နေပြည်တော် ဇွန် ၁

ပြည်သူ့ဆေးရုံကြီး (ပဲခူးမြို့) အောင်သုခ (၄) ထပ် ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဒေါ်နီနီ၊ အောင်သုခယောဂီဟောင်း ဒေါက်တာမိုးကျော်သူ (MD- Rain Forest Co,. Ltd) အောင်သုခယောဂီများ ကိုယ်စား ဦးမြင့်သိန်းနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က အောင်သုခ (၄) ထပ် ဆေးကုသဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦသစ်တွင် ပါဝင်သော အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ကျောက်ကပ်သွေးသန့်စင် ကုသရေးဌာန၊ သီးသန့်လူနာခန်းများ၊ သံဃာဆေးကုသဆောင်များကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားကာ အလှုရှင်များကိုယ်စား ဒေါက်တာမိုးကျော်သူ (MD- Rain Forest Co,.Ltd) က “အောင်သုခ (၄) ထပ် ဆေးကုသဆောင်” ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အလှူရှင်များကိုယ်စား အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဒေါ်နီနီ က “အောင်သုခ (၄) ထပ် ဆေးကုသဆောင်သစ်” လှူဒါန်းမှု မှတ်တမ်းကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ ပေးအပ်ခြင်းနှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း၊ အောင်သုခ ဆေးကုသဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြည်သူ့ဆေးရုံကြီး (ပဲခူးမြို့) ဆေးရုံအုပ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် မြို့မိမြို့ဖ ဦးမောင်ဝင်းက ကျေးဇူးတင်စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ 
အောင်သုခ (၄) ထပ် ဆေးကုသဆောင်သစ်သည် ( ၉၉၄၀ စတုရန်းပေ) အကျယ် အဝန်းရှိပြီး ကောင်းမွန်ခိုင်ခံ့သော Structure များဖြင့် တည်ဆောက်ထားကာ မြေညီထပ်တွင် အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ အစည်းအဝေးခန်းမ၊ ပထမထပ်၌ ကျောက်ကပ်သန့်စင် ဆေးကုသဌာန၊ ဒုတိယထပ်၌ အခပေးလူနာခန်းများနှင့် တတိယထပ်၌ သံဃာတော်များအတွက် ဆေးကုသဆောင်တို့ ပါဝင်သည်။ ငွေကျပ် ၅၂၉၉ ဒသမ ၉၁၄၈၃ သန်း တန်ဖိုးရှိပြီး ကျောက်ကပ်သွေးသန့်စင်စက် (၅) လုံးအပါအဝင် အခြားဆေးရုံသုံး ပစ္စည်းများလည်း လှူဒါန်းထားရှိကာ ကျန်းမာရေး ဝန်ကြီးဌာနမှလည်း ကျောက်ကပ်ဆေးစက်နှင့် တွဲဖက်အသုံးပြုရမည့် ရေသန့်စင်စက်၊ 200 KVA Generator ၊ 500 KVA Transformer နှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့သဖြင့် နာတာရှည်ကျောက်ကပ်ဝေဒနာရှင် ပြည်သူများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့်အပြင် ရဟန်းရှင်လူ ပြည်သူများ သက်တောင့်သက်သာ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုများ ခံယူနိုင်ကြမည်ဖြစ်သည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြည်သူ့ဆေးရုံကြီး (ပဲခူးမြို့) ၌ ဆောင်ရွက်လျက်ရှိသည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသပေးမှု အခြေအနေကို သွားရောက်ကြည့်ရှု၍ ခွဲစိတ်ကုသမှုခံယူသည့် ကလေးများကို အလှူငွေများ ထောက်ပံ့လှူဒါန်းကြသည်။ 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင် အအေးခန်း (ပဲခူး) ၃ ထပ် အဆောက်အဦ (အသစ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က “ ပဲခူး Sub- Depot (၃) ထပ်ဆောင် အဆောက်အဦသစ်” ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်း ကြေးပြားကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြကာ အဆောက်အဦသစ်တွင် ပါဝင်သော အအေးခန်းများ၊ ဆေးထိုးအပ်နှင့် ဆက်စပ်ပစ္စည်းများ ထားရှိရာအခန်းနှင့် ရုံးခန်းတို့ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။ 
ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားကာ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ 
အဆောက်အဦသစ်တွင် ကာကွယ်ဆေးများ သိုလှောင်ထားရှိရန်အတွက် Walk In Cooler အအေးခန်း (၁) လုံးနှင့် Walk In Freezer အအေးခန်း (၁) လုံး၊ ဆေးထိုးအပ်နှင့် ဆက်စပ်ပစ္စည်းများ ထားရှိရာ (Dry Store) အခန်း၊ ရုံးခန်းများ၊ အစည်းအဝေးခန်းများ၊ သင်တန်းခန်းမ (၁) ခု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်များနှင့် 45 KVA Back-up Generator မီးစက် (၁) လုံး၊ ဂါလန် (၁၅၀၀) ဆံ့ရေကန်တို့ပါရှိပြီး စုစုပေါင်းတန်ဖိုးငွေ အမေရိကန် ဒေါ်လာ (၃၃၆,၀၀၀) အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သတင်းစဉ်