ကုလသမဂ္ဂ၊ ဇွန် ၁၆

ကမ္ဘာတစ်ဝန်း၌ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်သည် ၂၀၂၃ ခုနှစ်အကုန်တွင် သန်း ၁၂၀ နီးပါး စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောကြားသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးက ဇွန် ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်များနေ့မတိုင်မီ အစီရင်ခံစာတစ်စောင်ကို ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အစီရင်ခံစာတွင် ပဋိပက္ခဖြစ်ပွားမှုများ၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကဲ့သို့သော အကြောင်းရင်းများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ သူများ၏ စာရင်းဇယားများ ပါဝင်သည်။

၂၀၂၃ ခုနှစ်ကုန်တွင် ခန့်မှန်းခြေ ပြည်သူ ၁၁၇ ဒသမ ၃ သန်းသည် အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲဖြစ်ပြီး ၂၀၂၂ ခုနှစ်ကထက် ၈ ဒသမ ၈ သန်း တိုးလာကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပဋိပက္ခစတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ကာ လူဦးရေ ၁ ဒသမ ၇ သန်း သို့မဟုတ် လူဦးရေ ၇၅ ရာခိုင်နှုန်းအထိ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆူဒန်နိုင်ငံတွင်လည်း ၂၀၂၄ ခုနှစ် မေလအထိ နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူဦးရေသည် ၇ ဒသမ ၁ သန်းကျော်အထိရှိကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်သူ ၁ ဒသမ ၉ သန်းရှိကြောင်း အစီရင်ခံစာအရသိရသည်။ ဆူဒန်တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့တစ်ခုအကြား ပဋိပက္ခသည် ၂၀၂၃ ခုနှစ် ဧပြီလတွင် စတင်ဖြစ်ပွားခဲ့သည်။

ကုလသမဂ္ဂအေဂျင်စီက အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှု စံချိန်တင်အဆင့်ရောက်ရှိနေသည့်အတွက် လွန်စွာစိုးရိမ်ကြောင်း ပြောကြားပြီး ဒုက္ခသည်များအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများ ပိုမိုလုပ် ဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။  ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူဦးရေသည် ကမ္ဘာ့ ၁၂ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံနှင့် ညီမျှလုနီးပါးဖြစ်နေကြောင်း အေဂျင်စီက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်