မြန်မာနိုင်ငံသည် သမိုင်းစဉ်တစ်လျှောက် မျက်မှောက်ကာလတိုင်အောင် စိုက်ပျိုးရေးအခြေပြုနိုင်ငံဖြစ်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ တောင်သူလယ်သမားများသာ ဖြစ်နေသေးသည့်အလျောက် ကျေးလက်စီးပွားရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုဘဝမြင့်မားရေးတို့သည် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေး ကို ပြသည့် ရေချိန်များပင်ဖြစ်နေသည်။ ကျေးလက်စီးပွားရေးကျဆင်းပြီး တောင်သူလယ်သမားတို့၏ လူမှုဘဝ နိမ့်ပါးနေသေးသည်ဟုဆိုလျှင် နိုင်ငံဖွံ့ ဖြိုးတိုးတက်နေသည်ဟု မဆိုနိုင်သည့်သဘောပင်ဖြစ်သည်။
တိုင်းပြည်၏ စီးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို အဓိက တာဝန်ယူထားကြသည့် တောင်သူလယ်သမားများကို ဂုဏ်ပြုသည့် အနေဖြင့် မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ် ထားခဲ့ရာ နှစ်ကာလအားဖြင့် ရာစုနှစ် ထက်ဝက်ကျော်ကာလသို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ့တောင်သူလယ်သမားများသည် မြေရှင် ပဒေသရာဇ်ခေတ်၊ နယ်ချဲ့ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ တပ်မတော်အစိုးရ ခေတ်နှင့် ပစ္စုပ္ပန်ကာလ ဒီမိုကရေစီအစိုးရခေတ် စသည့် ခေတ်အဆက်ဆက် တို့ကို ဖြတ်သန်းခဲ့ကြရာတွင် အုပ်ချုပ်သူအစိုးရအသီးသီးတို့၏ မူဝါဒ အမျိုးမျိုး၊ အုပ်ချုပ်မှုပုံစံအမျိုးမျိုးတို့နှင့် တွေ့ ကြုံခဲ့ကြရသည်။ စားဝတ် နေမှုအတွက် လောက်ငရုံမျှသာ ရသည့်အခါရ၊ ထမင်းရည်ချောင်းစီး မောင်းတီးလှူနိုင်အောင် ရသည့်အခါရ၊ ရာသီဥတုဖောက်ပြန်မှု၊ ပိုးမွှား အ္တရာယ်တို့ကြောင့် လယ်ယာသီးနှံပျက်စီးကာ ကြွေးနွံတွင်းသို့ ကျသည့် အခါကျ စသည်ဖြင့် အတွေ့အကြုံများစွာတို့ကို တွေ့ ကြုံခဲ့ကြဖူးသူများ လည်းဖြစ်သည်။
၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “နိုင်ငံတော်သည် တောင်သူလယ်သမားများ၏- (က)အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရန် လိုအပ်သည့် ဥပဒေများပြဋ္ဌာန်းဆောင်ရွက်မည်၊ (ခ) စိုက်ပျိုး ထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့်တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်” ဟူ၍ ပြဋ္ဌာန်းထားသည်။ နိုင်ငံ့လူဦးရေ၏အများစု ဖြစ်သည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ မြင့်မား တိုးတက်လာရေးအတွက် လက်ရှိအစိုးရလက်ထက်တွင် ဦးစားပေး အကောင်အထည်ဖော်မှုများ ပြုလုပ်ရာ၌ စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ပေးကာ စိုက်ပျိုးရာသီအမီရရှိနိုင်ရေး အလေးထားဆောင်ရွက် ပေးခြင်း၊ ကျေးလက်လမ်းတံတားများ တည်ဆောက်ခြင်း၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို အကောင်အထည်ဖော် ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တောင်သူလယ်သမားများ၏ သိမ်းဆည်းခံလယ်ယာ ခြံမြေများကို ပြန်လည်လွှဲအပ်ရေး၊ လယ်ယာ ထွက်ကုန်သီးနှံများ သင့်တင့်မျှတသော ဈေးနှုန်းများရရှိရေးနှင့် ဈေးကွက် ခိုင်မာရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက် နစ်နာမှုများအတွက် အထောက်အပံ့ပေးရေးတို့ကိုလည်း ဆောင်ရွက်ပေး လျက်ရှိသည်။ ဆက်သွယ်ရေးနည်းပညာများ ဖွံ့ ဖြိုးလာမှုနှင့်အတူ နိုင်ငံအတွင်း မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် အင်တာနက်အသုံးပြုမှုများ မြင့်မား လာသည်နှင့်အမျှ လယ်ယာသတင်းအချက်အလက်များ၊ မိုးလေဝသ သတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ကြပြီဖြစ်သည်။
တောင်သူလယ်သမားများအနေဖြင့် မိမိတို့ရရှိထားသည့် အခြေအနေ ကောင်းများအပေါ် မူတည်ကာ မိမိတို့၏ဘဝမြင့်မားရေး၊ ဝင်ငွေတိုးတက် ကောင်းမွန်လာရေးတို့အတွက် သီးနှံဈေးကွက်ဆိုင်ရာ အချက်အလက် များကို မျက်ခြည်မပြတ် လေ့လာကာသီးနှံများကို ရွေးချယ်စိုက်ပျိုးခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိမည့် သီးနှံများကို ပြောင်းလဲ စိုက်ပျိုးခြင်း၊ အချိန်မှန်ဆိုသလို ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ် များကို မျှော်မှန်းကာ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်း၊ ခေတ်မီစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို လေ့လာဆည်းပူးကာ တိုးမြှင့် ကြိုးပမ်း စိုက်ပျိုးထုတ်လုပ်ခြင်း အားဖြင့် မိမိတို့၏ အကျိုးစီးပွား၊ နိုင်ငံ၏ အကျိုးစီးပွားတို့ကို ဆောင်ကြဉ်းနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း