ကယန်းတိုင်းရင်းသားတို့သည် အခြားသော တောင်ပေါ်တိုင်းရင်းသားများနည်းတူ ထမင်းစားသောက် ပြီးချိန်တွင် ဆေးရွက်ကြီးငုံ၍ ခံတွင်းချဉ်ဖြေဖျောက် ကြသည်။ ထိုအလေ့အထနှင့်ပတ်သက်၍ "ထမင်းနှင့် ငါးရံ့"ပုံပြင်ကလေးဖြစ်ပေါ်လာပြီး ဘိုးဘွား၊ မိဘတို့မှ တစ်ဆင့် လက်ဆင့်ကမ်းသယ်ဆောင်လာသော ကယန်း ရိုးရာပုံပြင်လေးတစ်ပုဒ်ဖြစ်သည်။
"ရှေးအခါက ဘိုးဘွားကယန်းလူမျိုးတွေဟာ ထမင်းစားပြီးရင် ဆေးရွက်ကြီးငုံလေ့ရှိတယ်တဲ့။ ထမင်းမစားဘဲ အသက်မရှင်နိုင်သလို ထမင်းစားပြီး ခံတွင်းချဉ်တာမျိုး၊ တစ်ခုခုလိုသလို စိတ်ခံစားရတော့ ဆေးရွက်ကြီးငုံလိုက်မှ ပြည့်စုံသလိုခံစားကျေနပ်ကြပြန်ရောတဲ့။ တစ်နေ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထမင်းနဲ့ ဆေးရွက်ကြီးက အငြင်းအခုံဖြစ်ကြပါလေရော။ ထမင်းက လူသည် ငါ့ကိုမစားဘဲ အသက်မရှင်နိုင်။ ဒါကြောင့် ငါဟာဆေးရွက်ကြီးထက် အသုံးဝင်အရာရောက် သလို ဂုဏ်လည်းပိုကြီးမားတယ်လို့ ပြောလိုက်တယ်။ ဒီအခါ ဆေးရွက်ကြီးကလည်း ဟေ့ မင်းစကားအကုန် မမှန်နိုင်။ လူသားတွေဟာ ထမင်းစားပြီးချိန် ဆေးရွက်ကြီးငုံလိုက်ရမှ ပြည့်စုံတယ်ထင်တာ။ ဒါကြောင့် ငါဟာ မင်းထက်ပိုပြီးအရေးပါဂုဏ်ရှိတယ်လို့ ပြောပါ လေရော။ ဒီလိုနဲ့ တစ်ယောက်တစ်ခွန်းငြင်းဆိုနေကြရာက လက်တွေ့အဆုံးအဖြတ်အဖြစ် သူတို့နှစ်ဦးဟာ ရွာလမ်းဆုံ လမ်းခွနေရာမှာ ယှဉ်ပြီးရပ်နေဖို့၊ လူသားက ပထမဆုံး ယူစားတဲ့အရာက ပိုအရေးပါပြီးတော့ အနိုင်ဖြစ်ကြောင်း သတ်မှတ်ရန် သဘောတူလိုက်ပြီး လမ်းဆုံမှာသွားရပ်နေ ကြတယ်။ ဒီအချိန်မှာပဲ ထမင်းစားပြီးလို့ ရွာအပြင်ကို ထွက်လာတဲ့ လူတစ်ယောက်ဟာ ဆေးရွက်ကြီးကို မြင်တော့ စားချင်စိတ်ပေါ်လာပြီး ကောက်ဝါးလိုက်တယ်။ ဆေးရွက်ကြီးကတော့ အနိုင်ရသွားပြီး သူဟာထမင်းထက် ပိုပြီးအရေးပါတာ လက်တွေ့ဖြစ်တဲ့အကြောင်း လျှောက် ပြောနေတော့ ထမင်းကရှက်သွားပြီး လူသူမရောက်နိုင်တဲ့ နေရာကိုထွက်ပြေးသွားတယ်။ ဒီလိုနဲ့ ထမင်း မရှိတော့တဲ့အခါ လူသားတို့က ဒုက္ခရောက်ပြီး ငတ်မွတ် သေကျေကြတယ်။ အဲဒီအဖြစ်အပျက်ကိုမြင်တော့ လောကလူသားအရှင်သခင်ဖြစ်တဲ့ ဗြဟ္မာမင်း(လူဒိုလနန်း) က ထမင်းရှိတဲ့နေရာကိုသွားပြီး လူသားတွေဒုက္ခရောက် ပြီး ငတ်မွတ်သေကျေနေကြလို့ လူသားတွေဆီကို ပြန်သွား ဖို့ ထမင်းကို ပြောတယ်။ ထမင်းကလည်း သူတစ်မျိုးတည်း မပြန်ရဲတဲ့အကြောင်းပြောတဲ့အခါမှာ ထမင်းရဲ့ဘေးမှာ ရှိနေတဲ့ နလောင်(ခေါ်)မြက်ပင်က ငါအဖော်လိုက်ပေးမယ် လို့ပြောပြီး လူသားတို့ဆီကို ပြန်သွားကြတယ်။ လမ်းခုလတ်တစ်နေရာရောက်တော့ ရေချောင်းနဲ့တွေ့ တဲ့အခါ မဖြတ်ကူးနိုင်ဘဲ ချောင်းဘေးတစ်နေရာမှာ ရပ်နေ ကြတယ်။ အဲဒါကို ငါးရံ့တစ်ကောင်ကမြင်ပြီးတော့ ထမင်းနဲ့မြက်ပင်ကို ဘာအကူအညီပေးရမလဲဆိုပြီး မေးလိုက်တော့ လူသားတို့ဆီကိုသွားမလို့ ချောင်းကို မကူးနိုင်ဘဲရပ်နေတာပါလို့ ပြောလိုက်တယ်။ အဲဒီအခါမှာ ငါးရံ့က တစ်ဖက်ကမ်းကိုလိုက်ပို့ပေးမယ်၊ နောက်ပြီး လူသားတွေဆီကိုရောက်ရင် ငါ့ကို ဟင်းအဖြစ်အသုံးပြု နိုင်တယ်ဆိုပြီး သုံးဦးသားက လူသားတို့ရှိတဲ့နေရာကို သွားရောက်ကြပြီး ဒီနေ့အထိ အကျိုးပြုအတူနေထိုင်ကြ တော့တယ်တဲ့"
ထို့ကြောင့် ကယန်းတိုင်းရင်းသားများသည် တောင်ယာစပါး၊ လယ်စပါးများရိတ်သိမ်းပြီးချိန် စပါးကျီ ထဲသို့ စပါးထည့်သည့်အခါတွင် ငါးရံ့ခြောက်ဦးခေါင်းဖြင့် ဦးဦးဖျားဖျားရောထည့်ပြီးမှ ကျန်စပါးများကို ထည့်ရသည်။ ကောက်ဦးစားသည့်အခါတွင်လည်း ငါးရံ့ခြောက်ဟင်း ချက်ပြီး စားရသည့်ဓလေ့မှာလည်း ယနေ့အထိ ရှိနေဆဲဖြစ်သည်။
ရှေးခေတ်ဘိုးဘွားတို့၏ အလေ့အထ၊ တောင်ယာ၊ လယ်ယာရိတ်သိမ်းခြင်း ဓလေ့ဖြစ်ပေါ်လာပုံနှင့် ရင်သွေး ငယ်များ ကောက်နှံစပါးတို့နှင့် ရင်းနှီး၍တန်ဖိုးထားတတ် စေရန် သွန်သင်သော ကယန်းရိုးရာပုံပြင်လေးတစ်ပုဒ် ဖြစ်ပါကြောင်း။
ခွန်းဆက်နေ