ကြေးမုံ
ပကတိအရှိတရားတို့ကို လတ်တလောတွင် အမှန်အတိုင်းမသိကြသော်လည်း အချိန်တန်လျှင် မှန်မှန်ကန်ကန် သိမြင်နားလည် သဘောပေါက်လေ့ရှိသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် အာဆာအကြမ်းဖက်သမား များ၏ ကြိုတင်အကွက်ချ တိုက်ခိုက်မှုများမှ ပေါ်ပေါက်လာသော နောက်ဆက်တွဲ အကျိုးဆက်များကို အကြောင်းပြု၍ မြန်မာနိုင်ငံအပေါ် ဖိအားအမျိုးမျိုးပေးပြီး မမှန်မကန် စွပ်စွဲပြစ်တင်ပြောကြားမှုများမှာ နိုင်ငံတော်အစိုးရက မှန်မှန်ကန်ကန် အလုပ်နှင့်သက်သေပြ ဆောင်ရွက်နေမှုများကြောင့် ကမ္ဘာ့ပြည်သူ အများစုအနေဖြင့် ဖြစ်စဉ်အမှန်များကို ရှင်းရှင်းလင်းလင်း သဘောပေါက်လာကြပြီဖြစ်သည်
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် အသိုက်အဝန်းများအတွက် လူသားချင်းစာနာစိတ်ဖြင့် စာနာထောက်ထား ရိုင်းပင်းကူညီခဲ့ပြီး ဥပဒေနှင့်မညီညွတ်သည့် မည်သည့်အကြမ်းဖက်မှု၊ မည်သည့်မမှန်မကန် လုပ်ရပ်မျိုးကိုမဆို ကန့်ကွက်ရှုတ်ချ ကြရမည်ဖြစ်သည်။ ယခုအခါ ပြောဆိုစွပ်စွဲမှုအချို့ ရှိနေသေးသော်လည်း ရခိုင်ပြည်နယ်အခြေအနေသည် ယခင်နှင့်မတူ တည်ငြိမ်အေးချမ်းစ ပြုနေသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကြောက်ရွံ့မှုကြောင့် နေရပ်စွန့်ခွာသွား သူများအား ပြန်လည်လက်ခံရေး၊ နိုင်ငံသားဖြစ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်ပြုရေး၊ IDP စခန်းများပိတ်သိမ်းရေး၊ ပညာရေး၊ ကျန်းမာရေးတို့အား ဦးစားပေးကဏ္ဍ ငါးရပ်အဖြစ် ရွေးချယ်၍ လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင် (ကိုဖီအာနန်ကော်မရှင်) ၏ အကြံပြုချက် အများစုကို အကောင်အထည်ဖော်လျက် ရှိသည်။ ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုများကို ရှာဖွေဆောင်ရွက်လျက်ရှိသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်လာရောက်မည့် စိစစ်အတည်ပြုပြီးသူများကို လက်ခံရန် အဆင်သင့်ဖြစ်နေပြီး ပြန်လည်ဝင်ရောက်မည့် သူများအတွက် သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရေးကို မြန်မာအစိုးရက ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ပေးနေချိန်တွင် မကြာသေးမီက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အေအေ သောင်းကျန်းသူများ၏ အလစ်အငိုက် တိုက်ခိုက်မှုများကြောင့် အခြေအနေ ပိုမိုရှုပ်ထွေးစေခဲ့သည်ကို အားလုံးအသိပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်း စာနာထောက်ထားကူညီရေးတို့ကို မျက်ခြည်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး အခက်အခဲ အကျပ်အတည်းများကြားမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာရေးကိုရှေးရှု၍ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲပြုလုပ်ပြီး စီးပွားရေး အခွင့်အလမ်းကောင်းများကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။ အသိုက်အဝန်းများအကြား ပဋိပက္ခများ အဆုံးသတ်ရေးအတွက် အကောင်းဆုံးသော နည်းလမ်းမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးခြင်းသာဖြစ်သည်။
ထိုသို့သော ကောင်းမွန်သည့်အခြေအနေများအား ဆောင်ရွက်ပေးနေသည်ကို ကမ္ဘာ့ပြည်သူ အများစုက သိရှိနားလည်လက်ခံပြီး အပြုသဘောဆောင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော်လည်း မြန်မာနိုင်ငံအပေါ် မျှတမှုကင်းမဲ့စွာဖြင့် ပစ်မှတ်ထားပြီး လူ့အခွင့်အရေးကို အကြောင်းပြုကာ လိုအပ်သည်ထက်ပို၍ ကုလသမဂ္ဂ၏ ယန္တရားများဖြင့် ဆက်လက်ခြိမ်းခြောက်နေခြင်းမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လွန်စွာ ထိပါးစွက်ဖက်သည့်သဘော သက်ရောက်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး မည်သည့်ကိစ္စ အချက်အလက်မျိုးကိုမဆို မိမိနိုင်ငံ၏ အရေးကိစ္စဖြစ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဖြေရှင်းလိုသည့်စိတ်ဆန္ဒသာမက ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်း ရှိသည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအား နိုင်ငံတကာတရား စီရင်ရေးစနစ်သို့ ရောက်ရှိစေမည့် မည်သည့်ကြိုးပမ်းအားထုတ်မှုကိုမဆို အခိုင်အမာပယ်ချမည်ဖြစ်ပါကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမဆို မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပြည့်စုံ၍ ဓမ္မဓိဋ္ဌာန်ကျသည့်အချက်များ အပေါ်သာ သေချာစွာ ဆန်းစစ်လေ့လာရန် လိုအပ်ပါကြောင်း။
ကြေးမုံ