နေပြည်တော်၊ မေ ၁၂
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)သို့ ရောက်ရှိစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက သင်တန်းကျောင်း၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ၊ မော်တော်ယာဉ်များကို ပြုပြင်ထိန်းသိမ်းမည့် အချိန်ဇယားရေးဆွဲ၍ စဉ်ဆက်မပြတ် စစ်ဆေးပြုပြင်ရန်၊ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် ပါဝင်သည့် စက်ပစ္စည်းအားလုံး၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် စက်ကိုင်တွယ် ထိန်းသိမ်းမောင်းနှင်မှု လမ်းညွှန်တို့နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ စနစ်တကျ လွှဲပြောင်းလက်ခံရယူသွားရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျုံကျန်းကောလိပ်မှ နည်းပြ ဆရာ/ဆရာမများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် အမှတ် (၂) စက်မှုသင်တန်းကျောင်းသို့ လာရောက်၍ နည်းပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်၍ အခြားစက်မှု သင်တန်းကျောင်းများမှ နည်းပြဆရာ/ ဆရာမများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက် ထားရန်၊ မော်တော်ယာဉ်နှင့် လယ်ယာသုံးထွန်စက် ပြုပြင်ထိန်းသိမ်းရေး ဘာသာရပ်အတွက် လိုအပ်သော သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်းမှရယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ မီးငြိမ်းသတ်ရေးစနစ်အား အသုံးချနိုင်ရေး အတွက် လက်တွေ့စမ်းသပ် မောင်းနှင်နိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းကျောင်းစာကြည့်တိုက်၊ သင်တန်းကျောင်း၏ မှတ်တမ်း ထိန်းသိမ်းထားရှိမှု၊ အထည်ချုပ်သင်တန်း ဖွင့်လှစ်မည့် သင်တန်းခန်းမ၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အလုပ်ရုံများရှိ စက်ပစ္စည်းများ တပ်ဆင်ထားမှု အခြေအနေများနှင့် သင်ကြားရေးသုံး မော်တော်ယာဉ်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး)ရှိ နည်းပြဆရာ/ဆရာမများနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ဝတ်ဆင်ရေးအတွက် ဝါမှဝါဂွမ်း၊ ချည်များ ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ လိုအပ်ချက်များ၊ အခက်အခဲများကိုလည်း သိရှိအောင်ဆောင်ရွက်၍ ဝိုင်းဝန်းကူညီပံ့ပိုးပေးရန်၊ စက်မှုကဏ္ဍအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများကို ပိုမိုမွေးထုတ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ဝင်ရောက် လုပ်ကိုင်နိုင်သည့်အဆင့်အထိရောက်အောင် လေ့ကျင့်သင်ကြားပေးရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
