မာန်သစ်ငြိမ်း( ရှေးဟောင်းသုတေသန)

 

မြန်မာနိုင်ငံရှိ ကျောက်ခေတ်သစ်ယဉ်ကျေးမှုသည် ဘီစီ ၈၀ဝဝ မှ ၂၀ဝဝ ကာလတွင် ထွန်းကားခဲ့ပေသည်။ ကျောက်ခေတ်သစ်ကာလ၏ ထင်ရှားသော လက္ခဏာများမှာ ၁။ အိုးပြုလုပ်တတ်ခြင်း၊ ၂။ သွေးပြီးအချောကိုင်ထားသော လက်နက်များကို အသုံးပြုနိုင်ခြင်း၊ ၃။ စပါးနှင့်အပင်များကို စိုက်ပျိုးခြင်း၊ ၄။ တိရ္ဆာန်မွေးမြူခြင်း၊ ၅။ ကျေးရွာအတည်တကျဖွဲ့စည်းပြီး အခြေချနေထိုင် ခြင်းဖြစ်သည်။ ရှေးဟောင်းသုတေသန၏ ကွင်းဆင်းလေ့လာခြင်းနှင့် တူးဖော်ခြင်းအရ မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ်အခြေချနေထိုင်မှုများကို မြစ်ကမ်းဘေး၊ ကန်၊ ချောင်းနေရာများတွင် တွေ့ရများပေသည်။ ကျောက်ခေတ်သစ်နေရာများကို နိုင်ငံအနှံ့တွေ့ရသော်လည်း အများစုကို မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တွေ့ရသည်။

 

ကျောက်ခေတ်သစ်လက်နက်များမှာ ပဲ့သည့်လက်နက်များ၊ အနားသွေး ထားသောလက်နက်များနှင့် ပြီးပြည့်စုံစွာ သွေးထားသော လက်နက်များကို လည်း တွေ့ရပေသည်။ ပဲ့နေသည့် လက်နက်များသည် နှောင်းပိုင်းအညာသား အချိန်တွင် ထုတ်လုပ်သော လက်နက်ဖြစ်၍ ပုံစံကြမ်းပြီး လွှာချပ်များနှင့် ဓားသွားနည်းစနစ်များကိုသုံး၍ ပြုလုပ်ထားသည်။ အဓိကတွေ့ရသောနေရာမှာ ပုပ္ပားဒေသဖြစ်ပြီး ဆီလီကာပါသော ကျောက်များကိုအသုံးပြု၍ ပြုလုပ်ထား သည်။ အသွားသွေးထားသော လက်နက်များပြုလုပ်ရာတွင် ပထမပဲ့သည့် နည်းကိုအသုံးပြုပြီး ဖြတ်၍ကောင်းစေရန် အစွန်းကိုသွေးထားခြင်းကို ပြုလုပ်ရ သည်။ ပြည့်စုံစွာသွေးထားသော လက်နက်များပြုလုပ်ရာတွင် သဲမှုန်ကျောက်ကို သုံးသည်။

 

ကျောက်ခေတ်သစ်လက်နက်များမှာ မျက်နှာပြင်ဖော်ထားသော လက်နက်၊ အမင်းပါသောဆောက်သွား၊ မျက်နှာပြင်စောင်းနေသောပုဆိန်၊ ဆောက်သွား၊ သပ်၊ ဘဲဥပုံ၊ ပဲခွပ်၊ ကျောက်ကွင်း၊ ကျောက်တူနှင့် ငါးဖမ်းနေရာတွင်သုံးသော ကျောက်တုံးတို့ ဖြစ်ကြသည်။ ကျောက်လက်နက်အများစုမှာ အရွယ်ငယ်သည်။ ကျောက်လက်နက်များ၏ မျက်နှာပြင်ကို သွေးထားသည်။ ၎င်းတို့ကို သစ်ခုတ် သမားများအသုံးပြုခဲ့သည်ဟု ခန့်မှန်းရပေသည်။ ကျောက်ခေတ်သစ်လက်နက် များနှင့်အတူ အိုးထိန်းစက်နှင့်ပြုလုပ်ထားသော မြေထည်ပစ္စည်းအထောက် အထားများကို ၁၉၆၃ ခုနှစ်တွင် မြိတ်ခရိုင် တနင်္သာရီတိုင်းဒေသကြီး အရှေ့ ဘက် ၃၆ မိုင်ခန့်ဝေးသော ကျိန်ချောင်းမိုင်းတွင်း မြေလွှာအနက် လေးပေခန့် တွင် တွေ့ရှိခဲ့ရသည်။

 

ကျောက်ခေတ်သစ်နေရာဒေသများမှာ မြန်မာတစ်နိုင်ငံလုံးတွင် အများ အပြားရှိသော်လည်း ဒါဇင်ဝက်မျှကိုသာ ရှေးဟောင်းသုတေသနဌာနမှ တူးဖော် သုတေသနပြုနိုင်ခဲ့ပေသည်။ ၎င်းနေရာဒေသတို့မှာ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ထောက်မကုန်း၊ မန္တလေးလေးတိုင်းဒေသကြီးတွင် အမရပူရ မြို့နယ် တောင်သမန်၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရံ၊ အမရပူရမြို့နယ် တောင်ကိုင်း၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီးတို့ ဖြစ်ကြပေသည်။

 

၎င်းနေရာများအနက် ရွှေစာရံနေရာသည် ကျောက်လက်နက်ထုတ်လုပ် သော နေရာတစ်ခုဖြစ်သည်။ ယင်းနေရာမှ ကျောက်လက်နက်ပုံစံအမျိုးမျိုးကို မြောက်မြားစွာ စုဆောင်းရရှိခဲ့ပေသည်။ ထောက်မကုန်းနှင့် တောင်ကိုင်းနေရာ တို့သည် ခေတ္တမျှသာနေထိုင်သွားသော နေရာများဖြစ်ကြသည်။ တောင်သမန် မှာ ကာလရှည်အခြေချနေထိုင်သွားသောနေရာ ဖြစ်ပေသည်။ ထိုနေရာမှတွေ့ရ သော ကျောက်ခေတ်သစ်လက်နက်များမှာ သွေးထားသော ပုဆိန်နှင့် ပဲခွပ်၊ ကျောက်ကွင်း၊ ကျောက်စူးသွား၊ ကျောက်တူ၊ ကျည်ပွေ့(သို့မဟုတ်)ကြိတ်တုံး၊ ကျောက်ပြားတို့ကို တွေ့ရသည်။

 

တောင်သမန်တူးဖော်မှုမှ စပါးစိုက်ပျိုးမှုအထောက်အထား၊ အိုးအမျိုးမျိုး ထုတ်လုပ်မှု၊ ပုတီးများကို အဆင်တန်ဆာအဖြစ် အသုံးပြုမှုတို့ကိုသိရသည်။ ထိုတူးဖော်မှုမှ သတ္တုလက်နက်ပစ္စည်းများကိုလည်း တွေ့ရသည်။ ၎င်းအထောက် အထားများအရ တောင်သမန်ဒေသသည် ရှေးကျနေသော နည်းလမ်းဖြစ်သော ရွှေ့ပြောင်းစိုက်ပျိုးသောနည်းစနစ်ကို အသုံးပြုပြီး အစောပိုင်းမြို့ပြ ယဉ်ကျေးမှုနှင့် ဆက်နွှယ်မှုရှိနေသည်ကို တွေ့ရသည်။ ဝက်အရိုးများကိုလည်း တွေ့ရသောကြောင့် မွေးမြူရေးရှိနေပြီဟု ဆိုနိုင်ပေသည်။ တွေ့ရှိရသော အိုး ပုံစံအမျိုးမျိုးအရ အိုးလုပ်ငန်းကျွမ်းကျင်နေပြီဖြစ်ကြောင်း သိရှိနိုင်ပေသည်။

 

အိုးများကိုသာ မိုလူမီနီဆန့်နည်းဖြင့် တိုင်းတာကြည့်ရာတွင် နှစ်သက်တမ်း အားဖြင့် တောင်သမန်ဒေသသည် လွန်ခဲ့သောနှစ် ဘီပီ၂၄၀ဝ ခန့်ကပေါ်ထွန်းခဲ့ သည်ဟု သိရှိရပြီး ထောက်မကုန်းဒေသသည် လွန်ခဲ့သောနှစ် ဘီပီ ၂၄၀ဝ ခန့် ဖြစ်၍ ရွှေစာရံဒေသသည် လွန်ခဲ့သောနှစ် ဘီပီ ၂၈၀ဝ ခန့်က ပေါ်ထွန်းခဲ့ သည်ဟု သိရှိရသည်။ လက်ပံခြေပေါ်နေရာကို ၁၉၇၀ ပြည့်နှစ်တွင် တူးဖော် ခဲ့သည်။ ယင်းနေရာသည် ဧရာဝတီမြစ်ကမ်းတွင်ရှိပြီး ပခုက္ကူမြို့၏ တစ်ဖက် ကမ်းတွင် ရှိပေသည်။ ရှေးဟောင်းသုတေသနဌာနမှ တူးဖော်မှုများအရ ကျောက်လက်နက်ပေါင်း ၁၄၀ ခန့်ရရှိပြီး ၎င်းတို့ကို အမျိုးအစားခွဲခြားကြည့်ရာ ပဲခွပ်၊ အမင်းပါပဲခွပ်၊ ပုဆိန်၊ ကျောက်တူ၊ ကျောက်ကွင်း၊ ဆောက်၊ ကျောက် လက်ကောက်၊ သပ်၊ ကျောက်ကျည်ပွေ့နှင့်ကျောက်ခွက်၊ ကျောက်တုံးဖဲ့စများကို တွေ့ရှိခဲ့ရပေသည်။ အိုးလုပ်ငန်းအထောက်အထားများကိုလည်း တွေ့ရပြီး အိုး ထိန်းစက်ဖြင့် ပြုလုပ်ထားသော အနီရောင်မြေထည်နှင့် အနက်ရောင်မြေထည် ဖြင့် ပြုလုပ်ထားသော အိုးများကိုလည်းတွေ့ရသည်။ အိုးပုံစံမှာ ကျောက်ခေတ် သစ်နေရာများတွင် တွေ့ရသော အိုးပုံစံနှင့်တူညီသည်။

 

ကြေးရိုးကုန်းနေရာသည် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်းအနီး ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဆုံနားတွင် တည်ရှိပါ သည်။ ၎င်းနေရာတွင် အရိုးစုအထောက်အထားများကို တွေ့ရှိရသောကြောင့် ကျောက်ခေတ်သစ်မြှုပ်နှံမှုနှင့်ဆိုင်သော နေရာဖြစ်ပြီး ၎င်းတို့နှင့်အတူ အိုး အချို့ကိုပါတွေ့ရသည်။ ပမာဏမှာ ကြေးခေတ်ထက် အရိုးစုအရေအတွက် နည်းပါးသည်ကို တွေ့ရသည်။ သွေးပြီးအရောင်တင်ထားသော ကျောက် လက်နက်များနှင့်အတူ အရိုးလက်နက်(ငါးမြှားချိတ်၊ မှိန်း)နှင့် ကန့်ကူဆံပုတီး တို့ကိုလည်း တွေ့ရသည်။ မြှုပ်နှံသောနေရာ၏ အနောက်ဘက် ကျောက်စရစ် ဆင်ခြေလျှောတွင် လေးထောင့်ကျောက်တုံး အုတ်မြစ်ရာကို တွေ့ရသည်။ ၎င်းတို့မှာ တဲအရာများ(သို့မဟုတ်) အဆောက်အအုံတစ်ခု၏အရာများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

 

ထိုကဲ့သို့ တူးဖော်မှုပြုခဲ့သောနေရာများရှိသည့်အပြင် စာရေးသူတို့အဖွဲ့ ကိုယ်တိုင်ကွင်းဆင်း လေ့လာမှုပြုခဲ့သော နေရာဒေသများလည်း ရှိပေသည်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်အုပ်စု ရွှေချိုင့်ကျေးရွာမှ ဘုလုကုန်းနေရာသည် ကျောက်လက်နက်အဖြစ် ပဲခွပ်နှင့်ကျောက်သွေးတို့ကို တွေ့ရှိရသည်။ အိုး လက်ခတ်နှင့်အတူ အိုးခြမ်းကွဲများ၊ မိုသွန်းလောင်းခွက်၊ ရှပ်ဒိုးပြား၊ ကြိတ်တုံး၊ ကျောက်ကွင်းအကျိုးတို့ကို တွေ့ရှိရသည်။ စဉ့်ကိုင်မြို့နယ် ဧည့်ပြကျေးရွာ ရှင်ပင်ဆိပ်ဦးဘုရားကုန်းမှလည်း ပုဆိန်၊ ပဲခွပ်၊ အခြယ်အလှယ်ပါသော အိုးခြမ်းကွဲ နှင့် ကြိတ်တုံးတို့ကို တွေ့ရှိခဲ့ရသည်။ မ္တလေးတိုင်းဒေသကြီး စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား အနောက်ဘက်ဆင်ဖြူကန်ကွင်းမှ ပုဆိန်၊ ပဲခွပ်၊ အိုးခြမ်း ကွဲများ၊ ဦးချိုတစ်ခုတို့ကို တွေ့ရှိခဲ့ရပေသည်။ အရာတော်မြို့နယ် ဆိပ္ဖူးကြီး၊ စပါးတွင်း၊ သလဲ့ဘာကျေးရွာတို့တွင်လည်းကောင်း၊ ချောင်းဦးမြို့နယ် ငါးယှန် ကျေးရွာအုပ်စု လိင်ကန်တောပတ်ဝန်းကျင်တို့တွင်လည်းကောင်း၊ နွယ်ခွေရွာ ဒင်္ဂါးကုန်းကွင်းအမှတ်(၂၀၆၃)နေရာတို့တွင်လည်းကောင်း ကွင်းဆင်းရှာဖွေမှု များပြုလုပ်ခဲ့ရာ ပုဆိန်၊ ပဲခွပ်၊ အိုးခြမ်းကွဲများ၊ ကြိတ်တုံး၊ ကျောက်ကွင်းစသည့် ကျောက်လက်နက်အကောင်းအကျိုးတို့ကိုလည်း လေ့လာတွေ့ရှိခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အိုင်တောင်(သူဌေးကုန်း)ကွင်းအမှတ် (၇၉၃)မှလည်း ပုဆိန်၊ ပဲခွပ်အကျိုးပဲ့စတို့ကိုလည်းကောင်း၊ အိုးခြမ်းကွဲစများ နှင့်ကြိတ်တုံးတို့ကိုလည်းကောင်း လေ့လာတွေ့ရှိခဲ့ရပေသည်။ ဆားလင်းကြီး မြို့နယ် မိုးကြိုးပြင်ကျေးရွာ ရွာဆိုးကုန်းမှလည်း ကျောက်ခေတ်သစ်လက်နက် အပိုင်းအစများအပြင် ကျောက်ခေတ်လယ်သုံး ကျောက်လက်နက်များကို လည်းကောင်း၊ အိုးခြမ်းကွဲများ၊ ကျောက်ကွင်းအကျိုးအပဲ့များကိုလည်း တွေ့ရှိခဲ့ရပါသည်။

 

ဤကဲ့သို့ မြန်မာနိုင်ငံရှိ ကျောက်ခေတ်သစ်လက်နက်များကို မြန်မာနိုင်ငံ အလယ်ပိုင်းတွင်သာမက မြန်မာနိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်းစသည့် ဒေသများတွင်လည်း ရှာဖွေတွေ့ရှိခဲ့သည်ကိုလည်း ပညာရှင်ကြီးများ၏ အစီရင်ခံစာများမှတစ်ဆင့် သိရှိလေ့လာနိုင်ခဲ့ပေသည်။ မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ်လက်နက်များထက်စောသော ကျောက် ခေတ်ဦးလက်နက်များကိုလည်း မြန်မာနိုင်ငံရှိ စလေ၊ မင်းဘူး၊ ချောက်၊ ရေနံချောင်း၊ သရက်၊ ပုဂံပတ်ဝန်းကျင်၊ ပေါက်စသည့် ဒေသများမှ ၁၉၇၀ ခုနှစ်လောက်မှ စတင်၍ ဒေါက်တာမိုးဗီးယပ်စ်တို့မှ စတင်တွေ့ရှိခဲ့ပြီးဖြစ်သည်။ ကျောက်ခေတ် လယ်လက်နက်များကိုမူ မတွေ့ရှိခဲ့ဟုဆိုသော်လည်း ၁၉၉၈ ခုနှစ်ပိုင်းတွင် မြန်မာ-ဂျပန် ကျောက်ဖြစ်ရုပြွ်ကင်းရှာဖွေလေ့လာရေးအဖွဲ့မှ ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးက ရေစကြိုမြို့နယ် ရှင်မတောင်ပတ်ဝန်းကျင်ဒေသ တစ်ဝိုက်မှ ကျောက်ခေတ်လယ်လက်နက်ဖြစ်သည့် ကျောက်သေးလက်နက် များကို ရှာဖွေလေ့လာတွေ့ရှိခဲ့ပြီးဖြစ်သည်။ ကျောက်ခေတ်သစ်လက်နက်များ ရှိသည့် နေရာဒေသများတွင်လည်း ကျောက်သေးလက်နက်များကို ရှာဖွေတွေ့ရှိ နိုင်ပေသည်။ ယခင်ကမူ အလေးမထားမိ၍သာ ကျောက်ခေတ်လယ်လက်နက် များကို သတိမထားမိကြခြင်းသာ ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ကျောက် ခေတ်သစ်လက်နက်များကိုမူ နေရာဒေသအတော်များများတွင် တွေ့ရှိနိုင် သေးသည်။ အချို့စေတီပုထိုးများတွင်ပင် ဌာပနာပစ္စည်းအဖြစ် ထည့်သွင်းထား ကြောင်း ပြိုကျပျက်စီးမှုမှတစ်ဆင့် လေ့လာတွေ့ရှိနိုင်ပေသည်။ ထို့ကြောင့် မိမိတို့ဒေသတွင်တွေ့ရှိရသော ကျောက်ခေတ်သစ်လက်နက်များသည် မြန်မာ နိုင်ငံ၏ ကျောက်ခေတ်ယဉ်ကျေးမှုသမိုင်းကြောင်းအတွက် အထောက်အကူပြု နိုင်သော အမျိုးသားယဉ်ကျေးမှု လက္ခဏာရပ်များဖြစ်သည့်အတွက် အလေး ထားထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း ရေးသားဖော်ပြလိုက်ရ ပါတော့သည်။ ။

 

ကိုးကား ။ (၁) ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း၊ ဗမ-(၅၁၀၃) သမိုင်းမတင်မီခေတ်ရှေးဟောင်း သုတေသနပညာသင်ခန်းစာ ဘာသာပြန်၊ (၂) ကိုယ်တိုင်ကွင်းဆင်းလေ့လာတွေ့ရှိချက်များ