ရည်မွန်ခန့်အောင်(ကြေးမုံ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအသီးသီးတွင် ၎င်း တို့၏ ရိုးရာယဉ်ကျေးမှုများ၊ အကများ၊ ပွဲတော်များ ရှိကြ သည်။ တိုင်းရင်းသားတစ်မျိုးဖြစ်သည့် ဓနုတိုင်းရင်းသား လူမျိုးတို့တွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာအကအလှ များ၊ ပွဲတော်များ များစွာရှိကြရာ ဓနုတိုင်းရင်းသားလူမျိုး တို့၏ ချစ်စရာဓလေ့တစ်ခုဖြစ်သည့် "တာတက်ပွဲတော်"အကြောင်းကို ဖော်ပြလိုက်ရပါသည်။
တာတက်ပွဲတော်
ဓနုတိုင်းရင်းသားတာတက်ပွဲဆိုသည်မှာ အများနှင့် ဆိုင်သောပွဲ၊ မြေလတ်ဒေသအနောက်ပိုင်းနှင့် အရှေ့ပိုင်း တို့တွင် နေထိုင်လျက်ရှိကြသော ဓနု၊ တောင်ရိုး၊ ပအိုဝ်း တိုင်းရင်းသားများ မိမိတို့ကျေးရွာဝန်းကျင်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ စုပေါင်းလှူဒါန်းပွဲပြုလုပ်ခြင်း ဖြစ်သည်။
ထိုတာတက်ပွဲသည် နှစ်စဉ်ကျင်းပသော ရိုးရာပွဲတော် တစ်ခုဖြစ်သည်။ တာတက်ပွဲတော်ကို တန်ခူးလ နှစ်ဟောင်းကုန်ရက် အတာသင်္ကြန်အတက်နေ့မှစ၍ ကဆုန်လပြည့်နေ့အထိ သတ်မှတ်ထားကာ ဘုရားစေတီ ပုထိုးများ(သို့မဟုတ်) ရွာဘုန်းတော်ကြီးကျောင်းအတွင်း၌ ဈေးဆိုင်များခင်း၍ တစ်ရွာနှင့်တစ်ရွာ လက်စားချို (လက်စားခို)၊ လက်စားဆပ်(အပြန်အလှန်)စနစ်ဖြင့် ရှေး အစဉ်အလာမပျက် ရွာစဉ်ဆက်၍ လှည့်လည်ပြုလုပ်ကြ ခြင်းဖြစ်သည်။
တာတက်ပွဲကျင်းပပုံမှာ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ဘုရားအား ရွှေသင်္ကန်းကပ်လှူခြင်း မှစ၍ လှူဖွယ်ဝတ္ထုအမျိုးမျိုး၊ မိမိတို့ခြံထွက်သီးနှံများကိုပါ ပဒေသာပင်ပြုလုပ်၍ လှူဒါန်းပူဇော်ပြီး ရေစက် သွန်းချအမျှဝေခြင်းတို့ဖြစ်သည်။ ပဒေသာပင်နှင့် လှူဖွယ်ဝတ္ထုတို့ကို ယောကျာ်းကြီး၊ မိန်းမကြီး၊ လုလင်ငယ်၊ လုံမငယ်နှင့် အပျို၊ လူပျိုတို့မကျန် တပျော်တပါး တာတက်ပွဲကျင်းပမည့်ကျောင်း(သို့မဟုတ်) ဘုရားပုထိုး စေတီတော်များသို့ ယူဆောင်လာကြပြီး ဘုရား (သို့မဟုတ်)ကျောင်းကို လက်ယာရစ်လှည့်၍ အိုးစည်ဆိုင်း (ဓနုအိုးစည်တစ်လုံး၊ ဝါးလက်ခုပ် သုံးလေးခု၊ လင်းကွင်း တစ်စုံ၊ မောင်းကြီးတစ်လုံး ပါဝင်သည်) အကအခုန်တို့ဖြင့် အိုးစည်ဆိုင်းတီးကာ အလှူလှည့်ကြသည်။ တစ်နည်း ပွဲတက်သည်ဟု ခေါ်သည်။ ဤရွာမှ အထက်ဖော်ပြပါ အတိုင်း တာတက်ပွဲကျင်းပလျှင် ၁၀ မိုင် ၁၂ မိုင်အတွင်း ရှိ အခြားဓနုတောင်ရိုးကျေးရွာများကလည်း ထိုတာတက်ပွဲ သို့ လှူဖွယ်ဝတ္ထုများကို အိုးစည်ဆိုင်း၊ အတီး၊ အမှုတ်၊ အကအခုန်များနှင့်ပင် ယူဆောင်လာပြီး လာရောက် လှူဒါန်းကြသည်။ [လက်စားချို(သို့)လက်စားခိုသည်ဟု ခေါ်သည်။] ထိုရွာများမှ ဤကဲ့သို့ လာရောက်လက်စားခို ထားပါလျှင် ထိုရွာတို့၌ အလားတူတာတက်ပွဲ ပြုလုပ်သည့် အခါတွင်လည်း ဤရွာမှ အလားတူ အတီး၊ အမှုတ်၊ အက အခုန်တို့ဖြင့် တပျော်တပါးသွားရောက် လက်စားဆပ် (အကြွေးဆပ်)ရပြန်သည်။
ထိုကဲ့သို့ တာတက်ပွဲများမှာ လူကြီးသူမများအတွက် ဘာသာရေးအရ အလှူဒါနပြုလုပ်ကြသည်မှာ မှန်သော်လည်း လူပျို၊ အပျိုအဖို့မှာကား မိန်းမပိုးရန်၊ လူပျိုလှည့်ရန် အခွင့်အရေး အကောင်းဆုံးအချိန်အခါပင်ဖြစ်သဖြင့် ဘုရားဖူးသူကဖူးကြသည်နှင့်အမျှ လိပ်ဥတူးလိုသူကလည်း တူးကြသည့် ပွဲကြီးပွဲကောင်းပင်ဖြစ်သည်။
ထိုဒေသရှိ အပျိုစင်များ အလှပြိုင်ကြသည့် ပွဲဖြစ် သည်သာမက အပျို၊ လူပျိုများ စုစည်းပေးရာပွဲလည်းဖြစ် သဖြင့် ကာလသား အမျိုးသား အမျိုးသမီးများသည် ထိုတာတက်ပွဲသို့ မသွားရမနေနိုင်၊ သူ့ထက်ငါအပြိုင်အဆိုင် သွားရောက် စုစည်းကြသော "ဖူးစာဆုံ"ပွဲဟုပင် ဆိုကြ သည်။ ဤသို့ လက်စားချို၊ လက်စားဆပ်စနစ်ဖြင့် အနီးအနားမှ ဖိတ်ကြားထားသောရွာများ စုံညီစွာ ရောက်ရှိလာသည့်အချိန်တွင် ပွဲကျင်းပရာ ဘုန်းကြီးကျောင်း(သို့မဟုတ်)ဘုရားကို ဗဟိုပြု၍ လက်ယာရစ် တစ်ပတ်ပတ်လျက် အတီး၊ အမှုတ်၊ အကအခုန်တို့ဖြင့် သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့ဝိုင်း ကိုယ့်ဝိုင်း၊ သူ့အုပ်စု ကိုယ့်အုပ်စု အပြိုင်အဆိုင် တီးမှုတ်ကခုန်ကြပြီးနောက် ကျောင်းပေါ်သို့ တက်၍ ဘုရားအမှူးပြုသော အခြားရွာအဖွဲ့များကို ကန်တော့ကြသည်။ ပြီးနောက် ရောက်လာကြသော အခြားရွာအဖွဲ့များကို ဘုန်းတော်ကြီး(သို့မဟုတ်)
ရွာခံလူကြီးတို့က သင့်တင့်သောနေရာ၌ အခါးရည် (လက်ဖက်ရည်ကြမ်း) စသည်တို့ဖြင့် ဧည့်ခံကြသည်။ ထို့နောက် စုပေါင်းရောက်ရှိနေကြသော ရွာအဖွဲ့ဝင်များအားလုံး ပွဲဝင် ကြရလေသည်။ ပွဲဝင်ဆိုသည်မှာ ရောက်လာကြသော ရွာအားလုံးစုပေါင်း၍ ဘုရားစေတီ ပုထိုးကို ဒုတိယအကြိမ် လက်ယာရစ် သုံးပတ်ပတ်ကြခြင်းဖြစ်သည်။ ထိုသို့ လှည့်ပတ်စဉ် ရှေ့ဆုံးမှဓနုအမျိုးသားကြီးက ဘုရားလှူရန် ထီးဖြူ၊ တန်ဆောင်းပြာသာဒ်ထမ်း၍ ဓနု အမျိုးသမီး အပျိုအအိုတို့က သင်္ကန်း၊ ဝတ္ထုငွေ၊ အုန်း၊ ဆန်၊ ဖယောင်းတိုင် စသည် ကိုင်ဆောင်၍ နောက်မှလိုက်ပါရသည်။ ၎င်းတို့ နောက်ကမှ ဓနုလူပျိုလူရွယ်တို့၏ ဓနုအိုးစည်ဝိုင်း၊ အကအဖွဲ့များက တီးမှုတ်ကခုန်ရင်း လိုက်ပါသွားကြရသည်။ ဘုရားစေတီ ပုထိုးကို လက်ယာရစ် သုံးပတ်ပတ်ပြီးနောက် ကျောင်းပေါ်သို့တက်၍ ဘုန်းတော်ကြီးအား လှူဖွယ်များဖြင့် ပူဇော်ကန်တော့ကြပြီး အတူတကွ တရားနာလေသည်။ တရားနာပြီးလျှင် ပွဲဝင်သည့်ကိစ္စလည်း ပြီးသွားလေသည်။
ထို့နောက် ပွဲတက်ပွဲ ဆက်လက်ကျင်းပလေသည်။ ပွဲတက်ပွဲဆိုသည်မှာ ပွဲသိမ်း သည့် သဘောဖြစ်သည်။ ဤပွဲတက်ပွဲ ကျင်းပချိန်တွင် ဓနုလူပျိုအမျိုးသား၊ ရွာပေါင်းစုံ မှ ဓနုအိုးစည်ဝိုင်းအဖွဲ့သားများသည် သံချပ်၊ စာချိုး အမျိုးမျိုး၊ ဓနုကျေးလက်တေးသံများ အမျိုးမျိုး ရွတ်ဆိုကြ၍ ကျောင်းဝင်းအတွင်း ဘုရားစေတီပုထိုးကို နောက်ဆုံးအကြိမ် တစ်ပတ်လှည့်၍ လက်ကိုမြှောက်၊ ခြေကိုကြွကာ ရိုးရာသိုင်းကွက်များ၊ အကများဖြင့် ရှေ့တိုးနောက်ဆုတ် ကခုန်ပျော်ကြပြန်သည်။ ဤသို့ ကခုန်ကြပြီးသောအခါ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းလှသော ပွဲတော်ကြီးလည်း ပြီးဆုံးလေသည်။ ။