ၊ ဘက်လိုက်ခြင်းကင်းစွာ၊ တာဝန်ယူ၊ တာဝန်ခံ မှုရှိစွာဖြင့် ဝန်ဆောင်မှုပေးကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာသူများက အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် အဂတိလိုက်စားမှုအပေါ် အရေးယူဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် ပတ်သက်၍ သိလိုသည် များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မရှင်ဥက္ကဋ္ဌတို့သည် ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌တွေ့ဆုံပြီး ကော်မရှင်ဥက္ကဋ္ဌ က အမှာစကားပြောကြားသည်။

 

တွေ့ဆုံစဉ် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)များ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သုံးသပ်တင်ပြပြီး ပြည်နယ်အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ကော်မရှင်ဥက္ကဋ္ဌက တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာ တွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြ ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)